ကျောက်မိုင်းခွဲရာတွင် ကျောက်စများ လူနေအိမ်များပေါ် ကျသဖြင့် ကျောက်မိုင်းခွဲစနစ် ပြောင်းမည်

ကျောက်မိုင်းခွဲရာတွင် ကျောက်စများ လူနေအိမ်များပေါ် ကျသဖြင့် ကျောက်မိုင်းခွဲစနစ် ပြောင်းမည်

ပေါင်၊ စက်တင်ဘာ၂၄ ။         ။ မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ပြည်ထဲရေးလက်အောက်ရှိ ဇင်းကျိုက်အကျဉ်းဦးစီးဌာနမှ ကျောက်မိုင်း ယမ်းခွဲချိန်တွင်  လူနေအိမ်များနှင့် လူအများသို့ ကျောက်စအကြီးများအပါအဝင် ကျောက်စများ မကြာခဏ လွင့်စင်ကျနေသည့်အပေါ် ကျောက်မိုင်းခွဲခြင်းနည်းစနစ် ပြောင်းလဲသွားမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးက ပြောသည်။

စက်တင်ဘာလ ၂၃ ရက်က ကျင်းပသည့် မွန်ပြည်နယ်လွှတ်တော်ပုံမှန်အစည်းအဝေးတွင် ပေါင်မြို့နယ်တွင် ပြည်ထဲရေးလက်အောက်ရှိ ဇင်းကျိုက်အကျဉ်းဦးစီးဌာန၏ ကျောက်မိုင်းခွဲနေမှုနှင့် ပတ်သက်ပြီး ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူး၏ မေးမြန်းမှုအား ဖြေကြားခဲ့ခြင်းဖြစ်သည်။

“အခုဆိုရင် ယမ်းအများကြီးနဲ့ တစ်နေရာတည်းကို ဖောက်ခွဲတဲ့အတွက် ခွဲပြီးတော့မှ ဖောက်ခွဲမယ့်စနစ်မျိုးလုပ်မလား၊ ကာဗာထားပြီးတော့ လုပ်မလား၊ မျက်နှာစာ ပြောင်းလဲပြီးတော့မှ လူနေအိမ်ခြေနဲ့ လွတ်တဲ့မျက်နှာစာ ပြောင်းလဲပြီးမှ ဖောက်ခွဲမလားဆိုတာ ကွင်းဆင်းလုပ်ဆောင်ပေးမယ်။ ရပ်ရွာလူထုတွေနဲ့လဲ တိုင်ပင်ပြီး လုပ်ဆောင်ပေးမယ်။ ဒီလာမယ့်အပတ်ထဲမှာ ညွှန်မှူးကို ကွင်းဆင်း ခိုင်းပြီးတော့မှ ကျောက်မိုင်းခွဲခြင်း နည်းစနစ်ပြောင်းလဲခြင်းဆောင်ရွက်ဖို့အတွက် ဆောင်ရွက်ပေးသွားပါ့မယ်။ အဲလိုဆောင်ရွက်ပြီးတဲ့ နောက်ပိုင်းမှာ လူနေအိမ်ခြေတွေအပေါ် ကျောက်ခွဲစတွေ ကျနေဦးမယ်ဆိုရင် ဝန်ထမ်းဆိုလည်း ဝန်ထမ်းစည်းမျဉ်း၊ လုပ်ငန်းရှင်ဆိုလည်း သက်ဆိုင်ရာဥပဒေနဲ့အရေးယူမယ်''ဟု ဗိုလ်မှူးကြီးနေထွဋ်ဦးကပြောသည်။

ကျောက်မိုင်းခွဲသည့်အချိန်များကို နေ့လယ် ၁၁ နာရီမှ ၁၂ နာရီအကြားနှင့် ညနေ ၅ နာရီမှ ၆ နာရီကြားတွင် ဆောင်ရွက်ရန် နိုင်ငံတော်မှ တရားဝင် ထုတ်ပြန်ထားသော်လည်း ပြီးခဲ့သည့်အစိုးရလက်ထက်တွင် ဒေသခံပြည်သူများ၏တောင်းဆိုချက်အရ ပေါင်မြို့နယ်ရှိ ကျောက်မိုင်းမှာ မွန်းလွဲ ၁ နာရီမှ ၂ နာရီအကြား တစ်နေ့တစ်ကြိမ်သာ ယမ်းဖောက်ခွဲခဲ့သည်ဟု နယ်လုံဝန်ကြီးက ဆက်လက်ပြောသည်။

အဆိုပါကျောက်မိုင်းလုပ်ငန်းမှ ယမ်းခွဲသည့်အချိန်များတွင် လွင့်စင်သွားသောကျောက်ခွဲစများ အားပြင်းသဖြင့် ယခင်က လူသေဆုံးမှုဖြစ်စဉ် ဖြစ်ပွားခဲ့သည့်အပြင် လူထိခိုက်မှုတွေ မကြာခဏဖြစ်ပွားလာသည့်အတွက် ကျောက်မိုင်းလုပ်ငန်းအနီး နေထိုင်ကြသော ဒေသခံများ၏အသက်အိုးအိမ်တွေ လုံခြုံမှုမရှိကြောင်း ပေါင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးကပြောသည်။

"ကျောက်မိုင်းတွေခွဲတဲ့အခါ ကျောက်စတွေက အမြဲကျနေလို့ ဒေသခံတွေက သူတို့အသက်အိုးအိမ်တွေအတွက် မလုံခြုံဘူးလို့ ခံစားလာရတယ်။ တစ်ခါတစ်လေကြ တစ်လတည်းကို နှစ်ကြိမ်လောက် ကျတယ်။ လူမသိသူမသိ ဖြစ်နေတာတွေလည်း ရှိတယ်။ ဒီလိုတွေဖြစ်နေတာကို မဲဆန္ဒရှင်တွေက ကျွန်တော်ထံ လာပြောပြလို့ အခြေနေတွေကို သွားရောက်မေးမြန်းပြီး လွှတ်တော်မှာ မေးခွန်းမေး ၊ ဆွေးနွေးရတာပါ။ ဒါက လူအသက်အန္တရာယ်ကို ထိခိုက်စေတာ။  ကျောက်တွေကျတာက တစ်ခါတစ်လေ ၆/၉  ဆိုဒ်တွေထက် ကြီးတာတောင် ကျတယ်။ ပြီးခဲ့တဲ့သက်တမ်းမှာ လူသေဆုံးတဲ့ထိဖြစ်တယ်။ မိုင်းခွဲတာကြောင့် ကျောက်စတွေဟာ အဝေးပြေးလမ်းပေါ်ထိ ရောက်တာ ခရီးသွားပြည်သူတွေအတွက်လည်း စိုးရိမ်ရတယ် ''ဟု ပေါင်မြို့နယ်မဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦဇော်ဇော်ထူးကပြောသည်။

ကျောက်မိုင်းများတွင် ယမ်းခွဲသည့်အချိန်များကို ပြည်သူလူထု သိရှိစေရန်အတွက် အများပြည်သူ သွားလာနေသော ထင်သာမြင်သာရှိသောနေရာများတွင် ကြေညာသင့်ကြောင်း ၄င်းကဆက်လက်ပြောသည်။

ပေါင်မြို့နယ်အတွင်း ဇင်းကျိုက်အကျဉ်းဦးစီးအပါအဝင် ခွင့်ပြုထားသည့်ကျောက်မိုင်း ၂၃ ခုရှိပြီး အဆိုပါကျောက်မိုင်းများ ကြောင့် လူနေအိမ်ခြေများ၊ ဥယျာဉ်ခြံမြေများအပေါ် ကျရောက်ထိခိုက်သဖြင့် လူနေအိမ်ခြေများ ပျက်စီးခြင်း၊ သီးနှံစားပင်များ ပျက်စီးမှုများလည်း ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly