လိပ်ကျွန်းအမှုအတွက် မြန်မာအစိုးရမှမေတ္တာရပ်ခံစာ ပေးပို့ပါက ပြစ်ဒဏ်မှ ဆိုင်းငံ့နိုင်

လိပ်ကျွန်းအမှုအတွက် မြန်မာအစိုးရမှမေတ္တာရပ်ခံစာ ပေးပို့ပါက ပြစ်ဒဏ်မှ ဆိုင်းငံ့နိုင်
Photo - AFP

ရန်ကုန်၊ စက်တင်ဘာလ ၂၃ ။            ။ သေဒဏ်ကျခံထားရသော လိပ်ကျွန်းအမှုအတွက် မြန်မာအစိုးရမှမေတ္တာရပ်ခံစာ ပေးပို့ပါက ဆိုင်းငံ့ ပြစ်ဒဏ်သာ ကျခံနိုင်ဖွယ်ရှိကြောင်း ထိုင်းရှေ့နေကောင်စီမှ လူအခွင့်ရေးကော်မရှင်အဖွဲ့ဝင် Ratsada Manoo Ratsada က မီဒီယာများကိုပြောဆိုသည်။

ထိုင်းရှေ့နေကောင်စီနှင့် လိပ်ကျွန်းနှင့်ရနောင်း လူသတ်မှုတို့တွင် လိုက်ပါဆောင်ရွက်ပေးသည့် ဦးထူးချစ်(FED)တို့သည် စက်တင်ဘာလ ၂၃ ရက်၊ နံနက်ပိုင်းက ရန်ကုန်မြို့ Lotte Hotel တွင် သတင်းစာရှင်းလင်းပွဲ တစ်ခုပြုလုပ်ခဲ့သည်။

"အသနားခံစာကို ရက် ၆ဝအတွင်းမှာသွင်းရပါတယ်။ လာမယ့်အောက်တိုဘာလ ၂၈ ရက်နေ့ မတိုင် ခင်မှာသွင်းရမှပါ။ လက်ရှိမှတော့ မူကြမ်းကို ရေးဆွဲသားပြီးသားဖြစ်ပါတယ်။ မကြာခင်မှာ အစည်းဝေး ထိုင်ပြီးတော့ ဆုံးဖြတ်ပါမယ်။ အဲအထဲမှာလည်း တစ်ခြားပြင်ဆင်စရာတွေဖြစ်တဲ့ တွဲရက်တင်လို့ရတဲ့ ဟာတွေ ရှိပါတယ်။ မြန်မာပြည်ကနေပြီးတော့ ကလေးနှစ်ယောက်ရဲ့ ဆရာမတွေ၊ ရပ်ကွက်လူကြီး အစရှိတဲ့ ဒီကလေး နှစ်ယောက်က ပြစ်မှုတွေ မရှိပဲ။ရိုးသားအေးဆေးတဲ့ အဲလိုထောက်ခံချက်တွေ တင်သွင်းလို့ရသလို ၊ နိုင်ငံတော်အစိုးရအနေနဲ့လည်း ထိုင်းအစိုးရ ဆီကို မေတ္တာရပ်ခံစာတို့ ပို့လို့လည်း ရပါတယ်။ ပြစ်ဒဏ်ကြီးကို ဆိုင်းငံ့ထားပေးဖို့ ၊သူနိုင်ငံက တရားစီရင်ရေးကို စွက်ဖက်တာမဟုတ်ဘဲဆိုင်းငံ့ထားပေးတဲ့ပုံစံမျိုးတွေ ၊မေတ္တာရပ်ခံစာမျိုးတွေ၊ တောင်းဆိုစာမျိုးတွေ နိုင်ငံတော်အစိုးရ ၊နိုင်ငံ ခြားရေးဝန်ကြီးဌာန ၊နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊အစိုးရခြင်း ပို့လို့ရပါတယ်။ သနားခံစာထဲမှတွဲလျက်တင်လို့ရပါတယ် " ဟု တရားခံများဘက်မှ လိုက်ပါဆောင်ရွက်ပေးသည့် လူအခွင့်ရေးကော်မရှင်အဖွဲ့ဝင် Ratsada ManooRatsada က  ပြောသည်။

အဆိုပါရှင်းလင်းပွဲတွင် သေဒဏ်ကျခံမှုအယူခံပယ်ချခံရသော မြန်မာနိုင်ငံသား ဇော်လင်း နှင့် ဝင်းဇော် ထွန်းတို့၏ လိပ်ကျွန်းအမှုအတွက် မြန်မာအစိုးရအနေဖြင့် ထိုင်းအစိုးရထံသို့ မေတ္တာရပ်ခံစာ၊ တောင်း ဆိုစာမျိုး ပို့မည်ဆိုပါက ဆိုင်းငံ့ပြစ်ဒဏ်သာကျခံနိုင်ဖွယ်ရှိသည်ဟု Ratsada ManooRatsada က ဆိုခဲ့ခြင်းဖြစ်သည်။

" အဓိက ထိုင်းနိုင်ငံမှ ဘုရင်မင်းမြတ်ဆီကိုအသနားခံစာ တင်ရင် အပြစ်ကို လျော့ပေါ့တဲ့ အစဉ် အလာရှိပါတယ်။ ထိုင်းနိုင်ငံသားတွေပဲ မဟုတ်ပါဘူး။ အခြားနိုင်ငံခြားသားတွေလည်း အပြစ်ကို လျော့ပေါ့တာ ရှိပါတယ်။ ဆေးမှုနဲ့ သေဒဏ်ကျတဲ့ မြန်မာနိုင်ငံသား ရှမ်းလူမျိုးဆို သေဒဏ်ကနေ တစ်ကျွန်းကို လျော့ပေါ့တာမျိုးတွေ မကြာသေးခင်က တွေ့ရပါတယ်။ တကယ်ကို ငွေအား လူအား တွေလိုပါတယ်။အမှုကိုအသစ်က ပြန်စဖို့က အစိုးရ ၊ မြန်မာအစိုးရကပဲ ဦးဆောင် ဆောင်ရွက်သင့် တယ်လို့ထင်ပါတယ် " ဟု လိပ်ကျွန်းနှင့် ရနောင်း လူသတ်မှုတို့တွင် လိုက်ပါဆောင်ရွက်ပေးသည့် ဦးထူးချစ် ( FED) မီဒီယာများကိုပြောသည်။

သေဒဏ်ကျခံမှုအယူခံကို ထိုင်းအမြင့်ဆုံးတရားရုံးမှ ပယ်ချခံလိုက်ရသည့် မြန်မာနိုင်ငံသား ဇော်လင်း နှင့် ဝင်းဇော်ထွန်းတို့အား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းက စက်တင်ဘာလ ၅
ရက်နေ့တွင် ထိုင်းနိုင်ငံ၊ နွမ်ထဘူရီခရိုင်Bang Kwang အကျဉ်းထောင်၌  သွားရောက်တွေ့ဆုံ ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ကြေညာခဲ့သည်။

လိပ်ကျွန်းလူသတ်မှုမှ သေဒဏ်ချခံထားရသော မြန်မာနိုင်ငံသား နှစ်ဦးနှင့်ပတ်သက်၍ သက်ညှာ စဉ်းစားပေးစေလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သေးသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် စက်တင်ဘာလပိုင်းက ဗြိတိန်နိုင်ငံသား အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သည် ထိုင်းနိုင်ငံရှိ ကော့တောင်ကျွန်း(လိပ်ကျွန်း)၌ အသတ်ခံခဲ့ရပြီးနောက် အောက်တိုဘာ ၂ ရက်နေ့တွင် မြန်မာလုပ်သား နှစ်ဦးဖြစ်သည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ကို ထိုင်းနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်မှုဖြင့် ဖမ်းဆီးခဲ့ကာ အဓမ္မပြုကျင့်မှု၊ ပစ္စည်းခိုးမှု၊ လူသတ် မှုများဖြင့် တရားစွဲဆိုခဲ့ပြီး တစ်နှစ်ကျော်ကြာ စစ်ဆေးပြီးနောက် ကော့စမွေခရိုင်တရားရုံးမှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလပိုင်းက သေဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

မြန်မာလုပ်သား နှစ်ဦးသည် အစောပိုင်းက ကျူးလွန်ကြောင်းဝန်ခံခဲ့သော်လည်း စစ်ဆေးမေးမြန်း မှုများကြောင့် ဝန်ခံခဲ့ရခြင်းဖြစ်ပြီး ၎င်းတို့ မကျူးလွန်ကြောင်း ထွက်ဆိုခဲ့ကြသည်။

ထိုအမှုအတွက် အယူခံအဆင့်ဆင့်ကိုဝင်ခဲ့ရာ ၂၀၁၉ ခုနှစ်၊ သြဂုတ် ၂၉ ရက်နေ့က ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့၊ နွန်ထဘူရီတရားရုံးတွင် စစ်ဆေးပြီးနောက် နောက်ဆုံးအယူခံကို ရှုံးနိမ်ခဲ့ခြင်း ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly