NLD သည် တိုင်းရင်းသားများနှင့်ပတ်သက်လျှင် အလွန်အလေးထားဟု ဒေါက်တာဇော်မြင့်မောင်ပြော

NLD သည် တိုင်းရင်းသားများနှင့်ပတ်သက်လျှင် အလွန်အလေးထားဟု ဒေါက်တာဇော်မြင့်မောင်ပြော
ဓာတျပုံ-သူရ/မဇ္ဈိမ

ရန်ကုန်၊ စက်တင်ဘာ ၂၂ ။              ။ အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် တိုင်းရင်းသားများနှင့်ပတ်သက်လျှင် အလွန် အလေးထားကြောင်း ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောဆိုလိုက်သည်။

စက်တင်ဘာ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ရန်ကုန်မြို့ရှိ NLD ရုံးချုပ်၌ ပြုလုပ်သော ဒုတိယဗဟိုကော်မတီ၊ တတိယအကြိမ်မြောက် ပုံမှန်အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့ခြင်း ဖြစ်သည်။

အစည်းအဝေးဆုံးဖြတ်ချက် အချက် ငါးချက်တွင် တစ်ချက် အပါအဝင် ဖြစ်သည့် တိုင်းရင်းသားရေးရာကော်မတီကို ဖွဲ့စည်းဆောင်ရွက်သွားမည့်အကြောင်းတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းလည်း ဖြစ်သည်။

''ဒေသခံတိုင်းရင်းသားပါတီတွေဟာ တစ်ကွဲတစ်ပြား ပြိုင်မှာ မဟုတ်တော့ပါဘူး။ သူတို့က စုပေါင်းဖွဲ့စည်းပြီး ပြိုင်ကြမှာဖြစ်တဲ့အတွက် ဒါတွေကို ကျော်လွှားနိုင်ဖို့ ကျွန်တော်တို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က နည်းဗျူဟာ မြောက်တဲ့ အစီအစဉ်တွေ ရှိသင့်တယ်။ အဲဒါတွေ ဖြစ်ဖို့အတွက် တိုင်းရင်းသားအစစ်တွေနဲ့ပဲ လုပ်ပါမယ်။ တိုင်းရင်းသားနဲ့ ပတ်သက်လာရင် ကျွန်တော်တို့က အလွန်အလေးထားတာပါ။ အန်အယ်လ်ဒီက ပွင့်ပွင့်လင်း လင်း ပြောရရင် ပုလဲကုံးလေးတစ်ခုလို ရည်းမှန်းထားတာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ထဲ ဝင်ပြီး တိုင်းရင်းသား ရေးရာတွေ လုပ်လို့ရပါတယ်။ အဲ့လို ကိုယ်စားပြုပြီး လုပ်နိုင်အောင်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့က တိုင်းရင်း သားရေးရာ ကော်မတီကို ဖွဲ့တာပါ။ ''ဟု ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောဆိုသည်။

အစည်းအဝေးဆုံးဖြတ်ချက်အရ တိုင်းရင်းသားရေးရာကော်မတီအတွက် ဥက္ကဋ္ဌအဖြစ် ကချင်ပြည်နယ်မှ ဦးအင် ထွမ်ဂါးနော်ဆမ်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့ကို အမည်စာရင်း ပေးသွင်းထားပြီး ဖြစ်သည်ဟု သိရသည်။

ကျန် တိုင်းနှင့်ပြည်နယ်များတွင်လည်း တိုင်းရင်းသားရေးရာကော်မတီကို အားဖြည့်ပြီးပါက တိုင်းရင်းသားရေးရာ နှင့် ပတ်သက်ပြီး အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားမည်ဟု ဒေါက်တာဇော်မြင့်မောင်က ပြောဆိုခဲ့သေးသည်။

လာမည့် ၂၀၂၀ ပြည့်နှစ်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်ရာ တိုင်းရင်းသားပါတီများ အနေဖြင့် ပါတီတစ်ခုတည်း ပူးပေါင်းကာ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေကြချိန်တွင် အာဏာရပါတီ အနေဖြင့် တိုင်းရင်းသားရေးရာကော်တီအတွက် ပြင်ဆင်လာခြင်း ဖြစ်သည်။

တိုင်းရင်းသားပါတီများဘက်ကလည်း ပါတီများဖျက်သိမ်းကာ ဒေသကိုယ်စားပြု တစ်ပါတီတည်းအဖြစ် ပူးေပေါင်းထူထောင်ကာ ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP) ၊ မွန်ညီညွတ်ရေးပါတီ ( MUP)၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ( KNDP) ၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ( KSDP) ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( CNLD) တို့အဖြစ် လာမည့်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများသည် နေရာအများစုတွင် ရှုံးနိမ့်ခဲ့ပြီးနောက် ယခုရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်လာကြခြင်း ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဗဟိုကော်မတီ၊ တတိယအကြိမ်မြောက် ပုံမှန်အစည်းအဝေး နှစ်ရက်တာ ဆွေးနွေးချက်များအရ “ ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ဦးဆောင်ပြီး စွမ်းရည်မြင့် သင်တန်းများပေးမည်၊ တွေ့ဆုံပွဲများ ပြုလုပ်ခြင်းဖြင့် ပါတီ၊ အစိုးရ၊ လွှတ်တော် ဟန်ချက်ညီညီ ဆောင်ရွက်မည်၊ လယ်ယာမြေကိစ္စများ နှင့် ပတ်သက်ပြီး သက်ဆိုင်ရာအစိုးရအဖွဲ့များကို တိုက်တွန်းပေးမည်၊ ရွေးကောက်ပွဲ မဟာဗျူဟာရေးဆွဲခြင်း ပြုလုပ်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များမှ ရွေးကောက်ပွဲဆိုင်ရာ အခြေခံအချက်အလက်များ ပေးပို့ရမည်၊ တိုင်းရင်းသားရေးရာ ကော်မတီ ဖွဲ့စည်းမည်” စသည့် အချက်ငါးချက်ကို ဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်သည်။

ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP)သည် ကချင်ဒီမိုကရက်တစ်ပါတီ( KDP) ၊ ကချင့်ပြည်နယ်ဒီမိုကရေစီပါတီ( KSDP) ၊ ကချင်အမျိုးသားများဒီမိုကရေစီကွန်ဂရက် ပါတီ(KNCD)တို့ ဖျက်သိမ်းကာ ထူထောင်ထားခြင်း ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly