ONE Championship ၏ အကောင်းဆုံး ဂျပန်ကစားသမားများ

ONE Championship ၏ အကောင်းဆုံး ဂျပန်ကစားသမားများ

လာမည့် အောက်တိုဘာ ၁၃ ရက်တွင် ONE Championship ၏ သမိုင်းတစ်လျှောက် အကြီးကျယ် အခမ်းနားဆုံး ပြိုင်ပွဲကြီး အဖြစ် သတ်မှတ်ထားသည့် ONE: Century ပြိုင်ပွဲကို ဂျပန်နိုင်ငံတွင် ကျင်းပမည် ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲတွင် ဂျပန်နိုင်ငံမှ ကိုယ်ခံပညာရှင် များနှင့် ကမ္ဘာတစ်ဝှမ်းမှ အကောင်းဆုံး ကစားသမားများ ONE Championship စင်မြင့်ထက်တွင် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ ယင်းပြိုင်ပွဲ မတိုင်မီတွင် ONE Championship ၏ ဂျပန်နိုင်ငံသား အကောင်းဆုံး ကစားသမားများ အကြောင်းကို ပရိသတ်များ လေ့လာနိုင် စေရန် စုစည်းဖော်ပြ လိုက်ရပါသည်။

(၁) Shinya Aoki

ONE Championship ၏ လိုက်ဝိတ်တန်း ချန်ပီယံဟောင်း Shinya “Tobikan Judan” Aoki သည် အာရှ၏ အကောင်းဆုံး မြေပြင် အချုပ်အသိမ်း ပညာရှင် တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံထားရသူ ဖြစ်သည်။ ကြိုးဝိုင်းထဲတွင် ၎င်းနှင့် မြေပြင်ချုပ်ကွက် အားပြိုင်နိုင်သည့် ကစားသမား အလွန်ရှားပါးပြီး ယင်းကျွမ်းကျင်မှုကို အသုံးချကာ WAMMA၊ DREAM နှင့် Shooto ပြိုင်ပွဲများတွင်လည်း ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့ဖူးသည့် ကစားသမား ဖြစ်သည်။ Aoki ၏ ကစားသမား ဘဝတစ်လျှောက် နိုင်ပွဲစုစုပေါင်း ၄၃ ပွဲ ရခဲ့သည့်အနက် သုံးပုံနှစ်ပုံ ပမာဏ ဖြစ်သော ၂၈ ပွဲကို မြေပြင် ချုပ်ကွက်ဖြင့် အနိုင်ယူခဲ့ခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် ဂျပန်နိုင်ငံ၏ အကျော်ကြားဆုံး ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသမား တစ်ဦးအဖြစ် သတ်မှတ်ခံရကာ ကမ္ဘာကျော် ကစားသမား အများအပြား ကိုလည်း အနိုင်ယူ ဖူးသည်။

အမေရိကန်နိုင်ငံမှ Bellator ပြိုင်ပွဲတွင်ပါ သွားရောက်ယှဉ်ပြိုင် ခဲ့ဖူးသည့် Aoki သည် ONE Championship ၏ ဥက္ကဌ Chatri Sityodtong နည်းပြဘဝက လေ့ကျင့်ပေးခဲ့ဖူးသည့် ကစားသမား ဖြစ်သဖြင့် ONE Championship ပြိုင်ပွဲ၏ အစောပိုင်း ကာလ ဖြစ်သော ၂ဝ၁၂ ခုနှစ် ကတည်းက စတင်ပါဝင် ကစားခဲ့သည်။ ၂ဝ၁၃ တွင် လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို ပထမအကြိမ် ရရှိခဲ့ပြီး ယင်းခါးပတ်ကို နှစ်ကြိမ်တိုင်တိုင် အောင်မြင်စွာ ကာကွယ်နိုင်ခဲ့သည်။ ၂ဝ၁၆ တွင် Eduard Folayang ထံ ခါးပတ်လွှဲပြောင်း ပေးခဲ့ရပြီး ၂ နှစ်ကျော် အကြာတွင် Aoki သည် Folayang ကို အနိုင်ယူကာ ခါးပတ် ပြန်လည်သိမ်းပိုက် ခဲ့သည်။ သို့သော် နောက်ဆုံး ကစားခဲ့သည့် ပွဲတွင် Christian Lee ကို ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံခါးပတ် လက်လွှတ်ခဲ့ရသည်။

(၂) Yosuke Saruta

ONE Championship ၏ စတောဝိတ်တန်း ချန်ပီယံဟောင်း Yosuke “The Ninja” Saruta သည် ငယ်စဉ်က ဂျွမ်းဘား ကစားသမား တစ်ဦးအဖြစ် အားကစားလောကထဲ စတင်ရောက်ရှိ ခဲ့ခြင်းဖြစ်သည်။ သို့သော် ယင်းအားကစားတွင် ၎င်း၏အနာဂတ် မရေရာဟု ခံစား လာရသဖြင့် နောက်ထပ် စိန်ခေါ်မှု အသစ်များ ရှာဖွေခဲ့သည်။ ယင်းအချိန်တွင် Saruta ၏ အိမ်နား၌ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား လေ့ကျင့်ရေးရုံတစ်ခု လာရောက်ဖွင့်လှစ်ခဲ့ရာ ယင်းအားကစားက ၎င်း၏ စိန်ခေါ်မှုအသစ် ဖြစ်လာခဲ့သည်။ Saruta သည် တစ်နှစ်ခန့် အပြင်းအထန် လေ့ကျင့်ခဲ့ပြီးနောက် အပျော်တမ်း ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အောင်ပွဲများ ဆက်တိုက် ရရှိခဲ့သည်။ ထို့ကြောင့် ပရော်ဖက်ရှင်နယ် အဖြစ်ကို ကူးပြောင်းခဲ့ကာ ၂ဝ၁၇ တွင် Shooto ပြိုင်ပွဲ၏ ကမ္ဘာ့ချန်ပီယံ ဖြစ်လာခဲ့သည်။

Saruta သည် ပြည်တွင်းတွင် ဆယ်စုနှစ် တစ်ခုအထိ တစိုက်မတ်မတ် ယှဉ်ပြိုင်ကာ အောင်မြင်မှုများ ရယူခဲ့ပြီးနောက် ONE Championship သို့ ပြောင်းရွှေ့ရောက်ရှိ လာခဲ့သည်။ ၎င်း၏ ဒုတိယမြောက် ONE Championship ပွဲတွင်ပင် စတောဝိတ်တန်း ကမ္ဘာ့ ချန်ပီယံ Joshua Pacio ကို စိန်ခေါ်ခွင့် ရခဲ့ကာ ယင်းပွဲအနိုင်ရ သဖြင့် ချန်ပီယံခါးပတ်ကို သိမ်းပိုက်ခွင့် ရခဲ့သည်။ သို့သော် နောက်ဆုံး ကစားခဲ့သည့် ပွဲတွင် မကျေပွဲ ပြန်လည် စိန်ခေါ်သည့် Pacio ကို ရှုံးနိမ့်ခဲ့သဖြင့် ခါးပတ်ပြန်လည် လွှဲပြောင်းပေး ထားရသည်။ Saruta ၏ ဇနီးသည်လည်း ကိုယ်ခံပညာရှင် တစ်ဦးဖြစ်ပြီး ၎င်း၏အောင်မြင်မှုများ အတွက် အကောင်းဆုံး လေ့ကျင့်ပြင်ဆင် ပေးသည့် လေ့ကျင့်ဖော် တစ်ဦးလည်း ဖြစ်သည်။

(၃) Yoshitaka Naito

မျက်မှန်ထူထူ စာကြမ်းပိုးရုပ်နှင့် Yoshitaka “Nobita” Naito သည် ONE Championship ၏ စတောဝိတ်တန်း ချန်ပီယံဟောင်း ဖြစ်ပြီး Shooto ပြိုင်ပွဲတွင်လည်း ဖလိုင်းဝိတ်တန်း ချန်ပီယံ ဖြစ်ခဲ့ဖူးသူ ဖြစ်သည်။ ဂျပန်၏ အထွန်းတောက်ဆုံး ကိုယ်ခံ ပညာရှင် တစ်ဦးအဖြစ် သတ်မှတ်ခံရသည့် Naito သည် အသက် ၂၂ တွင်မှ ကိုယ်ခံပညာကို စတင်သင်ယူ ခဲ့ဖူးသူ ဖြစ်သည်။ စကား ပြောလျှင် ညင်ညင်သာသာ ပြောတတ်ပြီး ကာတွန်းစာအုပ် များကို စွဲစွဲလမ်းလမ်း ကြိုက်နှစ်သက်သူ Naito ကို ကိုယ်ခံပညာရှင် တစ်ဦး ဖြစ်လာလိမ့်မည်ဟု မည်သူမှ ထင်မှတ်ခဲ့ခြင်း မရှိပေ။ သို့သော် ၎င်းပထမဆုံး စတင်ယှဉ်ပြိုင်သည့် ၂ဝ၁၂ ခုနှစ်မှ ၂ဝ၁၅ ခုနှစ် အတွင်း Shooto ပြိုင်ပွဲတွင် ဆယ်ပွဲဆက်တိုက် အနိုင်ရကာ ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့သည်။

Naito ၏ အောင်မြင်မှု အရှိန်ကြောင့် ၂ဝ၁၆ တွင် ONE Championship က ခေါ်ယူစာချုပ် ခဲ့ပြီး ပွဲဦးထွက် ပွဲတွင်ပင် စတောဝိတ်တန်း ချန်ပီယံ ထိုင်းနိုင်ငံသား မွေထိုင်း ကစားသမားကြီး Dejdamrong Sor Amnuaysirichoke နှင့် ရင်ဆိုင်စေခဲ့သည်။ Naito သည် အိမ်ရှင် ထိုင်းပရိသတ်များ ရှေ့မှောက်တွင်ပင် ချန်ပီယံကို အနိုင်ယူပြီး စတောဝိတ်တန်း ချန်ပီယံ ခါးပတ်ကို သိမ်းပိုက်ခဲ့သည်။ နောက်တစ်ပွဲတွင် ယနေ့ ချန်ပီယံ ဖြစ်နေသူ Pacio က ၎င်းကို စိန်ခေါ်ခဲ့ပြီး ယင်းပွဲတွင်လည်း Naito ကပင် အနိုင်ရကာ ချန်ပီယံ ကာကွယ်နိုင် ခဲ့သည်။ သို့သော် တတိယပွဲတွင် ဘရာဇီးသား Alex Silva ကို ရှုံးနိမ်ခဲ့သဖြင့် ခါးပတ်လွှဲပြောင်း ပေးခဲ့ရသော်လည်း ၎င်းကို နောက်တစ်ကြိမ် မကျေပွဲ ပြန်လည် စိန်ခေါ်ရာ အနိုင်ရသဖြင့် Naito ဒုတိယအကြိမ် ချန်ပီယံ ဖြစ်ခဲ့သည်။

(၄) Yuya Wakamatsu

Pancrase ပြိုင်ပွဲတွင် ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့ဖူးသူ Yuya “Little Piranha” Wakamatsu သည် ဂျပန် လူငယ် ကစားသမား များထဲတွင် အထွန်းတောက်ဆုံး ကစားသမား တစ်ဦးဖြစ်သည်။ ဂျပန်နိုင်ငံ တောင်ဘက်ဆုံး ကျွန်းငယ်လေး တစ်ကျွန်း ဖြစ်သည့် ကာဂိုရှီးမားတွင် မွေးဖွားကြီးပြင်း ခဲ့သူ Wakamatsu သည် ငယ်စဉ်က အိမ်နီးချင်း များနှင့် ရန်ပွဲများ မကြာခဏ ဖြစ်လေ့ ရှိသည့် ကလေးတစ်ဦး ဖြစ်ခဲ့သည်။ ထို့ကြောင့် ၎င်း၏အမူအကျင့် များကို ပြုပြင်ရန်နှင့် စွမ်းအင်များကို စနစ်တကျ အသုံးချ နိုင်ရန် ဖခင်ဖြစ်သူက ကိုယ်ခံပညာကို စည်းကမ်းတကျ သင်ယူစေခဲ့သည်။ Wakamatsu စတင် သင်ကြားခဲ့သည့် ကိုယ်ခံပညာမှာ အနောက်တိုင်း လက်ဝှေ့ ဖြစ်သော်လည်း ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားပွဲများ ကြည့်ရှုရာမှ ဝါသနာ ပါလာသဖြင့် ယင်းအားကစားကို ပြောင်းလဲ လေ့ကျင့်ခဲ့သည်။

Wakamatsu သည် အသက် ၂ဝ အရွယ်တွင် ပထမဆုံး ပရော်ဖက်ရှင်နယ် ပွဲကို စတင်ယှဉ်ပြိုင် နိုင်ခဲ့သော်လည်း ပွဲဦးထွက် တွင်ပင် ပြိုင်ဘက်ကို ရှုံးနိမ့်ခဲ့သည်။ ယင်းအရှုံးအတွက် စိတ်ဓာတ်မကျဘဲ နှစ်ဆ ပြန်ကြိုးစားခဲ့သူ Wakamatsu သည် ၉ ပွဲဆက်တိုက် နိုင်ပွဲ ရရှိခဲ့ပြီးနောက် Pancrase ပြိုင်ပွဲ၏ ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံနှင့် တံခွန်စိုက် ရှုံးထွက် ချန်ပီယံ ဆုများ ရရှိခဲ့သည်။ ထို့ကြောင့် ၂ဝ၁၈ တွင် ONE Championship သို့ ကူးပြောင်း လာခဲ့ရာ ပွဲဦးထွက် နှစ်ပွဲတွင် Danny Kingad နှင့် Demetrious Johnson တို့ကို ဆက်တိုက် ရှုံးနိမ့်ခဲ့သည်။ ယခုတစ်ကြိမ် တွင်လည်း စိတ်ဓာတ် မကျဘဲ ဆက်လက် ကြိုးစားခဲ့ရာ တတိယမြောက် ပွဲတွင် ချန်ပီယံဟောင်း Geje Eustaquio ကို အလဲထိုး အနိုင်ရခဲ့သည်။

(၅) Mei Yamaguchi

ငယ်စဉ်က ဂျက်ကီချန်း ကဲ့သို့ ပရိသတ်ကို ဖျော်ဖြေမှု ပေးနိုင်သော ကိုယ်ခံပညာကစားသမား တစ်ဦး ဖြစ်လိုသည့် Mei “V.V” Yamaguchi သည် အသက် ၆ နှစ်ကတည်းက ကိုယ်ခံပညာ စတင်သင်ယူ ခဲ့သူ ဖြစ်သည်။ အမေရိကန် နိုင်ငံ၊ လော့စ်အိန်ဂျလိစ်တွင် ကျောင်းတက် ရသူ ဖြစ်သဖြင့် Mei ၏ ငယ်ဘဝကို အမေရိကန်နှင့် ဂျပန်တွင် တလှည့်စီ နေထိုင်ရင်း ကုန်လွန်ခဲ့ရသည်။ ONE Championship ၏ အက်တမ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်အတွက် နှစ်ကြိမ်တိုင်တိုင် စိန်ခေါ်ခဲ့ဖူးသည့် Mei သည် ဂျပန်နိုင်ငံတွင် ကျင်းပသော ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားပွဲများ ဖြစ်သည့် Deep Jewels၊ Smackgirl-F၊ Valkyrie ပြိုင်ပွဲများတွင် ချန်ပီယံ ဖြစ်ခဲ့ဖူးသလို Shoot Boxing ဖလား ပြိုင်ပွဲတွင်လည်း နှစ်ကြိမ်တိုင်တိုင် ဒုတိယ ရခဲ့ဖူးသည်။

ယနေ့တွင် အသက် ၃၆ နှစ်ရှိနေပြီ ဖြစ်သူ Mei သည် ONE Championship သို့ ရောက်ရှိလာပြီး ပထမဆုံးပွဲတွင် လက်ရှိ အက်တမ်ဝိတ်တန်း ချန်ပီယံ Angela Lee ကို စိန်ခေါ်ခွင့် ရခဲ့ကာ အမှတ်ဖြင့်သာ ရှုံးနိမ့်ခဲ့ရသည်။ ၂ဝ၁၆ မေလက ကစားခဲ့သော Mei နှင့် Lee တို့၏ ယင်းကမ္ဘာ့ချန်ပီယံ လုပွဲကို ကမ္ဘာ့အကောင်းဆုံး ပွဲတစ်ပွဲ အဖြစ် မှတ်တမ်းတင် ခံခဲ့ရဖူးသည်။ ယင်းပွဲအပြီး နောက် ၃ လ အကြာတွင် Istela Nunes ကို ထပ်မံ ရှုံးနိမ့်ခဲ့ သော်လည်း ဆက်လက် ယှဉ်ပြိုင်သည့် ၅ ပွဲတွင် တစ်ပွဲသာ ရှုံးနိမ့်ခဲ့ပြီး ကျန်ပွဲများ အားလုံး အနိုင်ယူခဲ့သည်။ Mei သည် ONE: Century တွင် ၎င်းတစ်ကြိမ် အနိုင်ရခဲ့ဖူးသည့် ထိုင်ဝမ် အားကစားမယ် Jenny Huang နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

ONE: Century Part I နှင့် Century Part II ကို လာမည့် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။ အဆိုပါ ပြိ်ုင်ပွဲကြီးသည် ကိုယ်ခံပညာသိုင်းပေါင်းစုံ ပြိုင်ပွဲသမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးနှင့် အခမ်းနားဆုံးပြိုင်ပွဲကြီးဟု ဆိုနိုင်သလို ကိုယ်ခံပညာရပ်ပေါင်းစုံတွင် ထိပ်တန်းမှ ယှဉ်ပြိုင်လျက်ရှိသော ကမ္ဘာ့ချန်ပီယံ ၂၈ ဦးအထိ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly