NCA လက်မှတ်ထိုးနေကြစဉ် တိုက်ပွဲများလည်း ဆက်လက်ဖြစ်ပွားနေ

NCA လက်မှတ်ထိုးနေကြစဉ် တိုက်ပွဲများလည်း ဆက်လက်ဖြစ်ပွားနေ
Photo SHRF

အောက်တိုဘာ ၁၅ ။        ။ NCA လက်မှတ်ရေးrထိုးမည် တစ်ရက်အလို အောက်တိုဘာ ၁၄ ရက်နေ့ထိ ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများဖြစ်နေသေး သည်ဟု ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA မှ ဗိုလ်မှူးစိုင်းလက မဇ္ဈိမသို့ အောက်တိုဘာ ၁၅ တွင် အသိပေးပြောကြားသည်။

''ဒီနေ့ NCA သဘောတူလက်မှတ်ထိုးတယ်။ တဖက်မှာ SSPP/SSA နယ်မြေမှာ ထိုးစစ်ဆင်နေတယ် ဆိုတော့ ဖြစ်နေတဲ့ အနေအထားက မဆီလျှော်ဘူး။ သူတို့ဟစ်ကြွေးနေတဲ့ တစ်နိုင်ငံလုံးပစ်ခတ် ရပ်စဲရေးဆိုတာ ဟန်ပြဘဲ ဖြစ်နေတယ်။ အများစု ကျန်တဲ့အဖွဲ့တွေကို ထိုးစစ်ဆင်နေတယ်။'' ဟု ၎င်းကဆိုသည်။

အောက်တိုဘာ ၁၄ ရက်နေ့ တန့်ယန်းဒေသတွင် နေ့လယ် ၁၂ နာရီမှ ညနေ ၅နာရီခွဲထိ တပ်မတော် နှင့် SSPP/SSA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

အောက်တိုဘာ ၁၅ NCA လက်မှတ်ရေးထိုးမည့်မနက်တွင်လည်း ရှမ်းပြည်နယ်အရှေ့ပိုင်း ကာလိဒေသမှ စစ်ကား ၁၂ စီးနှင့် (၁၀၅) ပေါင် လက်နက်ကြီး တင်လာသည်ကို တွေ့ရကြောင်း ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလက ပြောသည်။

အောက်တိုဘာလ (၆) ရက်နေ့မှစတင်၍ မိုင်းရှုးနှင့် မိုင်းနောင်မြို့နယ်တွင်းရှိ SSPP/SSA အား ထိုးစစ်ဆင်နေပြီး၊ အောက်တိုဘာ (၁၁) ရက်နေ့က ကျေးသီးမြို့နယ်အတွင်းရှိ ဌာနချုပ်ရှိရာ ဝမ်ဟိုင်းသို့ လက်နက်ကြီးများ ကျရောက်ခဲ့သည်။

ဤကဲ့သို့ ထိုးစစ်ဆင်ခြင်း၊ ကျေးရွာများရှိရာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းသည် ၂၀၁၂ ခု ဇန်နဝါရီလတွင် လက်မှတ်ထိုးခဲ့ကြသည့် အပစ်ရပ်ရေးစာချုပ်ကို ချိုးဖေါက်ခြင်း ဖြစ်သည်ဟု ရှမ်းလူမှုအဖွဲ့ အစည်း ၁၈ ဖွဲ့က အောက်တိုဘာ ၁၅ ရက်စွဲဖြင့် ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်သည်။

'နိုင်ငံတကာအဖွဲ့အစည်းများသည်လည်း မြန်မာနိုင်ငံ၌ စစ်မှန်သည့် ငြိမ်းချမ်းရေး ရစေလိုပါက ဤထိုးစစ်များကို ရှုတ်ချပြီး တိုင်းရင်းသားဒေသများအတွင်း စစ်တပ်များစေလွှတ်ခြင်းကို ရပ်တန့်ရန်၊ ထိုဒေသမှ စစ်တပ်များ ရုတ်သိမ်းရေးအတွက် နေပြည်တော်ကို အမြန်ဆုံးဖိအားပေးရန်' လိုအပ်သည်ဟု ၎င်းတို့က ဆိုသည်။

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများကြောင့် တိမ်းရှောင်နေရသူများအတွက် ထောက်ပံ့ရန် လူသားချင်း စာနာသည့် အကူအညီများ အရေးပေါ် ကူညီပေးကြပါရန် အဆိုပါ ရှမ်းလူမှုအဖွဲ့အစည်း (၁၈) ဖွဲ့က စုပေါင်းတိုက်တွန်းထားသည်။

တိုက်ပွဲများဆက်ဖြစ်နေသဖြင့် မပြည့်စုံသေးဟု ယူဆပြီး အောက်တိုဘာ ၁၅ ရက်နေ့ NCA ထိုးပွဲသို့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခြင်းမရှိဟု ဗဟိုကော်မတီဝင် ဦးဟံသာမြင့်က မဇ္ဈိမသို့ပြောကြားသည်။

''ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မပါတဲ့သူတွေကို ပစ်ပယ်မထားဘူးဆိုတဲ့ အဓိပ္ပာယ်နဲ့ မတက်တာပါ။ တစ်ဖက်မှာ လက်မှတ်ထိုးနေသလို တစ်ဖက်မှာလည်း တိုက်ပွဲတွေဖြစ်နေလို့ မပြည့်စုံသေးဘူးလို့ ယူဆပြီး သက်သေအနေနဲ့ လက်မှတ် မထိုးပါဘူး။ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ်လို့ရေးထားတဲ့အတွက် တစ်တိုင်းပြည်လုံး လက်နက်ကိုင်အားလုံး ပါဝင်စေချင်ပါတယ်။'' ဟု ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags