၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်များကို ပါတီမူနှင့်အညီ ပြန်လည်ရွေးချယ်မည်

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်များကို ပါတီမူနှင့်အညီ ပြန်လည်ရွေးချယ်မည်
၂၀၁၅ ခုနှစ် ဇူလိုင်က ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းသို့ ဒေါ်အောင်ဆန်းစုကြည်လာရောက်ခဲ့စဉ်။ ဓာတ်ပုံ- Ye Aung Thu / AFP

ရန်ကုန်၊ စက်တင်ဘာ ၂၂ ။       ။ လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်များကို ပါတီမူနှင့်အညီ ပြန်လည်ရွေး ချယ်သွားမည်ဖြစ်ကြောင်း ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ(၂) ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

'' ကိုယ်စားလှယ်ရွေးချယ်ရေးကို တိုင်းနဲ့ပြည်နယ်ရော၊ ဗဟိုကော်မတီဝင်တွေရော ဆွေးနွေးကြပါတယ်။ အားလုံးက ဒီအပေါ်မှာ အထူးအာရုံစိုက်ပါတယ်။ ဆိုလိုချင်တာက ပြည်သူက ထောက်ခံတဲ့ ပြည်သူများက မဲပေးနိုင် တဲ့ ကိုယ်စားလှယ်များကို ရွေးချယ်ပေးရေးဆိုတာ သူတို့ တောင်းဆိုပါတယ်။ တစ်ချို့ကိုယ်စားလှယ်တွေက ခုချိန်မှာ ပုံရိပ်ထိခိုက်တာတွေ ရှိတယ်။ ဒီဟာမျိုးတွေကို မရွေးချယ်မိဖို့ဆိုပြီး တင်ပြတောင်းဆိုထားတာရှိတယ်။ ကိုယ်စားလှယ်ရွေးချယ်ရေးမူက ကျွန်တော်တို့မှာ ရှိပြီးသားပါ။ ဒီမှာအဓိကထားပြီး သူတို့ပြောတာက အောက်ခြေရဲ့ အသံတွေကို နားထောင်ပါ။ ကျွန်တော်တို့ အမြဲတမ်း အောက်ခြေရဲ့ အသံတွေကို နားထောင်ပါတယ်။ ဒါပေမယ့် နောက်ဆုံးရွေးချယ်တဲ့မူကတော့ ဗဟိုအလုပ်အမှုဆောင်ကော်မတီကပဲ ရွေးမှာပါ။ ''ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

စက်တင်ဘာ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ရန်ကုန်မြို့ရှိ NLD ရုံးချုပ်၌ ပြုလုပ်သော ဒုတိယဗဟိုကော်မတီ၊ တတိယအကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆုံးဖြတ်ချက်များအရ ယင်းသို့ ပြောခဲ့ခြင်း ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဗဟိုကော်မတီ၊ တတိယအကြိမ်မြောက် ပုံမှန်အစည်းအဝေး နှစ်ရက်တာ ဆွေးနွေးချက်များအရ အချက် ငါးချက်ကို ဆုံးဖြတ်ချက်ချခဲ့သည်။

ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦး ဖြစ်သော ဦးအောင်ကြည်ညွှန့်ကလည်း လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ၂၀၁၅ ခုနှစ်ကဲ့သို့ တစ်ထပ်တည်းမကျနိုင်ကြောင်း ပြောသည်။

''အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့မူကိုက အမြဲတမ်း ပြည်သူလူထုကို မျက်နှာမူပြီးတော့ ပြုပြင်ပြောင်းလဲသင့် တာတွေ အမြဲတမ်းပြုပြင်ပြောင်းလဲတဲ့အစဉ်အလာ ရှိပါတယ်။ ၂၀၁၅ တုန်းကနဲ့ အခုလာမယ့် ၂၀၂ဝမှာ တစ် ထပ်တည်း ဖြစ်မယ်လို့ ပြောလို့မရဘူး။ ဒီလိုအခြေအနေမျိုးမှာ ပြည်သူလူထုက တကယ်လိုလားအားထားနိုင် လောက်တဲ့ ပါတီအပေါ်မှာရော၊ ကိုယ်စားလှယ်အပေါ်မှာရော ရွေးချယ်နိုင်လောက်တဲ့ စနစ်မျိုးဖြစ်အောင် စီစဉ် ရွေးချယ်သွားမယ့်မူတော့ ရှိနေပါတယ်''ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်ကြည်ညွှန့်က ပြောသည်။

ပါတီအနေဖြင့် ရှေ့ဆက်လုပ်ရမယ့် လုပ်ငန်းစဉ်တွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းစစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ အဖွဲ့ချုပ်အဖွဲ့ဝင်များအကြား ညီညွှတ်ရေး နှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီး အောင်နိုင်ရေး လုပ်ငန်းစဉ်များ ချမှတ်ခဲ့သည်။

ဆုံးဖြတ်ခဲ့သည့် အချက် ငါးချက်မှာ “ ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ဦးဆောင်ပြီး စွမ်းရည်မြင့် သင်တန်းများ ပေးမည်၊ တွေ့ဆုံပွဲများ ပြုလုပ်ခြင်းဖြင့် ပါတီ၊ အစိုးရ၊ လွှတ်တော် ဟန်ချက်ညီညီ ဆောင်ရွက်မည်၊ လယ်ယာမြေကိစ္စများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာအစိုးရအဖွဲ့များကို တိုက်တွန်းပေးမည်၊ ရွေးကောက်ပွဲ မဟာဗျူဟာရေးဆွဲခြင်း ပြုလုပ်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များမှ ရွေးကောက်ပွဲဆိုင်ရာ အခြေခံအချက်အလက်များ ပေးပို့ရမည်၊ တိုင်းရင်းသားရေးရာ ကော်မတီ ဖွဲ့စည်းမည်”တို့ ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly