ဒေါ်အောင်ဆန်းစုကြည်ဟာ ပြိုင်ဘက်ကောင်းပါလို့ ကော့မှူးမြို့နယ်အမတ်လောင်း ဒေါ်ယုယုခိုင်ပြော

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြိုင်ဘက်ကောင်းပါလို့ ကော့မှူးမြို့နယ်အမတ်လောင်း ဒေါ်ယုယုခိုင်ပြော

အမျိုးသား တိုးတက်ရေးပါတီရဲ့ အမျိုးသမီးလွှတ်တော်အမတ် ဒေါ်ယုယုခိုင်ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကော့မှူးမြို့နယ် မဲဆန္ဒနယ်ရဲ့ လွှတ်တော် အမတ်လောင်းလည်း ဖြစ်ပါတယ်။

မဇ္ဈိမနဲ့ ဒေါ်ယုယုခိုင်တို့ တွေ့ဆုံမေးမြန်းမှုမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ပြိုင်ဘက်ကောင်း တစ်ယောက်လို့ ဒေါ်ယုယုမော်က ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။ ကော့မှူးမြို့နယ်ကို သွားရောက်မဲဆွယ်တဲ့နေရာမှာ Image ချင်းကွာတယ်လို့လည်း သူက ဆိုခဲ့ပြီး ပြိုင်ဘက်ကောင်းတွေအဖြစ် သတ်မှတ်ကာ အကောင်းဆုံး ယှဉ်ပြိုင် သွားမယ်လို့လည်း ဒေါ်ယုယုမော်က ဆိုခဲ့ပါတယ်။

“ကိုယ့်လုပ်စာ ကိုယ့်စားတယ်။ ကိုယ်မှန်တယ်ထင်တာ ကောင်းမယ်ထင်တာကို ကိုယ့်တိုင်းပြည် အတွက်ကို လုပ်နိုင်မယ်လို့ ယုံကြည်တဲ့ အတွက်ကြောင့်မို့လို့ ကျွန်မက ဒီနယ်မြေကို ရွေးတာလဲ ပါတာပေါ့နော်” ဟုလည်း ဆိုခဲ့သည်။

မင်္ဂလာပါ မဇ္ဈိမ ပရိသတ်များခင်ဗျာ ကျွန်တော် ဒီနေ့တွေ့ဆုံ ဆွေးနွေးသွားမဲ့သူကတော့ အမျိုးသား တိုးတက်ရေး ပါတီက အမတ်လောင်း ဒေါ်ယုယုခိုင် ဖြစ်ပါတယ်။ သူဟာ ကော့မှူး မဲဆန္ဒနယ်ကနေပြီးတော့ ဝင်ရောက်ယှဉ်ပြိုင်မယ့် အမတ်လောင်းလည်း ဖြစ်ပါတယ်။

ကျွန်တော်တို့ ဆွေးနွေးသွားမယ့် အကြောင့်အရာ တွေကတော့ နိုင်ငံရေးထဲ သူစတင်ပြီးတော့ ဝင်ရောက်လာတဲ့ပုံ၊ နောက် တစ်ခါ ကော့မှူး မဲဆန္ဒနယ်ကို ဘာကြောင့် ရွေးချယ်ရသလဲဆိုတဲ့ အကြောင်းအရာတွေအပြင် အနာဂတ် မြန်မာ့နိုင်ငံရဲ့ လူငယ်တွေ အခန်းကဏ္ဍကိုလည်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

 

မင်္ဂလာပါ ဆရာမ ခင်ဗျာ ပထမဦးဆုံး မေးမဲ့မေးခွန်းကတော့ ဆရာမ ဒီရွေးကောက်ပွဲဝင်ရတဲ့ အကြောင်းအချက်ရယ်၊ နောက်ဆရာမရဲ့ နောက်ခံ Background အကြောင်းအရာလေး နည်းနည်းပြောပြပါ။

ဟုတ်ကဲ့ ကျွန်မကတော့ ပညာရေးက ပြောရမယ်ဆိုရင်တော့ ကျွန်မက မဟာဝိဇ္ဇာ မြန်မာစာ အထူးပြုနဲ့ပေ့ါနော် ဘာသာဗေဒ အထူးပြုနဲ့ ၂၀၀၄ ခုနှစ်မှာ ဘွဲ့ရခဲ့ပါတယ်။ ဒါကတော့ အလုပ်လုပ်ရင်း ရခဲ့တာပေ့ါနော်။ အရင်ကတော့ ၁၀ တန်းအောင်တာနဲ့ အဝေးသင် တက္ကသိုလ်တက်တယ်။ Master နှစ်နှစ်ကို အလုပ်တစ်ဖက်နဲ့ တက်ရင်းနဲ့ ဘွဲ့ရ ခဲ့တာပေ့ါနော်။ နောက်ပိုင်းမှာတော့ အလုပ်အတွက်လိုအပ်တဲ့ ဒီ ပြည်တွင်းပြည်ပ ဘွဲ့လွန် Depeloma တွေကိုလည်း သင်ခဲ့ပါတယ်။

ပြီးတော့ ကျွန်မဒီ လက်ရှိ အလုပ်လုပ်နေရင်းနဲ့ပဲ ကိုယ့်နိုင်ငံရေးကို ပြည်သူတစ်ယောက် အနေနဲ့ စိတ်ဝင်စားတယ်၊ လေ့လာတယ်ပေ့ါနော်။ အဲဒီတော့ အဲဒီမှာကျွန်မ နိုင်ငံရေးနဲ့ ပတ်သက်လို့ ဘာတွေ လေ့လာထားလဲ ပြောမယ်ဆိုရင်တော့ သင်တန်းအနေနဲ့တော့ ကျွန်မ မနှစ်က ဒေါင်တာနေဝင်းမောင် ဦးစီးခဲ့တဲ့ သင်တန်းကျောင်းပေ့ါနော် အဲဒီမှာတော့ သုံးလတက်ခဲ့ပါတယ်။ ၂၀၁၄ January  လကနေပြီးတော့ ဒီ April လောက် အထိပေ့ါ သုံးလလောက်ပေ့ါနော် သင်တန်းပေ့ါစတက်ခဲ့တယ်။ အဲဒီနောက်မှာလည်း ကျွန်မတို့တွေ သိကြမှာပါ အွန်းလိုင်းမှာ ဒါက အမြင်တူတဲ့လူတွေကော မတူတဲလူတွေကော ဆွေးနွေးဖြစ်ကြတယ် ပေ့ါလေ။

အဲလိုဆွေးနွေးဖြစ်ရင်လဲ ဒါစာတွေဖတ်တယ် လေ့လာတယ်ပေ့ါနော်။ ဒီနိုင်ငံရေးထဲကို ဝင်ရေခြင်းရဲ့ အကြောင်းအရင်းခံကတော့ ပြောမယ်ဆိုရင်တော့ ဒီ ၂၀၁၅ မှာစတယ်ရှင့်။ အဓိကကတော့ အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေအမှုကြမ်း၊ ပေါ်လာတဲ့အခါမှာ မူကြမ်းကို ကျွန်မတို့ လေ့လာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့တွေ အကုန်လုံးက ဒီတိုင်းသူ ပြည်သားတွေ အကုန်လုံးက ကိုယ့်နိုင်ငံရဲ့ ပညာရေးကို တိုးတက် စေချင်တယ်ပေ့ါနော်။ ဒီပညာရေးရဲ့ လိုအပ်ချက် တွေကိုလည်း သိတဲ့အခါကျတော့ လေ့လာတယ် လေ့လာတဲ့နေရာမှာ ဒီဥပဒေကြမ်းပေ့ါလေ ဒီပြင်ဆင်တဲ့ ဥပဒေကြမ်းက တကယ်တမ်း တိုးတက်ပြောလဲနိုင်တာထက်ကို နည်းနည်း ပရမ်းပတာ ဖြစ်စေမဲ့အချက်ကလေးတွေပါလာတာကို ကျွန်မတို့တွေ့ရတယ်။

အဲဒီတော့ ပြည်သူတွေအနေနဲ့ ကျွန်မတို့မှာ ဒါအမျိုးသားရေး တာဝန် တစ်ယောက်အနေနဲ့ ပါဝင်ဖို့ လိုအပ်တယ်ဆို ပြီးတော့ ဒီကြားနာပွဲမှာ ကျွန်မတို့ ပါဝင်ခဲ့တယ်ပေ့ါနော်။ အဲလို ပါဝင်ပြီးတော့ ဒီဥပဒေတွေက ဘယ်အချက်တွေ ဘယ်အချက်တွေက အခြေခံဥပဒေနှင့် မညီပါဘူး၊ ဘယ်ဥပဒေနှင့် မညီပါဘူးဆို ဥပဒေပိုင်းအရ ကျွန်မတို့ ထောက်ပြခဲ့သလို နောက်ထပ် ဒီဒုတိယပိုင်းမှာလည်း Social လိုအပ်ချက်တွေ ရှိနေတဲ့အကြောင်းပေ့ါနော် ကျွန်မတို့ အဲဒါကို အချိန်ထိုးပြီးတော့ တင်ပြတယ်။

ကိုယ့်နိုင်ငံကိုပေ့ါ ပြောင်းလဲစေချင်တယ်ဆိုရင် ကိုယ်တိုင်လည်း ပါဝင်ရမယ်။ တစ်နေရာရာ ပြောရေးဆိုခွင့်ရှိတဲ့ နေရာကနေပြီးတော့ ပြောတာ ထိရောက်တယ်ပေ့ါနော်။ ဘယ်လို ထိရောက်လဲဆိုရင် ပြောပြရမယ်ဆိုရင် အမျိုးသား လွတ်တော် ကြားနာပွဲမှာ ကျွန်မတို့ တက်ရောက်ပြီးတော့ အဲလို ကန့်ကွက်တင်ပြခဲ့တယ်ပေ့ါနော်။ အကြံပြုခဲ့တယ် အဲဒါဟာ ဘယ်လောက်ထိ ထိရောက်လည်းဆိုလို့ ရှိရင် အမျိုးသားလွတ်တော် ဒီဥပဒေကြမ်း ကော်မတီကနေပြီးတော့ သူတို့ ဒီအစီရင်ခံစာ တင်ပြတဲ့အချိန်မှာ ဒေါ်ယုယုခိုင်ရဲ့ အကြံပြုတင်ပြချက် ညှိနှိုင်း သဘောတူညီချက်ဆိုပြီးတော့ သူတို့က ဥက္ကဋ္ဌရယ် အတွင်းရေးမှူးရယ်က Remark လုပ်ခဲ့တယ်ပေ့ါနော်။

အဲဒီကနေပြီးတော့ ကျွန်မတို့အတွက် ဒီ ကိုယ့်နိုင်ငံအတွက် တိုးတက်စေချင်တယ်။ ပြောင်းလဲ စေချင်တယ်ဆိုလို့ရှိရင် ဒီပြောရေးဆိုခွင့် ရှိတဲ့ နေရာကို ရောက်မှသာလျှင် ထိထိရောက်ရောက် လုပ်နိုင်မည်ဆိုတာမျိုး သိသွားတယ်ပေ့ါနော်။ အဲဒါ ကြောင့်မို့လို့ နိုင်ငံရေးထဲကို ဝင်ဖို့ ကျွန်မဆုံးဖြတ်လိုက်ရတာပေ့ါ။

 

ဒါကတော့ ဒီပညာရေးကို အကြောင်းအရင်းခံပြီးတော့ နိုင်ငံရေးထဲရောက်လာတဲ့ သဘောပေ့ါ။ ဒါပေမဲ မြန်မာနိုင်ငံကို ပြန်ကြည်မယ်ဆို့ရင် ပညာရေးဘဲဖြစ်ဖြစ်၊ ကျန်းမာရေးဘဲ ဖြစ်ဖြစ်၊ လူမှုရေးဘဲဖြစ်ဖြစ် အစရှိသည်အားဖြင့်ပေ့ါ လိုအပ်ချက်တွေ အများကြီးရှိတယ်လို့ ထောက်ပြကြတယ်။ ထောက်ပြကြ တယ်ဆိုတော့ တစ်ခြား အကြောင်းအချက်အလက်တွေကော ရှိနိုင်ဦးမလားမသိဘူး။

ပြောမယ်ဆိုရင်တော့ အများကြီးပေ့ါနော်။ အဓိကက ကျွန်မပြောတဲ့ အထဲမှာ ပြုပြင် ပြောင်းလဲရေးပေ့ါ။ ဒီပြုပြင် ပြောင်းလဲရေးဟာ လုပ်ကိုလုပ်ရမည့် ကိစ္စပေါ့လေ ဒီလက်ရှိ အစိုးရ ဖြစ်ဖြစ်၊ ဘယ်အစိုးရဘဲဖြစ်ဖြစ် မူဝါဒချမယ်၊ Reforme ဆိုပြီးတော့ လုပ်မယ်။ ဒါပေမဲ့ အောက်ကလူတွေ မလုပ်ရင် ဘာမှမတတ်နိုင်ဘူးလေ။ အဓိကကတော့ ကျွန်မတို့ မြင်တဲ့အမြင်ကတော့ ဒါဝန်ကြီးဌာနတွေမှာ အဲဒီဟာက တက်နေတယ်ပေ့ါ။ အဲလိုယူဆတယ်ပေ့ါ အဲလို အဲဒါတွေကို ထိထိရောက်ရောက် လုပ်မယ်ဆိုတဲ့ဟာက ကော်မတီတွေ ဖွဲ့ပြီးတော့ ဒါတွေကို ထိရောက်အောင် တွန်းသွားရမယ်လို့ ရည်ရွယ်ထားတယ်ပေ့ါနော်။ ဆိုတော့ အဲဒါလည်း ပါတယ်ပေ့ါ တစ်ချက်က။

နောက်တစ်ခုကတော့ ဒါစီးပွားရေးပေ့ါ။ စီးပွားရေးဆိုရင်လည်း အတူတူပါဘဲ။ စီးပွားရေးမှာလည်း ဒါပြုပြင်ပြောင်းလဲရေးက လိုအပ်တာဘဲ။ လိုအပ်တာဘဲဆိုတော့ တကယ် လုပ်တဲ့သူတွေ အကျိုးခံစားခွင့်ရှိတဲ့ ဒီဥပဒေတွေလိုမျိုး ဖြစ်နိုင်အောင် ကျွန်မတို့ တွန်းသွားမယ်ပေ့ါနော်။ ဒါကတော့ နောက်ပိုင်း ပြောတဲ့အထဲမှာတော့ ပါလာမှာပါ။ အဓိကကတော့ ဒီပြုပြင်ပြောင်းလဲရေး လုပ်ချင်တာပါတာပေ့ါ။ ပညာရေးတစ်ခုတည်း မဟုတ်ပါဘူး။

 

ဆရာမပြောတဲ့အထဲထဲမှာ ၂၀၁၅ မှာစပြီးတော့ နိုင်ငံရေးထဲ စိတ်ဝင်စားပြီး ဝင်ရောက်လာတယ် ပေ့ါနော်။ ၂၀၁၅ အလွန် ဒါမှ မဟုတ်လို့ရှိရင် ဒီ ၂၀၁၅ မတိုင်ခင်မှာကော ဒီ နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ ဘယ် Background အချက် အလက်ဘဲဖြစ်ဖြစ် ဘယ်လောက်အထိ ဆရာမ လေ့လာခဲ့သလဲ အဲဒါနဲ့ပတ်သက်ပြီးတော့ ဘယ်လောက်အထိ သိရှိထားသလဲ။

ပြောမယ်ဆိုရင်တော့ လေ့လာထားတာတော့ အများကြီးပေ့ါနော်။ အဲဒါတွေက ကျွန်မတို့က လေ့လာ ထားပြီးတော့ ကျွန်မတို့က ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့ အထိ လုပ်ဆောင် နေပါတယ်။ လက်ရှိ ဒီပါတီက ဒီနှစ်ဆန်းပိုင်းမှာ စတင်ပြီးတော့ ကျတာက သူ့တို့ ဇူလိုင်ထဲမှာ ကျတာဆိုတော့ ဒီမတိုင်ခင်ကတည်းက ကျွန်မတို့အနေနဲ့ ဒီပြည်သူတွေ အနေနဲ့ ပဉ္စမ မဏ္ဍိုင်အနေနဲ့ပေ့ါနော် ကျွန်မတို့တွေ ဒီအဖွဲ့အစည်း တစ်ခုအနေနဲ့ ဒီအစိုးရ၊ လွှတ်တော်၊ အတိုက်အခံပေ့ါ တစ်ခြားအဖွဲ့အစည်းတွေကိုပေ့ါ ကျွန်မတို့က အကြံပြုစာတွေ၊ ပို့ပြီးတော့ လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်မတို့က ဖွဲ့စည်းထားတဲ့ အဖွဲ့လေးရှိပါတယ်။ တရားဝင်အဖွဲ့အစည်းအနေနဲ့ ရပ်တည်မှာပါ။ ပါတီအနေနဲ့ မဟုတ်ဘူးပေ့ါနော်။ ဒါကတော့ အဲဒီမတိုင်ခင်ကတည်းကပေ့ါ။

 

ဆရာမတို့လိုမျိုး အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်း တွေဘဲဖြစ်ဖြစ်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်းတွေဘဲ ဖြစ်ဖြစ်၊ ပါတီကကော ဘယ်လောက်ထိ ကိုယ့်ရဲ့ အရည်အသွေး တိုးတက်လာအောင် ပံ့ပိုးထားတာရှိလဲ။

အမှန်ပြောမယ်ဆိုရင်တော့ လက်ရှိ အမျိုးသား တိုးတက်ရေးပါတီမှာရှိတဲ့ ဒီကိုယ်စားလှယ် လောင်း တော်တော်များများကတော့ CSI ကျောင်းပေါ့နော်။ ကျွန်မတို့ CSI ကျောင်းမှာတော့ မတက်ဖြစ်ခဲ့သေးဘူးပေ့ါ။ အဲဒီကျောင်းကလူတွေဆို တော့ ဒီကျောင်းက မွေးထုတ် ပေးထားတာ ဖြစ်တဲ့အတွက်ကြောင့်မိုလို့ သူတို့တွေက လက်ရှိ လက်တွေ့နယ်ပယ်မှာလည်း အလုပ်အကိုင် ကိုယ်စီရှိကြတဲ့လူတွေ၊ ပြီးတော့ ဒီကျောင်းမှာလည်း ဒါနိုင်ငံရေးကို သီဝရီပိုင်းမှာလည်း သင်ယူခဲ့တဲ့လူတေ ွ ဖြစ်တဲ့အတွက်ကြောင့် သူတို့တွေကို ဒါအထေက်အကူ အများကြီး ပေးတဲ့ သဘောမှာရှိတယ်။

 

ဆရာမဝင်ရောက် ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်မယ့် နယ်မြေလည်းဖြစ်တယ် ဒါအများတကာရဲ့ အာရုံစိုက်မှုကို ရတဲ့ မဲဆန္ဒနယ်လည်းဖြစ်တယ် ဆိုတဲ့အခါကျတော့ ဒီဆန္ဒနယ်ကို ဝင်ရောက်ယှဉ်ပြိုင် ဖို့အတွက် ဆရာမကိုယ်တိုင် ရွေးချယ်ခဲ့တာလား၊ ဒါမှမဟုတ် ပါတီကနေပြီးတော့ ဒါကတော့ ဆရာမ သင့်တော်တယ်ဆိုပြီးတော့  ဆရာမကို ဝင်ပြိုင်ခိုင်းလိုက်တာလား။

အထင်ကရ ဖြစ်တယ်ဆိုတာ အစကတော့ မဟုတ်ဘူးရှင့် အခု ကျွန်မဝင်လာတော့မှ အထင်ကရ ဖြစ်သွားတယ်လို့ ထင်တာဘဲ။ ပြောရမယ် ဆိုလို့ရှိရင်တော့ ဒီနယ်မြေကို ရွေးချယ်တာကတော့ အဆိုပြုတာက ကျွန်မပါ။ ပြီးတော့ ဒါဆရာတွေနဲ့ တိုင်ပင်ပြီးတော့မှ ဒါသူတို့ ခွင့်ပြုချက်ရမှလည်း လုပ်လို့ရမှာလေ။ အားလုံးတိုင်ပင်ပြီးမှ ဆုံးဖြတ်တာပါ။

 

ဒီလိုမျိုးနေရာမှာ ဝင်ပြိုင်ဖို့ကိုကော ဒီပါတီကနေပြီးတော့ ဘယ်လောက်အထိ အထောက်အပံ့ ပေးထားသလဲ မူဝါဒပဲဖြစ်ဖြစ် မဲဆွယ် စည်းရုံးတဲ့နေရာမှာ ဘယ်လိုမျိုး စည်းရုံးသင့်လဲဆိုတာလဲ ဖြစ်ဖြစ်ပေါ့နော်။ ဒါတွေကိုကော ပါတီကနေပြီးတော့ မူဝါဒ ချမှတ်ထားတာရှိလား၊ ဆရာမကကော ဘယ်လိုမျိုး လုပ်နေပြီးလဲ။

ပါတီရဲ့ မူဝါဒ တစ်ခုကတော့ ဒါလူငယ်တွေ နိုင်ငံရေး အနာဂတ် ဖြစ်ရမည် သဘောပေ့ါနော်။ ကိုယ်က လူငယ်ဖြစ်တာအ တွက်ကြောင့်မို့လို့ ဒီမဲဆန္ဒနယ်မှာ ရွေးတဲ့အခါကျတော့ သူတို့အနေနဲ့ အာပေးတယ်။ ဒါပေမဲ့ ထောက်ပံ့ ဆိုတဲ့နေရာမှာ အခုနလို မူဝါဒပိုင်းဆိုင်ရာနဲ့ ဒါတစ်ခြား ဒီလိုအပ်တဲ့ အချက်အလက်တွေကို ဒါ ထောက်ပံ့ ပေးတာတော့ ရှိတာေ့ပါနော်။ သိတဲ့အတိုင်းပဲ အခြားထောက်ပံ့တဲ့ ဟာဆိုတဲ့ နေရာမှာကျတော့ ဒီပါတီကလည်း အသစ်ဖြစ်တယ်။ သိပ်လည်း မကြာသေးတဲ့ အခါကျတော့ ရန်ပုံငွေမရှိတဲ့အခါကျတော့ အားလုံးကတော့ လက်ရှိ အနေအထားမှာတော့ ကိုယ်စားလှယ် လောင်းတွေဟာ ကိုယ့်အစီအစဉ်နဲ့ ကိုယ်လုပ်နေကြတာ များပါတယ်။

 

ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီမဲန္ဒနယ်ကိုသွားပြီးတော့ မဲဆွယ် စည်းရုံးရေးတွေ လုပ်တယ်။ ဆရာမက ဒီမဲဆွယ် စည်းရုံးရေးတွေ လုပ်နေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီနေရာမှာ ဆရာမရဲ့ မဲဆွယ်စည်းရုံးရေး မဟာဗျူဟာက ဘာဖြစ်မလဲ။

ကွာတာပေါ့နော် ဘာဖြစ်လို့လဲဆိုတော့ ဒါ Images ချင်းကလည်း ကွာတာကိုး။ အဲဒီတော့ အန်တီ(ဒေါ်အောင်ဆန်းစုကြည်) ကတော့ အရင်တုန်းက ရွာတိုင်းမှာလည်း စည်းရုံး ရေးမှူးတွေရှိတယ်။ နောက်ပြီးတော့ ရပ်ရွာတွေမှာဆိုရင် ဥက္ကဋ္ဌတွေ ရှိတယ်။ တည်ဆောက် ထားပြီးသား ရှိတယ်ပေ့ါနော်။ အဲဒီတော့ ဘယ်လိုဘဲဖြစ်ဖြစ် အန်တီလာမယ်၊ ဟောပြောမယ် ဆိုလို့ရှိရင် လူစုရတာလွယ်တယ်ပေ့ါ။ ကိုယ်ကျတော့ သိပ်မသိဘူးလေ။ ပါတီ တည်ထောင်ဖို့ကျတော့လည်း နောက်ကျတဲ့အခါကျတော့ ကျွန်မတို့ နာမည်ရွေးတာနဲ့ ဘာနဲ့ဆိုတော့ စည်းရုံးရေး မတိုင်ခင် ကာလလေးတွေမှာ ကျွန်မတို့လည်း စပြီးသွားလို့ ရတဲ့အချိန်မှာတော့ အဲလိုခက်တဲ့အခါကျတော့ သူတို့ ကိုယ့်ဆီမလာတော့ ကိုယ်က သူတို့ဆီကို ရောက်အောင် သွားရတာပေ့ါနော်။ အဲဒီဗျူဟာနဲ့ သွားပါတယ်။ ကျွန်မ အဲမှာရှိတဲ့ ကျေးရွာအုပ်စု ၅၅၊ နောက်ပြီးတော့ ဒီရက်ကွက်က ၇ ခုပေ့ါ၊ အားလုံးပေါင်း ၆၂ အုပ်စုမှာ ၁၂၇ ရွာ ရှိတယ်။ အဲဒီရွာတွေ အားလုံးနီးပါးကို ကျွန်မရောက်အောင် သွားပါတယ်။

 

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြိုင်ဘက်ကောင်းပါလို့ကော့မှူးမြို့နယ်အမတ်လောင်း ဒေါ်ယုယုမော်ပြော“ကိုယ့်လုပ်စာ ကိုယ့်စားတယ်။ ကိုယ်မှန်တယ်ထင်တာ ကောင်းမယ်ထင်တာကို ကိုယ့်တိုင်းပြည် အတွက်ကို လုပ်နိုင်မယ်လို့ ယုံကြည်တဲ့ အတွက်ကြောင့်မို့လို့ ကျွန်မက ဒီနယ်မြေကို ရွေးတာလဲ ပါတာပေါ့နော်”“အထင်ကရ ဖြစ်တယ်ဆိုတာ အစကတော့ မဟုတ်ဘူးရှင့် အခု ကျွန်မဝင်လာတော့မှ အထင်ကရ ဖြစ်သွားတယ်လို့ ထင်တာဘဲ။ ပြောရမယ် ဆိုလို့ရှိရင်တော့ ဒီနယ်မြေကို ရွေးချယ်တာကတော့ အဆိုပြုတာက ကျွန်မပါ”“ကွာတာပေါ့နော် ဘာဖြစ်လို့လဲဆိုတော့ ဒါ Images ချင်းကလည်း ကွာတာကိုး။ အဲဒီတော့ အန်တီ(ဒေါ်အောင်ဆန်းစုကြည်) ကတော့ အရင်တုန်းက ရွာတိုင်းမှာလည်း စည်းရုံး ရေးမှူးတွေရှိတယ်။ နောက်ပြီးတော့ ရပ်ရွာတွေမှာဆိုရင် ဥက္ကဋ္ဌတွေ ရှိတယ်”ဆက်ဖတ်ရန် - http://mizzimaburmese.com/article/6072

Posted by Mizzima - News in Burmese on Thursday, October 15, 2015

ဆရာမ သွားပြီးတော့ တွေ့ဆုံဆွေးနွေးတယ် ဒါမှမဟုတ်၊ မဲဆွယ် စည်းရုံးတယ်ပေါ့ အဲဒီမှာ မဲဆန္ဒရှင်တွေရဲ့ တုန့်ပြန်မှုကကော ဆရာမအပေါ်မှာ ဘယ်လိုမျိုးရှိလဲ။

ပြောမယ်ဆိုရင်တော့ တစ်ချို့ရွာ တော်တော်များများ ပေ့ါနော်။ သူတို့တွေက ကောင်းကြပါတယ်။ ကောင်းကြတယ်ဆိုတော့ သူတို့က နားလည်တယ်ပေ့ါနော်။ ဘယ်သူဘဲ ဖြစ်ဖြစ် ဒါကောင်းတာလုပ် တာဘဲဆိုပြီးတော့ သူတို့က Welcome လုပ်တယ်။ ပြီးတော့မှသူတို့ ပေးချင်တဲ့လူ ပေးမှာပေ့ါနော်။ ဒါက တစ်ပိုင်းပေ့ါ။ အဲလို Welcome လုပ်ကြတဲ့ ရွာတွေများပါတယ်။ ဒါပေမဲ့ တစ်ချိုရွာတွေကတော့ ဘယ်လိုခေါ်မလဲ ဒီနည်းနည်းတော့ တစ်ဖက်စွန်း ရောက်တယ်ပေ့ါလေ။ ဒါဆို ဒါဘဲပေ့ါနော်။ သူတို့က ရိုးသားကြတယ်ဆိုတော့ ငါတို့က ဒါမှဒါဘဲ မလာနဲ့ပေ့ါနော်။ များသောအားဖြင့် ကတော့ သူတို့ လက်ခံကြပါတယ်။ ဟောပြောပွဲ လုပ်မယ်ဆိုရင်လည်း ဝိုင်းကူကြတယ်။ အလေ့အထလေး ရှိတာတော့ ချစ်စရာအရမ်းကောင်းပါတယ်။

 

ဒီရွေးကောက်ပွဲကို ဝင်ပြိုင်မယ့်နေရာမှာ ဒီလိုမျိုး အခြေအနေလည်းတွေ့ပြီးဆိုတော့ ကိုယ့်ကိုကိုကော ယုံကြည်မှုရာခိုင်နှုန်း ဘယ်လောက်အထိ ရှိနေသလဲ။

ကျွန်မကတော့ ယုံကြည်တယ်။ ဘယ်ဖြစ်လို့လဲ ဆိုတော့ ကျွန်မက ဒီဒေသကို ရွေးချယ်တယ်ဆိုက တည်းက ဒီဒေသမှာ ဘာတွေ လိုအပ်နေလဲ ဆိုတာကို ကိုယ်က လေ့လာတာပေ့ါ။ လေ့လာတဲ့အတိုင်းနဲ့ဘဲ သိတယ်ပေ့ါနော်။ သိတဲ့အခါကျတော့ ဒီဟာတွေကို ဘယ်မျိုးဖြေရှင်မလဲဆိုတဲ ဒါ Solution ပါ ကျွန်မတို့က တစ်ခါတည်း စဉ်းစားထား ပြီးသားပေ့ါ။ ဆိုတော့ အဲဒီဘက်တွေကို စည်းရုံးတဲ့အခါမှာ သူတို့က ပြောတယ်။ ကိုယ်ပြောခွင့်ရလို့ နားထောင်ခွင့် ရတဲ့လူတွေဟာ သူတို့ စဉ်းစားစရာ ရသွားပြီ၊ ငါ့တို့ဒေသအတွက် တကယ်လိုအပ်တာ ဘယ်သူလဲ ဆိုတာမျိုးသူတို့ သိတယ်ပေ့ါနော်။ အဲဒီအခါမျိုး ဆိုလို့ရှိရင်တော့ ဒါကိုယ့်အတွက် ဒါရလဒ်က ကောင်းနိုင်တယ်ပေ့ါ။

ဒါပေမဲ့ နည်းနည်း အခက်အခဲတစ်ခုရှိတာက ကိုယ့်အင် ကိုယ့်အားနဲ့ကျတော့ ကျယ်ကျယ် ပြန့်ပြန့်ကတော့ အခုအချိန်မှာ ရက်ကလဲကပ်၊ ဝေးကလည်းဝေး တစ်နေရာနဲ့ တစ်နေရာဆိုတော့ နည်းနည်းတော့ ခက်ခဲတယ်ပေ့ါလေ။ မြို့နယ်တစ်ခုမှာ နယ်မြေ တစ်ခုမှာ ဒီ ကိုယ်စားလှယ်လောင်းတွေရှိတယ်။ အဲဒီ ကိုယ်စားလှယ် လောင်းတွေဟာ Round Table သဘောမျိုးဘဲဖြစ်ဖြစ်၊ ဒါမှမဟုတ်လို့ရှိရင်လဲဘဲ ဆွေးနွေးပွဲ ပုံစံလိုမျိုးဘဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ်လဲဘဲ Dabate  လို သဘောမျိုးဘဲ ဖြစ်ဖြစ်ပေါ့နော်။ ဒေသဖွံ့ဖြိုးရေး အတွက် လိုအပ်ချက် အစီအမံများဆိုတဲ့ ခေါင်းစဉ်နဲ့များ ဆွေးနွေးခွင့် ရမယ်ဆိုရင် ဒီဒေသကလူတွေ ဒါမြို့နယ်ရဲ့ လူတွေဟာ ဒီရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းတွေကို သူတို့ အကဲဖြတ်ခွင့် ရနိုင်မှာပေ့ါနော်။ အဲလိုသာ ဆိုရင်တော့ ကျိမ်းသေပါတယ်။ ကျွန်မ အောင်မြင်မှု ရမယ်လို့ ယူဆတယ်။

 

ဒီမဲဆန္ဒနယ်ဟာ ကျွန်တော်ထင်တယ်ပေ့ါ။ ကျွန်တော်ထင်တာ သာမန်လူ ဆိုရင်တော့ ဒါကတော့ မဖြစ်နိုင်ဘူး ရှောင်လိုက်မယ်ဆိုတဲ့ အတွေးအခေါ်မျိုး ရှိကောင်း ရှိနိုင်တယ်ပေ့ါနော်။ ဆရာမကကို အဲဒီလိုမျိုး တွေးခေါ် ယူဆချက်မဟုတ်ဘဲနဲ့ ငါပြိုင်မယ် ဆိုပြီးတော့မှ ဖြစ်သွားတာက တစ်ခြားအကြောင်းအရာတွေ ဘာရှိလဲမသိဘူး။

ဟုတ်ကဲ့ ပြောရမယ်ဆိုရင် သာမန်လူမှ မဟုတ်ပါဘူး ဗိုလ်ချုပ်တွေတောင် အဲနယ်မြေကို ရှောင်ပါတယ်ရှင့်။ ထည့် မပြိုင်ပါဘူး ဟုတ်လားတော့ မသိဘူးရှင့်။ ဟုတ်ကဲ့ ကျွန်မကျတော့ ဘယ်လိုလဲ ဆိုတော့ ကျွန်မက ပြည်သူ၊ ပြည်သူထဲမှာမှ ၁%  ထက်နည်းတဲ့ အခွန်ဆောင်ထားတဲ့ ပြည်သူထဲမှာ ပါတယ်ရှင့်။ အဲတော့ ဘယ်လိုပြောမလဲ ဆိုတော့ ဒါကိုယ့်လုပ်စာ ကိုယ့်စားတယ်။ ကိုယ်မှန်တယ်ထင်တာ ကောင်းမယ်ထင်တာကို ကိုယ့်တိုင်းပြည် အတွက်ကို လုပ်နိုင်မယ်လို့ ယုံကြည်တဲ့ အတွက်ကြောင့်မို့လို့ ကျွန်မက ဒီနယ်မြေကို ရွေးတာလဲ ပါတာပေါ့နော်။

 

ကျွန်တော်နည်းနည်းလေး ဖြည့်မေးစရာရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆရာမက ပြိုင်ဘက်ပေါ့နော်။ ဒါရွေးကောက်ပွဲ နယ်မြေနဲ့ ပတ်သက်ပြီး ဒါပြိုင်ဘက် ဖြစ်ပြီပေါ့ ကိုယ့်ရဲ့ ပြိုင်ဘက်ကို အသာရဖို့ အနိုင်ပိုင်းနိုင်ဖို့ ဘာများ စဉ်းစားထားတာရှိလဲ ငါတော့ ဒါလုပ်ပြလိုက်ပြီးတော့ မဲဆန္ဒရှင်တွေရဲ့ မဲကို ရအောင်ယူမယ်ဆိုတဲ့ ဟာမျိုးပေါ့။

ပြောမယ်ဆိုရင် ကျွန်မက ကိုယ့်ဟာကိုယ်သိတယ်ပေါ့နော်။ ကျွန်မဘာတွေ အားသာလဲ ဆိုတော့ ဒီဒေသမှာ ဘာတွေလိုအပ်တယ်။ ဘာတွေ ဖြေရှင်းရမလဲ ဆိုတဲ့ လိုအပ်ချက် ကိုလည်း သိတယ်။ ဘယ်လို လုပ်ရမယ်ဆိုတဲ့ အဖြေပေါ့ အစီမံတွေကိုလည်း ကိုယ့်ဆီမှာ ရှိထားပြီးသား။ အဲတွက်ကြောင့်မို့လို့ ကျွန်မက သာနိုင်တယ်လို ယူဆတယ်ပေါ့။ ဒါပေမယ့် တကယ်တမ်းကျတော့ ဒီအရာကို မဲပေးတဲ့ သူတွေ မဲဆန္ဒရှင်တွေ ဆီရောက်အောင်  ပို့ဖို့ ကိစ္စကတော့ ဒါအခက်တော့ ရှိတာပေါ့နော်။ ဒါ Limit တဲ့ အချိန်တွင်းမှာပေါ့။

 

အဲဒီတော့ ကိုယ့်ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဆရာမ ဘာများ ပြောချင်ပါလဲ။

ပြောရမယ်ဆိုရင်တော့ ပြိုင်ဘက်လို့ ပြောတဲ့အတွက် ဒီရွေးကောက်ပွဲ အတွင်းမှာ ကျွန်မတို့ အပြိုင်အဆိုင် စည်းရုံးမှ ရမှာဖြစ်တဲ့ အတွက် ပြိုင်ဘက် ကောင်းတွေပေါ့နော်။ ပြိုင်ဘက်ရှိမှလည်း တိုးတက်မှာလေ။ တစ်ယောက်တည်း ပြိုင်ပြီး နိုင်လို့ကတော့ သိပ် ဂုဏ်ယူစရာ မရှိဘူးပေါ့နော်။ ဒါပေမယ့် တကယ်လို့ ရွေးကောက်ပွဲ ပြီးသွားတဲ့ အခါကျတော့ ဒီဒေသဖွံ့ဖြိုးဖို့ အတွက် ပူးပေါင်း လုပ်ဆောင်မယ်ဆိုရင်လည်း ကျွန်မတို့က တွဲဘက်ကောင်းတွေ ဖြစ်နိုင်မယ်လို့ ယူဆပါတယ်။

 

နောက်တစ်ခုက ကျွန်တော်တို့ နိုင်ငံရေးမှာပေါ့လေ ဆရာမကို ခုနပြောခဲ့ပါတယ်။ နိုင်ငံရေး ဆရာမတို့လို လူငယ်တွေ ရှားပါနေတယ်ပေါ့။ လူငယ်နဲ့ နိုင်ငံရေး ပတ်သက်ပြီးတော့ ဆရာမ နည်းနည်းလေး ဖြည့် ပြောလို့ရမလား။

ဟုတ်ကဲ့ အရင်တုန်းကတော့ အကြောင်းကြောင်းတွေ ကြောင့်ပေါ့။ လူငယ်တွေ ပါဝင်မှုက နည်းတယ်ပေါ့။ အခု ၂၀၁၅ မှာတော့ ကျွန်မ မြင်ရသလောက်ကတော့ အရင်တုန်းကထက် စာရင် ဒါ ၂၀၁၀/၂၀၁၂ ထဲကထက်စာရင် လူငယ်တွေ ပိုပြီးတော့ များလာတယ်။ အမျိုးသမီး တွေလည်း များလာတယ်ပေါ့။ အဲဒါပါလာရခြင်း အကြောင်းကတော့ ကျွန်မထင်တာပေါ့ ကျွန်မတို့လို့ စိတ်မျိုးနဲ့ပဲ ငါတို့နိုင်ငံကို ပြောင်းလဲစေချင်တယ်။ အပြင်ကနေ ထိုင်ပြောနေမယ့်အစား တကယ်တမ်း ပြောရေးဆိုခွင့် ရှိတဲ့ နေရာကို ငါတို့ ရောက်အောင်လုပ်ပြီးတော့ မှ ငါတို့ ထိထိရောက်ရောက် ပြောကြမယ်ဆိုတဲ့ ဟာမျိုးနဲ့ ဝင်လာကြတယ်ပေါ့နော်။ ဆိုတော့ အနာဂတ်မှာ လည်း လူငယ်တွေရဲ့ အခန်းကဏ္ဍက ပိုလာလိမ့်မယ်လို့ ယူဆရပါတယ်။

 

ကျွန်တော်တို့ နိုင်ငံရေးပါတီတွေကို ပြန်ကြည့်ရင် တိုင်းရင်းသားပါတီတွေ ရှိမယ်။ လွှတ်တော်ထဲ အာဏာရပါတီတွေ ရှိမယ်။ အတိုက်ခံ ပါတီတွေ ရရှိမယ်။ လွှတ်တော်ထဲမှာ အာဏာရပါတီက ဒါ တစ်ချိန်က ဗိုလ်ချုပ်တွေ ဖြစ်ခဲ့တယ်ဆိုတဲ့ ထင်မြင်ယူဆချက်တွေ ရှိတယ်။ ဆိုတော့ ၂၀၁၅ တင်မဟုတ်ဘဲနဲ့ ၂၀၂၀/၂၀၃၀ အဲဒီအတွက် ဗျုဟာပဲ ဖြစ်ဖြစ် ဆရာမတို့ အစီစဉ် ဆွဲထားတာရှိသလား။

ကျွန်မတို့ ပါတီ ဥက္ကဋ္ဌကြီး ဒေါက်တာနေဇင်လတ် ပြောသွားတဲ့ မိန့်ခွန်းထဲမှာလည်း ပါတယ်ရှင့်။ ဘာလဲဆိုတော့ ကျွန်မတို့တွေက လူငယ်တွေကို တင်မယ်။ မျိုးဆက်သစ ်တွေက ဆယ်နှစ်ခြားစီကို စီစဉ်ထား ပြီးပေါ့။ ဥပမာ ခုလက်ရှိအနေထားမှာဆို ကျွန်မတို့မှာ ၅၀ တန်းတွေ ပါမယ်။ ၄၀ တန်းပါသလို၊ ၃၀ တန်းတွေလည်း ပါတယ်။သဘောမှာ ရှိတယ်။ အဲတော့ နောက်ပိုင်းလည်း ပဲ ဒီလိုပုံစံနဲ့ မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းသွားမှာပါ။

 

ကျွန်တော်နည်းနည်း လေးနောက်ပြန်ကောက်လိုက် ရအောင်။ ခုမဲဆန္ဒရှင်တွေနဲ့ တွေ့ဆုံပြီး ဆွေးနွေးနေပြီ သူတို့ရဲ့  အဓိက လိုအပ်ချက်ဘာတွေ ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည် ကလည်း အဲဒေသမှာ ဖွံ့ဖြိုးရေး လုပ်နေတယ်ဆိုတော့ ဒီနေရာမှာ အခြားကော ဘာလိုအပ်ချက်တွေ ရှိနေလဲ။ ဒေါ်အောင်ဆန်းစုကြည် လုပ်နေတယ်။ ဒါပေမယ့် တစ်ချို့ လိုအပ်ချက်တွေလည်း ရှိကောင်းရှိမယ် ဆိုတာကို ဆရာမ မြင်ကောင်း မြင်လိမ့်မယ်။

ကျွန်မကတော့ တကယ့် လိုအပ်ချက်ကို ပြောမယ်ပေါ့နော်။ ဒါလုပ်တယ် မလုပ်ဘူး ဆိုတာတော့ ကျန်တဲ့သူတွေ ဆုံးဖြတ်လို့ ရတာပေါ့နော်။ တကယ်တမ်း လိုအပ်နေတာက လမ်းပန်းဆက်သွယ်ရေး ဘာဖြစ်လို့လဲ ဆိုတော့ တစ်ချို့ရွာတွေမှာ မူလတန်းကလေးတွေက ဘွက်ထဲ ရွံ့ထဲသွားရတယ်။ ပြီးရင် လှေတစ်ဆင့်နဲ့ ရွာတွေမှာ သွားတက်ရတယ်။ အဲတော့ စရိတ်စခ ရှိတာကလည်း တစ်ကြောင်းပေါ့။

နောက်ပြီးတော့ ရေလမ်းခရီး ဖြစ်နေတာက တစ်ကြောင်းပေါ့။ ငါးနှစ်ဆိုတော့ မိဘတွေက စိတ်ပူတော့ ကျောင်းမထားနိုင်တဲ့ အနေထားတွေ ရှိတယ်။ ၆နှစ်၊ ၇နှစ်လောက်မှ စထားတဲ့ အနေထားမျိုးတွေ ရှိတယ်ပေါ့နော်။ဆိုတော့ ဒါက လမ်းပန်းဆက်သွယ်ရေး၊ ပညာရေးအတွက် ခက်ခဲနေတာ။

ကျန်းမာရေးလည်း ဒီအတိုင်းပဲ စောစောကပြောတဲ့ ၁၂၇ ရွာမှာ ရွာတိုင်းမရှိဘူးပေါ့။ သုံးလေးရွာ ပေါင်းမှ တစ်ရွာကို ဆေးပေးခန်းရှိတယ်။ အားလုံးပေါင်း မြို့နယ် တစ်ခုလုံးမှာမှ တိုက်နယ်ဆေးရုံမပါဝင်ပေါ့နော် ကော့မှုးမြို့နယ် မပါဝင် တိုက်နယ်ဆေးရုံလေးခုဘဲရှိတယ်။

အဲတော့ တစ်ခုခုဖြစ်ရင် အနီးဆုံးဆေးရုံကို ပြေးရတဲ့ အခါမှာ ခုနက ပြောတဲ့ ရွာတွေက လမ်းမပေါက်ဘူး။ လမ်းမပေါက်တဲ့ အခါကျတော့ လှေနဲ့ သွားရတယ်။ တကယ်လို့ ရေကျနေရင် လှေနဲ့ပါသွားလို့ မရတဲ့အခါကျရင် အဲလူနာကို ငုတ်တုတ်ထိုင်ကြည့်နေရမှာ ဘာမှ လုပ်လို့မရတဲ့ အနေထားတွေ ရှိတယ်ပေါ့နော်။ အဲဒါတော့ အဓိက အချက်ပေါ့နော်။

နောက်ထပ် အချက်ကတော့ အလုပ်ကိုင် အခွင့်လမ်းရှားပါးမှု ၊ အဲဒီအလုပ်ကိုင် အခွင့်လမ်းတွေ မရှိတော့တဲ့ အခါကျတော့ သူတို့အနေနဲ့ ခုနကလို ခက်ခက်ခဲခဲနဲ့ ကျောင်းတက်လာရတယ်။ တက်ပြီးတော့ ၇တန်း၊ ၈ တန်းရောက်တယ်။ တစ်ချို့တွေလည်း ၅တန်း ၊ ၆တန်းလောက်နဲ့ ထွက်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သွားတက်ရတာလည်း ဝေးတယ်။ မိဘကလည်း စီးပွားရေး အဆင်မပြေဘူး။ ဆိုတော့ အဲကလေးတွေမှာ သူတို့မှာ လုပ်စရာ အလုပ်တွေ မရှိဘူး။ နောက်ဆုံးတော့ ကျောင်းတက်ပြီးသွားလည်း ဘာလုပ်မလဲ။ လယ်ထဲပဲ ပြန်ဆင်းရတဲ့ အနေထားရှိတယ်။

တစ်ချို့တွေကတော့ တက္ကသိုလ်တွေရောက်တယ်။ ဆရာဝန်တွေ ဘာတွေ ထွက်တဲ့ ရွာတွေ ရှိတယ်။ ဒါပေမယ့် ကိုယ့်ဒေသကို ကိုယ်မပြန်ကြတော့ဘူး အခြားမှာ အခြေချတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဒေသမှာက သူတို့ ရင်းနှီးထားရပေမယ့် သူတို့အတွက် အခွင့်အလမ်းက ဘာမှ မရှိဘူးပေါ့နော်။ အဲဒီအနေထားတွေ ရှိတဲ့ အခါကျတော့ သူတို့အတွက် လိုအပ်တာ လမ်းပန်းဆက်သွယ်ရေးနဲ့ အလုပ်ကိုင် အခွင့်လမ်းတွေပေါ့ ဒါဟာ အဓိကပေါ့။

နောက် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးလိုပါပဲ ကော့မှူးမှာလဲ သူတို့ရဲ့ ၇၀ ရာခိုင်နှုန်းက စိုက်ပျိုးရေးတွေ လုပ်ကြတယ်။ လယ်လုပ်ကြတယ်။ နောက်ပြီးတော့ လယ်ပိုင်ရှင်တွေ ရှိမယ်။ လယ်ကို အမှီပြုလုပ်ကြတဲ့ အလုပ်သမားတွေ ရှိမယ် သူတို့ကအရမ်းခက်ခဲတယ် ဘာကြောင့်လဲဆိုတော့ တစ်သီးပဲ စိုက်လို့ရတယ်။ တကယ့်လို့ နှစ်သီးစိုက်နိုင်အောင်လို့ သူတို့ကို မြေတွေကို့စမ်းပေးမယ်။ နောက်ပြီးတော့ နည်းပညာပိုင်းအရ ပေါ့နော်။ ချေးငွေတွေအအစ သူတို့ကို ပံ့ပိုးပေးနိုင်မယ် နှစ်သီးစားရမယ်ဆိုရင် သူတို့ ချောင်လည်မယ်။ ခုက တစ်သီးဆိုတော့ စိုက်တဲ့ အချိန်မှာ စိုက်လိုက်တယ်။ ပြီးရင် ခဏထိုင်နေတယ်။ ပြီးရင် ရိတ်လိုက်တယ်။ ပြီးရင် တစ်နှစ်လုံးထိုင်တယ်ဆိုတော့ သူတို့မှ မခက် ခဲရင် ဘယ်သူခက်ခဲမှာလဲ။ ကျွန်မတို့ကတော့ ဒါတွေကို သိတယ်။ သိတော့ ဘယ်လိုဖြေရှင်းမလဲ ဆိုတဲ့အဖြေတွေပါ သူတို့ကို ချပြလိုက်တဲ့ အခါ တကယ် လက်ခံကြပါတယ်။

 

ဆိုတော့ မဲဆန္ဒရှင်တွေရဲ့ ပံ့ပိုးမှုကတော့ တော်တော်များများရနေတဲ့ အနေထားပေါ့နော်။

ဟုတ်ကဲ့ရှင့် ကိုယ်နဲ့ ထိတွေ့မှု များတဲ့ ရွာတွေမှာတော့ ရှိတယ်ပေါ့နော်။ တစ်ချို့ ထိတွေ့မှု နည်းတဲ့ ရွာလေးတွေကတော့ ကျွန်မတို့ ထပ်ကြိုးစားရအုံးမှာပါ။ နောက်ထပ် ၂၅ ရက် အချိန်ရှိသေးတာပေါ့လေ။

 

မဲဆန္ဒရှင်တွေနဲ့ တွေ့တဲ့ နေရာမှာ ဆရာမ သူတို့ရဲ့လိုအပ်ချက်တွေကိုလည်း တွေ့ရပြီ။ ဆိုတဲ့အခါကျတော့ ခုနကပြောတဲ့ အလုပ်ကိုင် အခွင့်လမ်းရှားပါးတယ်၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတယ်။ ဆိုတဲ့အခါမှာ လွှတ်တော်ထဲ ရောက်တဲ့ အခါရော မဲဆန္ဒရှင်တွေအတွက်ပေါ့ ဥပမာ ၇၀% အလုပ်ကိုင်ရအောင်လုပ်ပေးမယ်ပေါ့။ ဒါမှမဟုတ်ရင် လမ်းပန်းဆက်သွယ်ရေး ဘယ်နှစ်မိုင်လောက် ဖောက်ပေးမယ်၊ ဘယ်ဒေသကတော့ အဓိက လိုအပ်ချက်တွေရှိနေတယ်ဆိုတဲ့ ဟာမျိုး တိတိပပ အာမခံချက် ပေးလို့ရနိုင်တာမျိုး ရှိလား ခင်ဗျ။

အဲတာကတော့ ပေးလို့မရဘူး။ ဘာကြောင့်လဲ ဆိုတဲ့ခါကျတော့ ဒီလမ်းပန်းဆက်သွယ်ရေး အခြေခံအခွင့်ရေးတွေ ဖြစ်တဲ့ ဒီပညာရေး၊ ကျန်းမာရေးပေါ့ ဒါတွေ ပေးရမယ့် အရာက အစိုးရတာဝန်ကို ဘယ်အစိုးရတက်တက်ပေါ့။ ဒါပေမယ့် ဒါတွေကို သူတို့ပုံမှန်လုပ်ပေးဖို့ ဆိုတာက သူတို့ကတော့ ပုံမှန်တိုင်း စီမံကိန်းတွေ ရှိနေမှာပဲ သွားနေမှာပဲ။ ဒါပေမယ့် တကယ်တမ်း အရမ်းလိုအပ်တဲ့ နေရာတွေ ရှိလိုရှိရင် ကျွန်မတို့ အနေနဲ့ ဒါကို ယုံကြည်ထားတာပေါ့လေ။ လွှတ်တော်ကိုယ်စားလှယ်၊ ရပ်မိရပ်ဖ ဒါတွေအားလုံး ပေါင်းပြီးတော့ ဒီနေရာမှာကတော့ ဖြင့် လိုအပ်နေပါတယ်။ မဖြစ်မနေဆိုတဲ့ ဟာမျိုး အဲလိုမျိုး တောင်းဆိုတဲ့ အရာမျိုးဆိုရင်တော့ ဒါရလာနိုင်တဲ့ အနေထား ရှိတယ်။ မဟုတ်ဘူးဆိုရင်တော့ လက်ရှိက လွှတ်တော်ကိုယ်စားလှယ် ဘယ်သူကို မဆို အစိုးရက ဘတ်ဂျက်ပေးတယ်။ သိန်းတစ်ထောင်၊ အဲ သိန်းတစ်ထောင်မှာ ၁၂၇ ရွာ ဆို ဘယ်လောက်မရဘူး၊ ထားပါတော့ ဒီနှစ်မှာတော့ ရွာ ၂၀ ကို ခွဲပေးလိုက်တယ်။ သိန်း ၅၀ ၊အဲသိန်း ၅၀ ဟာ ဒီသက်တမ်းတစ်ခု ပြီးပြီဆို ထိုင်နေလို့မရဘူး။ လုပ်စရာ ရှိတာတော့ လုပ်ရမှာပဲလေ။

ဘယ်နေရာမှာ ဖြစ်ဖြစ် လိုအပ်တယ်ဆိုတာမျိုးကို ၊ ကျွန်မတို့ဆိုရင် မြေပုံချပြီး ဘယ်နေရာမှာ ဘာတွေလိုအပ်တယ်။ ဘယ်လို ဖောက်လို့ရတယ်ဆိုတာမျိုးတွေ ကျွန်မတို့က တိုင်ပင်ပြီးတော့ စီမံကိန်းဆွဲပြီးတော့ လွှတ်တော်မှာ တင်ပြဖို့ စီစဉ်ရှိပါတယ်။ ဒါလမ်းပန်းဆက်သွယ်ရေးနဲ့ ပတ်သက်လို့ပေါ့နော်။ ဆိုတော့ လမ်းပန်းဆက်သွယ်ရေး ကောင်းသွားရင် ခုနကပြောတဲ့ ပညာရေး၊ ကျန်းမာရေးက အလိုလိုပါလာမှာပေါ့လေ။ သူတို့အတွက် အခွင့်ရေးတွေ ပိုလာမယ်ပေါ့နော်။ သူတို့အတွက် အဆင်ပြေလာမယ်နော်။ ဒီအလုပ်အကိုင် အခွင့်လမ်းနဲ့ ပတ်သက်လို့တော့ ဒီအတိကျတော့ မဟုတ်ဘူး။

ဒါပေမယ့် ကျွန်မအစောက ပြောသလို  ခန့်မှန်းခြေက တစ်ခုတော့ ပြောလိုက်လို့ရတယ်။ ဒါပေမယ့် ကျွန်မက ဒီတိတိကျကျ ဖြစ်နိုင်တာကို ပြောတယ်။ ဘယ်လိုဟာမျိုးလဲ ဆိုတော့ ကုန်ကြမ်းက ကုန်ချော ထုတ်နိုင်တဲ့ စက်ရုံတွေ ဖြစ်နိုင်အောင် ကြိုးစားမယ်။ အဲဒေသမှာ ဘာထွက်လည်း ဝါးထွက်တယ်။ ဝါးကနေပြီးတော့ ကုန်ချောပစ္စည်းတွေ ထွက်နိုင်အောင်လို့ ကြိုးစားမယ်။ ပြည်တွင်းသာမက ပြည်ပကို ပို့နိုင်တဲ့ အရာမျိုး၊ နောက်တစ်ခုက သဘာဝအခြေခံ ခရီးသွားလုပ်ငန်း အဲဒါကလည်း လုပ်လို့ရတဲ့ အနေထားရှိပါတယ်။ အစ်ကိုတို့ သိပါတယ်။ ဒီတွံ့တေးတို့ ဘာတို့ဆိုတာ ဟိုတုန်းက တောကြီးတန်းတွေ၊ ခုတော့ ဒေသခံတွေ အလုပ်မရှိတဲ့ အခါကျတော့ သူတို့ ဖက်ခုတ်စားရင် ကုန်လောက်ပြီပေါ့။

ဒါတွေကို ပြန် ထိန်းသိမ်းပြီးသွားရင် ကျွန်မတို့ ဒီသဘာဝအခြေခံ ခရီးသွား လုပ်ငန်းကို လုပ်လို့ရတယ်။ နောက်တစ်ခု ရှေ့ဟောင်း သုတေသနဇုန်အဖြစ် သတ်မှတ်နိုင်အောင်လို့ တင်ပြမယ်။ ဒါက ဘတ်ဂျက်တောင်းခံပြီးတော့ ဒီဒေသကို ထိန်းသိမ်းဖို့ လိုတယ်။  တစ်ချို့နေရာတွေ တကယ်တမ်းပြောမယ်ဆိုရင် တိုင်းပြည် ဂုဏ်ရှိတဲ့ နေရာတွေ ဖြစ်တယ်။ အဲဒါတွေကို လုပ်သွားမယ် ဆိုရင် ဒါဒေသအတွက် အလုပ်ကိုင် အခွင့်လမ်းတွေ မရလာနိုင်စရာ အကြောင်းမရှိဘူးပေါ့နော်။ နောက်တစ်ခုက ဖြစ်နိုင်မယ်ဆိုရင် အထည်ချုပ် စက်ရုံလို ဟာမျိုး လှိုင်သာယာနဲ့ဆို ဘယ်လောက်မှ မဝေးတဲ့ နေရာတွေ ရှိတယ်။ လူဦးရေအရရော ဘာရော အဲတော့ လက်ရှိကျောင်းတက်တဲ့ သူတွေက ၇တန်း၊ ၈ တန်း အောင်ပြီးသွားရင် လယ်ထဲ ဆင်းတဲ့သူ ဆင်းကျတယ် မဟုတ်ဘူးဆိုလို့ရှိရင် ဘာအလုပ်မှ မရှိဘဲ အိမ်မှာပဲ နေကြတယ်။ အဲလိုမိန်းကလေးတွေက အလုပ်ကိုင် အခွင့်လမ်းတွေ အထည်ချုပ်စက်ရုံတွေ ပေါ်လာတယ်ဆိုရင် ဖန်တီး ပေးနိုင်တာပေါ့။ အဲတာမျိုးတွေနဲ့ပဲ ပြောနိုင်မယ်။

 

ကိုယ့်ကိုယ် မဲပေးကြမယ့် မဲဆန္ဒရှင်တွေကို ဆရာမ ဘာများ ပြောချင်သေးလဲ ခင်ဗျ။

ပြောချင်တာကတော့ မဲဆွယ်တယ်ဆိုတဲ့ ဟာမျိုးက မသိရင် ကိုယ်စားလှယ်အတွက် ဆွယ်နေသလိုမျိုးပဲ။ တကယ်တမ်းတော့ မဟုတ်ပါဘူး ဒီဒေသမှာ ရှိတဲ့ လူတွေအတွက် ခုနကပြောတဲ့ အခြေခံ အခွင့်လမ်းတွေ ရဖို့အတွက် လုပ်ပေးချင်တာတွေ လုပ်ပေးလို့ရအောင် သူတို့ ကိုယ်စား ပြောရေးဆိုခွင့်် ရအောင် တရားဝင်အပ်နှင်းဖို့ မဲဆွယ်တာ ဖြစ်ပါတယ်လို့ အဲတာလေးဘဲ ပြောချင်ပါတယ်။

 

အခြားဖြည့်ပြောချင်တာလေးတွေရှိလား ဒီဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်၊ ဒီမဲဆန္ဒနယ်တွေနဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ် ဆရာမတို့ ပါတီမူဝါဒနဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ်ပေါ့။

ယုယုမော်…အဲပြောချင်တာတော့ နှစ်ခု ရှိတာပေါ့လေ။ တစ်ချက်ကတော့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို ပြောချင်တာပေါ့လေ။ ဒါကတော့ ဘယ်လွှတ်တော် ကိုယ်စားလှယ်မဆို၊ ဘယ်ဒေသပဲဖြစ်ဖြစ် သက်ဆိုင်ရာသူတို့ရဲ့ မြိုနယ်ဖွံ့ဖြိုးဖို့အတွက် တာဝန်ရှိတယ်ပေါ့လေ။ အဓိကတော့ တိုင်းဒေသကြီး ကိုယ်စားလှယ်တွေမှာ တာဝန်ရှိတယ်ပေါ့။ ဒါပေမယ့်လည်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေမှာလဲ တာဝန်ရှိပါတယ်။ အဲတော့ သူတို့တွေမှာ နောက်ထပ် ဘာရှိလဲဆိုတော့ ဒီတိုင်းပြည်အတွက် ဒီထက်ကောင်းမွန်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းနိုင်အောင် အဲဥပဒေတွေ ထိထိရောက်ရောက် သက်ဝင်အောင်လို့ သူ့တို့ စောင့်ကြည့် ထိန်းရမယ့် တာဝန်ရှိတယ်။

ဒါပေမယ့် အဲဒါတွေလုပ်နေလို့ဆိုပြီး ခုနပြောတဲ့ မြို့နယ် ဖွံ့ဖြိုးရေးကို လည်း ပစ်မထား သင့်ဘူးပေါ့လေ။ အားလုံးပူးပေါင်းဆောင်ရွက်စေချင်ပါတယ်လို့ ဒါဆိုလို့ ရှိရင် အားလုံးလိုလို မြို့နယ်တစ်ခု ဖွံ့ဖြိုးတိုးတက်မယ်ဆိုရင် တိုင်းဒေသတွေ၊ ပြည်နယ်တွေ တိုးတက် လာမယ်ဆိုရင် ဒါ တစ်နိုင်ငံလုံးလည်း တိုးတက်လာမယ်လို့ ကျွန်မ ယုံကြည်တာပေါ့နော်။ နောက်တစ်ချက်က ပြောမယ်ဆိုရင်တော့ လက်ရှိအနေထားအရ လိုအပ်လို့လဲ ပါတာပေါ့နော်။

အဓိက တော့ အမျိုးသားရင်ကြားစေ့ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးပေါ့။ မနက်ဖြန်ဆိုရင် NCA  လက်မှတ် ထိုးတော့မှာပေါ့နော်။ ဆိုတဲ့အခါတော့ လက်ရှိကျွန်မသိထား သလောက် အစိုးရက ဒီ (၁၆) ဖွဲ့ Political Dialogue  ကို ဖိတ်ကြားထားတယ်။ အဲထဲမှာမှ ဒီ ၈ ဖွဲ့ကထိုးမယ်။ အဲ ၈ ဖွဲ့ပြီးရင် နောက်ထပ် ၃ ဖွဲ့ရှိတယ်ရှင့်၊ လာဟူရယ် ဒီမိုကရက်တစ်ရယ်၊ WNO ၊AANC ရယ်ပေါ့။ ဒီသုံးဖွဲ့က ပြောမယ်ဆိုရင် သူတို့က စစ်ရေးအင်္ဂါမရှိဘူးပေါ့။ တိုက်ပွဲတွေလည်း မရှိတဲ့ အခါကျတော့ အပစ်ရပ် လက်မှတ်ထိုးဖို့က တကယ်တမ်း မလိုဘူးပေါ့လေ။ အခြားကျန်တဲ့ အဖွဲ့တွေကလည်း ဒီNCA ထဲမှာပါတဲ့ အချက်တွေကို သဘောမတူတာ မဟုတ်ဘူး။ အဲမှာပါတဲ့ ၇၀% လောက်ကတိုင်းရင်းသားဘက်က အဆိုပြုပြီးတော့ ဒီဘက်က လိုက်လျောပေးထားတာတေ ွရှိတယ်ပေါ့နော်။

အဲတော့ အချက်တွေကို သဘောမတူတာ မဟုတ်ဘဲနဲ့ သူတို့အချင်းချင်း မညိနှိုင်းရသေးလို့ လက်မှတ် မထိုးသေးတဲ့ အနေထားတွေ ရှိတာပါ။ ဒီအချက်တွေကို ကန့်ကွက်ပြီးတော့ မထိုးတာ မဟုတ်ပါဘူး။ အဲတော့ ဘာပဲပြောပြော ဒီဥစ္စာက ပင်လုံစာချုပ်ပြီးလို့ရှိရင် တိုင်းရင်းသားတွေအတွက် အကြီးမားဆုံး စာချုပ်တစ်ခုလို့ ပြောလို့ရတယ်ပေါ့နော်။ ငြိမ်းချမ်းရေးအတွက်ပေါ့။ အဲတော့ တကယ်လို့များ ကျွန်မ အခွင့်ရခဲ့မယ်ဆိုလို့ရှိရင် ခုဆိုရင် လူအယောက် တစ်ထောင်ပေါ့ လက်မှတ်ထိုးကြမယ်။ပြောမယ်ဆိုရင် အကြီးမားဆုံး အောင်မြင်မှုပေါ့ ကျွန်မတို့ နိုင်ငံအတွက် ပင်လုံစာချုပ်ကလွဲရင်ပေါ့။ အဲတော့ တကယ်လို့များ အခွင့်ရေးရခဲ့ရင်တော့ ကျွန်မမှာ ပေါလ်ပင်အဆင်သင့် ကိုင်ထား ပါတယ်လို့ပြောချင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly