အစာအိမ်ရောဂါရှိလို့ ဘာစားရမယ်မသိဘူးဆိုသူတွေအတွက်

အစာအိမ်ရောဂါရှိလို့ ဘာစားရမယ်မသိဘူးဆိုသူတွေအတွက်

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


ခန္ဓာကိုယ်ကျန်းမာဖို့အတွက် အစာခြေစနစ်ရော အစာအိမ်ပါကျန်းမာဖို့လိုပါမယ်။ အစာအိမ်ရောဂါရှိနေတယ်။ ဒါပေမယ့် ကျန်းကျန်းမာမာနေချင်တယ်ဆိုရင် အစာအိမ်လေးရဲ့ ကျန်းမာရေးကို မေ့ထားလို့မဖြစ်ပါဘူး။ ဒီတစ်ခေါက်တော့ အစာအိမ်ဝေဒနာရှိသူတွေအတွက် ကျန်းမာစွာနေထိုင်နည်းလေးကို ပြောပြပေးပါရစေနော်။
အစာအိမ်ရောဂါဘာကြောင့်ဖြစ်ရတာလဲ………….

ဒီနေရာမှာ လူတော်တော်များများယူဆကြတာက အစာအိမ်ရောဂါဖြစ်ရတာက အစားမမှန်လို့လို့ ထင်တတ်ကြပါတယ်။ တကယ်ကတော့ ဒီတစ်ချက်တည်းကြောင့် မဟုတ်ပါဘူး။ အစားစားချိန်မမှန်တာကြောင့် အစာအိမ်ရောဂါဖြစ်နိုင်သလို အစားကိုလိုတာထက်ပိုစားတာ၊ အပူအစပ်တွေစားတာ၊ အက်ဆစ်ပါဝင်မှုလွန်ကဲတာတွေစားသုံးတာ၊ အယ်လ်ကိုဟောသောက်သုံးမှုတွေကြောင့်လည်း အစာအိမ်ထိခိုက်နိုင်ပါတယ်။ သောက်သုံးရတဲ့ ဆေးဝါးတွေကြောင့်လည်း အစာအိမ်ထိခိုက်နိုင်ပါတယ်။
အစာအိမ်ရောဂါရှိနေတယ် ဘာတွေစားရမလဲ………

အစာအိမ်ရောဂါရှိနေသူတစ်ယောက်အနေနဲ့ အစာအိမ်ကို ထိခိုကစေမယ့်အရာတွေကို မစားမိတာကတော့ အကောင်းဆုံးပါ။ ဒါကြောင့် အပူအစပ်တွေ၊ အဆီများတဲ့ အစားအစာတွေ အစာကြေခဲတဲ့ အစားအစာတွေကို မစားသုံးသင့်ပါဘူး။ ကဖင်း၊ အယ်လ်ကိုဟော နဲ့ ဆေးလိပ်သောက်သုံးမှုတွေကိုလည်း ရှောင်ကြဉ်ဖို့လိုပါမယ့်။ ဒါ့အပြင် အစာခြေအက်ဆစ်အထွက်များစေမယ့် အစားအစာတွေကိုလည်း ရှောင်ဖို့လိုပါမယ်။ ဒီလိုပြောရတဲ့အကြောင်းအရင်းက အစာခြေအက်ဆစ်က လိုတာထက်ပိုများတဲ့အခါ အစာအိမ်နံရံတွေကို ထိခိုက်စေနိုင်တာကြောင့်ပါ။

ဒါ့အပြင်နေ့စဉ်စားသုံးမှုမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေအောင် ဂရုစိုက်သင့်သလို ရေဓာတ်လုံလောက်အောင် သောက်သုံးဖို့လည်း မမေ့သင့်ပါဘူး။ ဂတ်စ်ပါဝင်မှုများတဲ့ အချိုရည်တွေကိုလည်း တတ်နိုင်သမျှရှောင်ဖို့လိုပါမယ်။ ဒါဆိုရင် ဘာတွေစားရမလဲလို့ မေးစရာရှိနေမှာပါ။ ဒီတော့ အစာအိမ်ရောဂါရှိနေတယ်ဆိုရင် အခုပြောပြမယ့် အစားအစာလေးတွေကိုတော့ စားသုံးပေးလို့ရပါတယ်။

  •     ထမင်း
  •     ပေါင်မုန့်
  •     ကိတ်မုန့်
  •     ဒိန်ချဉ်
  •     သာကူ
  •     အဆီပါဝင်မှုနည်းတဲ့အသား
  •     ကီဖာ
  •     ပန်းသီး
  •     အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးအနှံတွေ
  •     တရုတ်နံနံ
  •     ပင်ပွားစေ့
  •     သင်္ဘောသီး
  •     အုတ်ဂျုံ
  •     ကင်မ်ချီ
  •     မီဆို
  •     ဂျင်း (ချငး်)
  •     ကြက်သား
  •     ဆယ်လ်မွန်ငါး စတာတွေကို စားသုံးပေးလို့ရပါတယ်။

အခုပြောခဲ့တဲ့အစားအစာတွေကို စားမယ်။ အချိန်မှန်မှန်စားမယ်။ ရေဓာတ်ပြည့်ဝအောင်နေမယ်။ သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်မယ်။ စိတ်ဖိစီးမှုတွေကို ဖြေလျှော့မယ်။ အိပ်ရေးဝဝအိပ်မယ်ဆိုရင်တော့ အစာအိမ်လေးက ကျန်းမာနေစေမှာ အသေအချာပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly