မွန်ပြည်နယ်ရှိ ရေဘေးသင့် ဒေသခံပြည်သူများအား မလေးရှားရောက်မြန်မာများမှ စုပေါင်းလှူဒါန်း

မွန်ပြည်နယ်ရှိ ရေဘေးသင့် ဒေသခံပြည်သူများအား မလေးရှားရောက်မြန်မာများမှ စုပေါင်းလှူဒါန်း

မော်လမြိုင်၊ စက်တင်ဘာ ၂၂ ။             ။ အဝေးရောက်မြန်မာများ တည်ထောင်ထားသော မလေးရှားနိုင်ငံ၊ ဂျိုးဟိုးစီနိင်းမြို့အခြေစိုက် “ အာသောက ကျန်းမာရေးဖောင်ဒေးရှင်း” အဖွဲ့သည် စက်တင်ဘာ ၂၀ နှင့် ၂၁ ရက်နေ့များတွင် မွန်ပြည်နယ်ရှိ မြေပြိုသဘာဝဘေးအန္တရာယ်ခံစားနေရသော ဒေသခံပြည်သူများထံသို့ သွားရောက်ကူညီလှူဒါန်းခဲ့ကြသည်။

အာသောကကျန်းမာရေးဖောင်းဒေးရှင်းအဖွဲ့သည်  စက်တင်ဘာလ ၂၀ ရက်နေ့က မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာရှိ မြေပြို၍ ပြိုကျပျက်စီးဆုံးရှုံးသွားခဲ့သည့် ဥတ္တရာမကျောင်း ပြန်လည်တည်ဆောက်ရန် အတွက် ကျောင်းထိုင်ဆရာတော် အရှင်ဓမ္မသာရထံ ဝတ္ထုငွေကျပ် ၁ဝသိန်း လှူဒါန်းခဲ့သည်။

စက်တင်ဘာလ ၂၁ ရက်နေ့တွင် ချောင်းဆုံမြို့နယ် ကလော့ကျေးရွာရှိ သဘာဝဘေးဒဏ်ခံစားရသည့် အိမ်ခြေ ရှစ်လုံးအတွက် တစ်အိမ်လျှင် ကျပ်နှစ်သိန်းနှုန်းနှင့် ဘုန်းကြီးကျောင်း သုံးကျောင်းအတွက် တစ်ကျောင်းလျှင် ကျပ် ငါးသိန်း၊ ဆန်၊ ဆီ၊ ငါးသေတ္တာ၊ စာရေးကရိယာများ လှူဒါန်းခဲ့သည်။

ဆက်လက်၍ ကျိုက်မရောမြို့နယ်ရှိ ရေဘေးသင့်ခဲ့သော ပေါလောကုန်းကျေးရွာရှိ ဘုန်းကြီးကျောင်း နှစ်ကျောင်းအား ကျပ်ငါးသောင်းစီနှင့် ရေဘေးသင့်သူများအား ဆန်၊ ဆီ၊ ငါးသေတ္တာ၊ စာရေးကရိယာများအား ပေါလောကျွန်းကျေးရွာအတွက် ဆန်၊ ဆီ၊ ငါးသေတ္တာ၊ စာရေးကရိယာများ၊  မီးသွေးကုန်းကျေးရွာ ရေဘေးသင့်ဘုန်ကြီးကျောင်းအား ဝတ္ထုငွေကျပ်နှစ်သိန်း၊ ရေဘေးသင့်ပြည်သူများအား ဆန်၊ ဆီ၊ ငါးသေတ္တာများ လှူဒါန်းထောက်ပံ့ခဲ့သည်။

အာသောကကျန်းမာရေးဖောင်းဒေးရှင်းအဖွဲ့သည် မလေးရှားနိင်ငံတွင် လာရောက် လုပ်ကိုင်ကြသော မြန်မာနိုင်ငံသားများ၏ လူမှုရေး၊ ကျန်းမာရေးအတွက် ကူညီပေးရန် ဖွဲ့စည်းထားသောအဖွဲ့ ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ဖြစ်ပွားသော သဘာဝဘေးအန္တရာယ်များတွင် လာရောက်လှူဒါန်းခြင်းဖြစ်ကြောင်း ယင်းအဖွဲ့တာဝန်ခံ မပပစိုးကြည်က ပြောသည်။

“ ဒီနှစ် မွန်ပြည်နယ်က သဘာဝဘေးဒဏ်အခံရဆုံးဖြစ်တယ်လို့ သိရပါတယ်။ မလေးရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ လှူဒါန်းငွေနဲ့ သဘာဝဘေးဒဏ် ခံစားနေရတဲ့ပြည်သူတွေကို ဒေသအရောက် လှူဒါန်းတာပါ” ဟု တာဝန်ခံ မပပစိုးကြည်က ဆိုသည်။

အာသောကကျန်းမာရေးဖောင်းဒေးရှင်းအဖွဲ့သည် ၂၀၁၅ ခုနှစ်မှ စတင်ပြီး မြန်မာနိင်ငံတွင် ဖြစ်ပေါ်နေသော သဘာဝဘေးအတွက် ကျပ်သိန်း ၁၃၀၀ ကျော် လှူဒါန်းခဲ့ပြီး ယခုသဘာဝဘေးသင့် ပြည်သူများအတွက် ကျပ်သိန်း ၁၇၀ လှူဒါန်းခဲ့ကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly