ကလေးငယ်တစ်ဦး ဓားဖြင့် ထိုးသတ်ခံရမှု မုံရွာတွင် ဖြစ်ပွား

ကလေးငယ်တစ်ဦး ဓားဖြင့် ထိုးသတ်ခံရမှု မုံရွာတွင် ဖြစ်ပွား
ဓားဖြင့်ထိုးခဲ့သော အခင်းဖြစ်ပွားရာနေရာအား တွေ့မြင်ရစဉ်။

မုံရွာ၊ စက်တင်ဘာ ၂၂ ။            ။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ မအူကျေးရွာအုပ်စု၊ မအူကြီးကျေးရွာ၊ ဒီပါအေးမြဘုရားဝင်းအတွင်း ယနေ့ စက်တင်ဘာ ၂၂ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ဒုတိယနှစ်ကျောင်းသားတစ်ဦးက အသက် ၆ နှစ်အရွယ် ကလေးငယ် တစ်ဦးကို ဓားဖြင့်ထိုးသတ်မှုတစ်ခု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ မအူကြီးကျေးရွာသို့ အလည်ရောက်ရှိလာသော ဥက္ကာမင်း( အသက် ၁၉ နှစ်) တောင်ငူတက္ကသိုလ်၌ အဝေးသင်ဒုတိယနှစ် တက်ရောက်နေသူသည် ဘုရားဝင်းအတွင်း စာကျက်နေစဉ် တစ်စုံတစ်ရာပြောဆိုခြင်း မရှိဘဲ အနီးတွင် ဆော့ကစားနေသည့် ကလေးငယ်သုံးဦးအနက် မအိသက်ရှည် (၆) နှစ်အား အရိုးအသွား ၉ လက်ခွဲခန့်ရှိ ကော်ရိုးတပ် ဟင်းလှီးဓားဖြင့် ထိုးသတ်ခဲ့ကြောင်း သိရသည်။

" တရားခံရဲ့ ပြောပြချက်အရ ဘယ်လိုလုပ်လို့ လုပ်လိုက်မှန်းကို မသိဘူး။ ထိုးပြီးမှပဲ။ ကလေးမလေးကို ဓားနဲ့ ထိုးလိုက်တယ်။ ဖြစ်ပြီးသွားမှပဲ ဘာဖြစ်လို့ဖြစ်မှန်းမသိဘူးလို့ ထွက်ဆိုတယ်"ဟု မုံရွာမြို့မရဲ့စခန်းမှ စခန်းမှူး ဒုရဲမှူးဝင်းနိုင်က ပြောသည်။

ဓားဖြင့် ထိုးခံရမှုကြောင့် ကလေးငယ်မှာ ဝဲဘက်လည်ပင်းတွင် ထိုးသွင်းဒဏ်ရာ ၂ ချက်၊ ဝမ်းဗိုက်ပြတ်ရှ ဒဏ်ရာ ၂ ချက်၊ ဝဲခါးစောင်း ပြတ်ရှ ၂ ချက်များရရှိခဲ့ပြီး မုံရွာပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူစဉ် သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ကလေးငယ်ကို ဓားဖြင့် ထိုးသတ်ခဲ့သူ  ဥက္ကာမင်းအား မုံရွာမြို့မရဲစခန်းတွင် အမှုကြီးအမှတ်စဉ် ၁၁ / ၂၀၁၉ (ပ)၂၁၀၈/၂၀၁၉ ရာဇသတ်ကြီး ၃၀၂ ဖြင့် အမှုရေးဖွင့်ထားကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly