စွမ်းအင်ကို ခံစားကြည့်ပါ။ မြန်မာနိုင်ငံအတွင်းက ကမ္ဘာ့အဆင့်မှီ ဓါတ်အားပေးစက်ရုံမှာ အလုပ်လုပ်ရတာ ဘယ်လိုမျိုးလဲ

By နန်းနွယ်
23 September 2019
စွမ်းအင်ကို ခံစားကြည့်ပါ။ မြန်မာနိုင်ငံအတွင်းက ကမ္ဘာ့အဆင့်မှီ ဓါတ်အားပေးစက်ရုံမှာ အလုပ်လုပ်ရတာ ဘယ်လိုမျိုးလဲ
  စက်ရုံမန်နေဂျာချုပ် ဦးရာဇာမျိုးသိန်း (ဝဲစွန်) မှ စက်ရုံဖွင့်ပွဲသို့တက်ရောက်လာသူ ဧည့်သည်တော်များအား စက်ရုံထိန်းချုပ်ခန်းကို ရှင်းလင်းပြသစဉ်

မြင်းခြံဓါတ်အားပေးစက်ရုံကို လာရောက်ကြသူတိုင်း ပထမဆုံး သတိထားမိမယ့် အချက်ကတော့ စက်ရုံရဲ့ အရွယ်အစားပဲ ဖြစ်ပါတယ်။ ဒီစက်ရုံဟာ လူဦးရေ ၅ သန်းကျော်အသုံးပြုမယ့် ဓါတ်အားကို ထုတ်လုပ်ပေးနေတာဖြစ်တဲ့အတွက် စက်ရုံရဲ့ ကြီးမားတဲ့အရွယ်အစားဟာ အံ့သြစရာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီစက်ရုံထဲက ဝန်ထမ်းအယောက် ၇၀ ကျော်ဟာ နေ့စဉ်နဲ့အမျှ ဘာတွေကို လုပ်ဆောင်နေကြပါသလဲ။ မြန်မာနိုင်ငံရဲ့ အကြီးဆုံး Combined Cycle ဓါတ်ငွေ့တာဘိုင်သုံး စက်ရုံတွေထဲကတစ်ခု ဖြစ်တဲ့ မြင်းခြံဓါတ်အားပေးစက်ရုံမှာ နေ့စဉ်လုပ်ဆောင်နေတဲ့အရာတွေ၊ ဝန်ထမ်းတွေ နေ့စဉ်နဲ့အမျှ ဘာတွေကို လုပ်ဆောင်နေသလဲဆိုတာတွေကို သိရှိနိုင်ဖို့အတွက် ဒီစက်ရုံကြီးမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်း ၆ ဦးကို တွေ့ဆုံခဲ့ပါတယ်။

မြင်းခြံဓါတ်အားပေးစက်ရုံတွင် ခန့်အပ်ထားသော ဒေသခံအင်ဂျင်နီယာများ
မြန်မာနိုင်ငံတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ လုပ်ငန်းကြီးတစ်ခုခုကို ဖွင့်လှစ်တဲ့အခါ အလုပ်နေရာအများစု၊ အထူးသဖြင့် ကျွမ်းကျင်မှုမြင့် ရာထူးနေရာများမှာ နိုင်ငံခြားသားဝန်ထမ်းတွေကိုပဲ အလုပ်ခန့်တယ်လို့ ထင်မှတ်ကြတာတွေရှိနေပါတယ်။ ဒါပေမယ့် မြင်းခြံစက်ရုံမှာ လုပ်သားခန့်အပ်တဲ့အခါ ဦးစားပေးအနေနဲ့ ဒေသခံလူထု၊ ဒုတိယနေနဲ့ အနီးတစ်ဝိုက်နယ်ပယ်က လျှောက်ထားသူတွေနဲ့ အဲဒီနောက်မှာ မြန်မာနိုင်ငံတစ်ဝှမ်းက လျှောက်ထားသူတွေကို ဦးစားပေးခန့်အပ်တဲ့ စနစ်ကို အသုံးပြုနေသလို ဒီစနစ်ရဲ့ ရလဒ်ဟာလည်း ကျေနပ်စရာဖြစ်ပါတယ်။

မြင်းခြံဓါတ်အားပေးစက်ရုံ၏ လုံခြုံရေးကို တာဝန်ယူထားသည့် ဦးဟိန်းမင်းလွင်မှ မီးသတ်ပိုက်အသုံးပြုပုံ သရုပ်ပြနေစဉ်

မြင်းခြံဓါတ်အားပေးစက်ရုံမှာ ခန့်အပ်ထားတဲ့ ဝန်ထမ်းတွေရဲ့ ၉၅% လောက်ဟာ မြန်မာဝန်ထမ်းများဖြစ်ကြပြီးတော့ သူတို့ထဲက သုံးပုံတစ်ပုံခန့်ဟာ ဒေသခံလူထုထဲကဖြစ်ပါတယ်။ ဓါတ်အားပေးစက်ရုံဖွင့်လှစ်လိုက်ခြင်းနဲ့အတူ အချို့သော နိုင်ငံရပ်ခြားရောက် ဝန်ထမ်းများဆိုရင် မိမိကြီးပြင်းခဲ့ရာ အမိမြေမှာ ပြန်လည်အလုပ်လုပ်ပြီး ကိုယ့်ရဲ့ကျွမ်းကျင်ရာ၊ ပညာများကို ပြန်လည်ယူဆောင်လာခွင့်လည်း ရရှိခဲ့ကြပါတယ်။

မြင်းခြံဓါတ်အားပေးစက်ရုံကို တည်ဆောက်လုပ်ကိုင်နေတဲ့ စင်ကာပူနိုင်ငံအခြေစိုက် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်၊ ရေကြောင်းကုန်သွယ်ရေးလုပ်ငန်းနဲ့ မြို့ပြဖွံ့ဖြိုးရေး ကုမ္ပဏီဖြစ်တဲ့ Sembcorp အတွက် ဒေသခံများကို ခန့်အပ်နေရာပေးရေးဟာ ဦးစားပေးတစ်ခုဖြစ်ပါတယ်။

မြင်းခြံစက်ရုံရဲ့ လူ့စွမ်းအားအရင်းအမြစ်မန်နေဂျာဖြစ်သူ ဒေါ်နိုင်နိုင်အောင်က “အဓိကရာထူးတွေမှာ စင်ကာပူနိုင်ငံသား ကျွမ်းကျင်ပညာရှင်တွေကို လွယ်လွယ်နဲ့ခန့်လိုက်လို့ရပေမယ့် နို်င်ငံတကာက ကျွမ်းကျင်ပညာရှင်တွေကို မြန်မာနိုင်ငံသား ဝန်ထမ်းများရဲ့ ကျွမ်းကျင်မှုကို မြှင့်တင်ပေးဖို့၊ အဓိကတာဝန်တွေမှာ မြန်မာဝန်ထမ်းများကိုယ်တိုင် တာဝန်ယူလုပ်ဆောင်နိုင်အောင်  ကူညီသင်ကြားပေးဖို့ ဦးစားပေး လုပ်ဆောင်စေခဲ့ပါတယ်။ မြန်မာဝန်ထမ်းများရဲ့ ကျွမ်းကျင်မှုကို မြှင့်တင်ပေးတာဟာ ဒီစက်ရုံကို Sembcorp က ၂၂ နှစ်ကြာ တာဝန်ယူလုပ်ဆောင်အပြီး မြန်မာနိုင်ငံအစိုးရကို အပြည့်အဝလွှဲပြောင်းပေးတဲ့အချိန်ကျ မြန်မာများကိုယ်တိုင် ဆက်လက်ဦးစီးလုပ်ဆောင်နိုင်အောင်လို့ ရေရှည်အကျိုးရှိမယ့် ဖြေရှင်းချက်တစ်ရပ်အနေနဲ့ ရည်ရွယ်တာဖြစ်ပါတယ်” လို့ ရှင်းပြခဲ့ပါတယ်။

မြင်းခြံဓါတ်အားပေးစက်ရုံ၏ လူ့အရင်းအမြစ်မန်နေဂျာ ဒေါ်နိုင်နိုင်အောင်မှ ဝန်ထမ်းအစည်းအဝေး ကျင်းပနေစဉ်

စက်ရုံရဲ့ မြောက်မြားစွာသော သင်တန်းပေးအစီအစဉ်တွေကြောင့် အကျိုးရှိခဲ့သူတွေထဲက တစ်ဦးကတော့ စက်ရုံရဲ့ စက်ပစ္စည်းများကို ပြုပြင်ထိန်းသိမ်းရာမှာ တာဝန်ယူထားတဲ့ ကိုကျော်စွာဝင်းပဲ ဖြစ်ပါတယ်။ အင်ဂျင်နီယာရင်းကုမ္ပဏီငယ် တစ်ခုမှာ စက်ပစ္စည်းတပ်ဆင်ရေးနဲ့ ပြုပြင်ထိန်းသိမ်းရေး Mechanical Engineer တစ်ဦးအဖြစ် အလုပ်လုပ်ခဲ့အပြီးမှာ သူဟာ မြင်းခြံစက်ရုံက အလုပ်ကို လက်ခံခဲ့တာလည်းဖြစ်ပါတယ်။ “ဓါတ်အားပေးစက်ရုံနဲ့သက်ဆိုင်တဲ့ အကြောင်းအရာ အမျိုးမျိုးနဲ့ ပတ်သက်လို့ ကျွန်တော်တို့ကို အပတ်စဉ် သင်တန်းလာပေးတဲ့ စင်ကာပူက Technical Trainer တစ်ယောက်ရှိပါတယ်” လို့ သူကရှင်းပြခဲ့ပါတယ်။
အလုပ်ပြီးမှ သင်ယူတာမဟုတ်ဘဲ လုပ်ငန်းခွင်မှာ လုပ်ကိုင်နေရင်း လေ့လာသင်ယူဖို့ကလည်း စည်းကမ်းတစ်ခု ဖြစ်ပါတယ်။ “ကောင်းတဲ့အချက်တစ်ခုက အလုပ်ချိန်အတွင်း သင်တန်းပေးတာပါ။ တစ်ခြား ကောင်းတဲ့အချက်တွေလည်းရှိနေပါသေးတယ် - မနက်စာ၊ နေ့လည်စာ ဝယ်စားဖို့မလိုသလို စက်ရုံက ကျွန်တော့်အိမ်နဲ့သိပ်နီးတော့ မိသားစုနဲ့လည်း အတူနေနိုင်တယ်။ နေဖို့ထိုင်ဖို့နဲ့ စားစရိတ်အတွက် နေ့တိုင်းကျွန်တော်ပူစရာမလိုဘူး” လို့ သူက ပြုံးရင်းဆက်ပြောပါတယ်။

ဦးဟိန်းမင်းလွင်ကတော့ စက်ရုံအနီး နမ်းကျေးရွာက လယ်သမားနဲ့ ရပ်ရွာလူကြီးတစ်ဦးဖြစ်ပြီး အနီးပတ်ဝန်းကျင်မှာ သူ့အတွက် ဘယ်လိုအလုပ်အကိုင်အခွင့်အလမ်းတွေ ရှိနေလဲလို့ အလုပ်သမားရုံးတစ်ခုကို ဝင်ရောက်စုံစမ်းရင်း ဓါတ်အားပေးစက်ရုံရဲ့ လုံခြုံရေးအဖွဲ့ဝင် တစ်ဦးဖြစ်လာခဲ့သူဖြစ်ပါတယ်။ “ဓါတ်အားပေးစက်ရုံအကြီးကြီးတစ်ခုမှာ အလုပ်လုပ်ရတာ ဂုဏ်ယူစရာပဲ” လို့ သူနေ့စဉ်လုပ်ဆောင်ရတဲ့ အဆောက်အဦး၊ စက်ယန္တရားတွေ၊ လုံခြုံရေးဂိတ်တွေနဲ့ ခွင့်ပြုမိန့် စတာတွေ စစ်ဆေးရတာနဲ့ပတ်သက်လို့ ရှင်းပြရင်း ပြောပြပါတယ်။ “ကျွန်တော်ဒီမှာအလုပ်လုပ်နေသမျှတော့ လုပ်ငန်းကို အကာအကွယ်ပြုပေးဖို့ ကျွန်တော် ရည်ရွယ်ထားတယ်။ ဒီမှာလည်း အချိန်ကြာကြာလုပ်ဖို့ ဆုံးဖြတ်ထားတယ်” လို့လည်း သူကထပ်ပြောပါတယ်။

မေးမြန်းခဲ့သူတိုင်းဆီက ကြားခဲ့ရတဲ့ တူညီတဲ့အချက်တစ်ခုကတော့ ဓါတ်အားပေးစက်ရုံနဲ့ ဝန်ထမ်းတွေကို ရပ်ရွာလူထုက ရိုင်းပင်းဖေးမချင်စိတ်ရှိကြောင်း၊ စိတ်ဝင်တစားရှိကြောင်း စတဲ့အချက်ပဲဖြစ်ပါတယ်။ ဒေသခံပြည်သူလူထုနဲ့ အခြားသောစက်ရုံတွေက အားထားအသုံးပြုနေရတဲ့ စွမ်းအင်ကို ထုတ်လုပ်ပေးနေတဲ့ မြန်မာနိုင်ငံ၏ အကြီးမားဆုံးနှင့် စွမ်းရည်အမြင့်မားဆုံး ဓါတ်အားပေး စက်ရုံများထဲမှ တစ်ခုတွင် အလုပ်လုပ်နေရတာ၊ နိုင်ငံတကာကုမ္ပဏီကြီးတစ်ခုရဲ့ ဝန်ထမ်းဖြစ်ရတာနဲ့ပတ်သက်လို့ ကိုယ့်ကိုယ်ကို ဘယ်လိုမြင်သလဲ၊ မိသားစုနဲ့မိတ်ဆွေသူငယ်ချင်းတွေက ဘယ်လိုမြင်ကြသလဲလို့ မေးမြန်းလိုက်တိုင်း “ဂုဏ်ယူတယ်” ဆိုတဲ့စကားကို ကြိမ်ဖန်များစွာ ကြားခဲ့ရပါတယ်။

စက်ရုံတွင်း အသုံးပြုနေတဲ့ စက်ပစ္စည်းများနဲ့ စတိုပစ္စည်းများကို မှတ်တမ်းတင်စီမံရတဲ့ Warehouse Assistant တစ်ဦးအဖြစ် တာဝန်ယူလုပ်ဆောင်နေတဲ့ မပိုးနဒီစိုးက “ဒီလိုဓါတ်အားပေးစက်ရုံမှာ အလုပ်လုပ်ရတာ ဂုဏ်ယူစရာပါ။ လုပ်ဖော်ကိုင်ဖက်တွေကလည်း ရင်းရင်းနှီးနှီးရှိသလို ဖေးဖေးမမလည်းရှိကြတယ်။ ကိုယ်တာဝန်ယူထားတဲ့အပိုင်းနဲ့ ကိုယ်လေ့လာသင်ယူနိုင်ဖို့ လုပ်ဖော်ကိုင်ဖက်တွေဆီက အကူအညီအများကြီးရခဲ့သလို ဒီက မိသားစုလိုဖြစ်နေတာကိုလည်း သဘောကျမိတယ်” လို့ ပြောပြခဲ့ပါတယ်။

စင်ကာပူနိုင်ငံက အင်ဂျင်နီယာကုမ္ပဏီတစ်ခုဆီ မပြောင်းမီ ယမကထုတ်လုပ်ရေးလုပ်ငန်းတစ်ခုမှာ လုပ်ကိုင်ခဲ့ဖူးတဲ့ မအေးငြိမ်းသူက သူ့ရဲ့လက်ရှိအလုပ်ကို ပိုပြီးအဓိပ္ပါတယ်ရှိတယ်လို့ ခံယူထားပါတယ်။ “ဓါတ်အားပေးစက်ရုံကြီးတစ်ခုမှာ လုပ်ရတာဖြစ်တဲ့အတွက် စိတ်လှုပ်ရှားစရာအရမ်းကောင်းတယ်” လို့ သူကဆိုပါတယ်။ သူ့ရဲ့အလုပ်က အမှန်တကယ်လည်း ငြီးငွေ့စရာမရှိပါ။ သူနေ့စဉ်လုပ်ဆောင်ရတဲ့ တာဝန်တွေထဲမှာ နံနက်ခင်း ကျန်းမာရေး၊ လုံခြုံရေးနဲ့ ပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး အကျဉ်းချုပ်ညွှန်ကြားတာ၊ စက်ရုံစွမ်းဆောင်ရည်ကို ကြီးကြပ်တာ၊ ဘုတ်အဖွဲ့နဲ့ စီမံခန့်ခွဲရေးအပိုင်းအတွက် အစီရင်ခံစာများ ပြင်ဆင်တာ၊ စက်ပစ္စည်းအစိတ်အပိုင်းတွေကို လဲလှယ်အစားထိုးဖို့၊ အချိန်မှန် ပြုပြင်ထိန်းသိမ်းရေးနဲ့ စစ်ဆေးရေး ပြုလုပ်ဖို့ အလိုအလျောက် သတိပေးချက်တွေ ထုတ်ပေးတဲ့ ကွန်ပျူတာသုံး ပြုပြင်ထိန်းသိမ်းရေး စီမံစနစ်ကို တပ်ဆင်တာ စတာတွေ ပါဝင်ပါတယ်။

အနီးအနားက ဆားခါးကျေးရွာ မှာနေထိုင်တဲ့ မအေးငြိမ်းသူအတွက် စက်ရုံကို အနီးကလေး လာရောက်နိုင်ပါတယ်။ ဒါပေမယ့် သူ့အတွက် ပညာဗဟုသုတနဲ့ နားလည်တတ်ကျွမ်းမှု စတာတွေကိုတော့ ကျယ်ကျယ်ပြန့်ပြန့် ချဲ့ထွင်နိုင်ခွင့်ရခဲ့ပါတယ်။ Sembcorp ရဲ့ စီစဉ်ပေးမှုနဲ့ အိုမန်၊ ဗီယက်နမ်၊ စင်ကာပူ အစရှိတဲ့ နိုင်ငံတွေက ပုံစံတူဓါတ်အားပေးစက်ရုံတွေ ဘယ်လိုလည်ပတ်သလဲ၊ ဘယ်လို အမှန်ကန်ဆုံး ထိန်းသိမ်းလုပ်ဆောင်ရမလဲ စတာတွေကို လေ့လာခွင့်ရခဲ့ပါတယ်။ ဒီအတွေ့အကြုံတွေဟာ သူ့အတွက် တန်ဖိုးမဖြတ်နိုင်စရာတွေလည်း ဖြစ်ခဲ့ပါတယ်။ ဓါတ်အားပေးစက်ရုံဆိုတာ အမျိုးသားများနဲ့ ပိုသင့်တော်မယ်ဆိုတဲ့ အယူအဆရှိပေမယ့် အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ မအေးငြိမ်းသူကတော့ မြင်းခြံစက်ရုံဟာ အရည်အချင်းကို လေးစားတဲ့ လုပ်ငန်းခွင်ကောင်းတစ်ခုဖြစ်မှန်း သိရှိခဲ့ပါတယ်။

စင်ကာပူနိုင်ငံ Sembcorp မှာ အနှစ် ၂၀ ကျော်ကြာ လုပ်သက်အတွေ့အကြုံရှိခဲ့တဲ့ ဦးရာဇာမျိုးသိန်းအတွက်ကတော့ မြင်းခြံစက်ရုံဖွင့်ခြင်းဟာ အမိမြန်မာပြည်ကို ပြန်လာနိုင်မယ့် လမ်းစလည်း ဖြစ်ခဲ့ပါတယ်။ ဒုတိယစက်ရုံမန်နေဂျာဖြစ်တဲ့ သူက သူ့ရဲ့အတွေးအမြင်ကိုလည်း ရှင်းပြခဲ့ပါတယ်။ “အမှားတွေကနေ လေ့လာသင်ယူဖို့ အကျင့်ကို ကျွန်တော်ပျိုးထောင်ထား နိုင်ခဲ့တယ်” လို့ ပြောခဲ့တဲ့ သူ့ရဲ့စကားက စာတွေ့သီအိုရီကို နားလည်ခြင်းသာမက လက်တွေ့သင်တန်းပေးခြင်းရဲ့ အရေးပါမှုနဲ့ တစ်ချို့သော အဖိုးအတန်ဆုံးအတွေ့အကြုံတွေကို အခက်အခဲတွေထဲက ရရှိနိုင်တယ်ဆိုတာကို ထောက်ပြသွားခဲ့ပါတယ်။ “စက်ရုံခဏရပ်ရတဲ့အချိန်တွေမှာ ဘာသင်ခန်းစာတွေရလိုက်သလဲဆိုတာ ကျွန်တော့် ဝန်ထမ်းတွေကို တင်ပြခိုင်းတဲ့ အစီအစဉ်တွေ ကျွန်တော်လုပ်ပါတယ်၊ ဒါမှ အတွေ့အကြုံကနေ လူတိုင်းသင်ယူပြီး နောက်တစ်ခေါက်ထပ်မမှားမှာ” လို့သူက ပြောပါတယ်။
ကောင်းမွန်တဲ့အတွေ့အကြုံတွေကလည်း ကျေနပ်စရာဖြစ်သလို မြန်မာနိုင်ငံရဲ့ ပထမဆုံး ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုနဲ့ တည်ထောင်ထားတဲ့ ဓါတ်အားပေးစက်ရုံ (Independent-financed Power Plant, IPP) ဖြစ်တဲ့ မြင်းခြံဓါတ်အားပေးစက်ရုံဟာ ဗီယက်နမ်နိုင်ငံရဲ့ ပထမဆုံး IPP လည်းဖြစ်၊ Sembcorp မှ အများစုပိုင်ဆိုင်တဲ့ စက်ရုံလည်းဖြစ်တဲ့ Phu My 3 စက်ရုံကဲ့သို့ ဖြစ်နိုင်ပါတယ်လို့ ဦးရာဇာမျိုးသိန်းက ယုံကြည်ထားပါတယ်။
ယခုအခါ စီးပွားဖြစ်ဖွင့်လှစ်လုပ်ဆောင်မှု ၁၅ နှစ်ပြည့်သွားပြီဖြစ်တဲ့ Phu My 3 ဓါတ်အားပေးစက်ရုံဟာ ဗီယက်နမ်နိုင်ငံရဲ့ ဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်စေလို့ မကြားသေးခင်က ဗီယက်နမ်အစိုးရရဲ့ ပထမအဆင့်လုပ်သား ဂုဏ်ပြုဆုတံဆိပ်ကို ပေးအပ်ချီးမြှင့်ခြင်းလည်း ခံထားရပါတယ်။ “Phu My 3 ထက်ပိုပြီး စွမ်းဆောင်နိုင်ဖို့ ကျွန်တော်ရည်ရွယ်ထားတယ်” လို့ ဦးရာဇာမျိုးသိန်းက ပြောခဲ့ပါသေးတယ်။
မြင်းခြံစက်ရုံရဲ့ စက်ရုံမန်နေဂျာချုပ်အဖြစ် ပြောင်းလဲတာဝန်ပေးခံရဖို့ရှိတဲ့ သူ့အနေနဲ့ သူစိတ်ကူးထားတာကို အမှန်တကယ် အကောင်အထည်ဖော်ခွင့် များမကြာခင်မှာ ရရှိနိုင်တော့မှာပါ။
 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly