ကွတ်ခိုင်မြို့နယ် ကုန်းဆာတောင်ကြော၌ TNLA နှင့် တပ်မတော် တိုက်ပွဲဖြစ်

ကွတ်ခိုင်မြို့နယ် ကုန်းဆာတောင်ကြော၌ TNLA နှင့် တပ်မတော် တိုက်ပွဲဖြစ်

ရန်ကုန် ၊ စက်တင်ဘာ ၂၄ ။           ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ကုန်းဆာကျေးရွာအနီးရှိ တောင်ကြောပေါ်၌ တပ်မတော်နှင့် TNLA အဖွဲ့တို့ အကြား တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု TNLA ပြောရေးဆိုခွင့် ဗိုလ်မှူးမိုင်းအိုက်ကျော်က မဇ္စျိမသို့ နေ့လယ်၁၁ နာရီ ခွဲခန့်တွင် အတည်ပြုပြောဆိုသည်။

“မနက် ငါးနာရီခွဲလောက်ကတည်းက ကုန်းဆာတောင်ကြောမှာ ရှိနေတဲ့ ကျွန်တော်တို့တပ်ရင်းကို တပ်မတော်ခြေလျင် တပ်ရင်းအချို့က လာတိုက်တယ်။ အခုထိ တိုက်ပွဲတွေ ဖြစ်နေဆဲပါ။ ကွတ်ခိုင်ဘက်ကလည်း ၁၀၅ မမ အမြောက်တွေနဲ့ ပစ်ကူပေးပြီး တိုက်နေကြတယ်” ဟု ဗိုလ်မှူးမိုင်းအိုက်ကျော်က ဆိုသည်။

TNLA တပ်မဟာ ၅ နှင့် တပ်ရင်း ၂၂၃ တပ်စွဲထားသည့် ကုန်းဆာတောင်ကြောနေရာကို တပ်မတော်ဘက်မှ ခြေလျင် တပ်ရင်း ၄၅၊ ၂၄၂၊ ၆၉ တို့ ပူးပေါင်းပြီး စက်တင်ဘာ ၂၄ ရက်နေ့ နံနက် ငါးနာရီခွဲခန့်မှ လက်ရှိသတင်းရေးသားချိန် ၁၁ နာရီခွဲအထိ တိုက်ခိုက်နေဆဲ ဖြစ်သည်ဟု ဗိုလ်မှူးမိုင်းအိုက်ကျော်၏ ပြောဆိုချက်အရ သိရသည်။

တိုက်ပွဲဖြစ်ပွားခြင်းနှင့် ပတ်သက်ပြီး တပ်မတော်ပြောရေးဆိုခွင့်ရှိသူများအား မဇ္စျိမက ဖုန်းဖြင့်ဆက်သွယ်မေးမြန်း သော်လည်း လက်ခံဖြေဆိုခြင်း မရှိပေ။

တိုက်ပွဲဖြစ်ပွားရာနေရာများနှင့် နီးကပ်သည့် ကုန်းဆာ ၊ မန်နောင် ၊ နမ့်ဟူးဒဲ စသည့် ကျေးရွာများမှ ဒေသခံများသည် ရွာအတွင်း၌ ပုန်းအောင်းနေဆဲဖြစ်သည်ဟု ဒေသခံသတင်းမီဒီယာဖြစ်သည့် ရွှေဖီမြေ သတင်းအေဂျင်စီက ရေးသားထားသည်။

“ကျွန်တော်တို့လည်း သတင်းတွေနားထောင်နေတယ်။ ဖြစ်စဉ် ဆိုးဆိုးရွားရွားဖြစ်ရင် ဒေသခံတွေလိုအပ်ရင် ကူညီဖို့ ပြင်ဆင်ထားပါတယ်” ဟု ကွတ်ခိုင်မြို့ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဖြစ်သူ ဦးတင်ဝင်းက မဇ္စျိမသို့ပြောဆိုသည်။

TNLA ပါဝင်သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဘက်မှ ၂၀၁၉ နှစ်ကုန်ပိုင်းအထိ တစ်ဖက်သတ်အပစ်ရပ်ကြောင်း စက်တင် ဘာ ၂၀ ရက်နေ့က ကြေညာချက်တစ်ရပ်ထုတ်ပြန်ထားသော်လည်း စစ်ရေးလှုပ်ရှားမှုများကို တပ်မတော်ဘက်မှ ပြုလုပ် လာပါက ၎င်းတို့အနေဖြင့် ခုခံကာကွယ်သွားမည်ဟုလည်း ကြေညာချက်တွင် ပါရှိသည်။

တပ်မတော်ဘက်မှ စစ်တိုင်း ၅ တိုင်းတွင် စက်တင်ဘာ ၂၁ ရက်နေ့အထိ အပစ်ရပ်ကြောင်း ကြေညာချက်ကို ထုတ်ပြန်ခဲ့ပြီး ယင်းအပစ်ရပ်သည့် သက်တမ်းကို ထပ်မံတိုးမြှင့်ထားခြင်း မရှိသေးပေ။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly