အောင်နိုင်ရေးဆိုင်းဘုတ်များ ဖျက်ဆီးခံနေရခြင်းသည် ဥပဒေစိုးမိုးမှုအားနည်းခြင်းကိုပြသနေ

အောင်နိုင်ရေးဆိုင်းဘုတ်များ ဖျက်ဆီးခံနေရခြင်းသည် ဥပဒေစိုးမိုးမှုအားနည်းခြင်းကိုပြသနေ
စစ်တွေမြို့ ပြည်သူ့ဆေးရုံရှိ ရခိုင်မျိုးချစ်ပါတီ အောင်နိုင်ရေး ဆိုင်းဘုတ်။ Photo - မဇ္စျိမ / DMG

အောက်တိုဘာ ၁၅ ရက် ။        ။ ရခိုင်ပြည်နယ်ရှိ ပါတီအသီးသီးနှင့် မှ တသီးပုဂ္ဂလအမတ်လောင်းများ၏ အောင်နိုင်ရေးဆိုင်းဘုတ်များ မကြာခဏ ဖျက်ဆီးခံနေရခြင်းသည် တရားဥပဒေစိုးမိုးမှု အားနည်းနေခြင်းကို ပြသနေသည်ဟု အမ်း-ရမ်းဗြဲ နှစ်မြို့နယ် အမျိုးသား လွှတ်တော်အမတ်လောင်း ဒေါ်ထုမေက ပြောသည်။

အမတ်လောင်းများ၏ ဆိုင်းဘုတ်များ ဖျက်ဆီးခံရမှုကို သက်ဆိုင်ရာခရိုင်၊ မြို့နယ် ရဲစခန်းနှင့် ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်သို့ တိုင်ကြားထားသော်လည်း တရားခံဖေါ်ထုတ်ဖမ်းဆီးမှု အားနည်းနေသည်ဟု ဆိုသည်။

“တရားဥပဒေစိုးမိုးမှု မရှိ၊ တရားစီရင်ရေးမဏ္ဍိုင် အလုပ်မလုပ်ဘူးဆိုတာကိုပြတယ်။ အမ်းမှာဆိုရင် ပြီးခဲ့တဲ့လ ၂၂ ရက်နေ့ ကတည်းက ဖြစ်ပြီးသွားတာ တရားခံကို သေချာမိရမယ်။ ဘာရည်ရွယ်ချက်နဲ့ လုပ်တယ်ဆိုတာကို ဖေါ်ထုတ်ရမယ်။ ထိထိရောက်ရောက် အရေးယူရမယ်။” ဟု ရခိုင်အမျိုးသားပါတီ (ANP) အမတ်လောင်း ဒေါ်ထုမေက ပြောသည်။

အလားတူ ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော် အမှတ် ၁ မဲဆန္ဒနယ်တွင် တသီးပုဂ္ဂလအဖြစ် ဝင်ရောက်အရွေးခံမည့် ဦးဘခင် (ခ) ဦးအောင်မင်းဦး မှာလည်း အောက်တိုဘာလ ၁၀ ရက်နေ့က ဦးမောင်စိန် လက်ဘက်ရည်ဆိုင်နှင့် မျက်နှာ ချင်းဆိုင် စိုက်ထူထားသည့် ၎င်း၏ အောင်နိုင်ရေးဆိုင်းဘုတ် အဖျက်အဆီးခံရကြောင်းပြောသည်။

"ကျွန်တော့် ဆိုင်းဘုတ်က အခြားဆိုင်းဘုတ်နဲ့ ယှဉ်ရင် အကြီးဆုံးပါ။ တမင်ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးတာလို့ဘဲ သံသယ ရှိပါတယ်။ ဒီဖျက်ဆီးမှုနဲ့ ပတ်သက်ပြီးတော့ ပေါက်တောမြို့မရဲစခန်းနဲ့ မြို့နယ်ကော်မရှင်ရုံးသို့ တိုင်ကြားထားပါတယ်။" ဟု ဦးအောင်မင်းဦးကပြောသည်။

စစ်တွေမြို့အမှတ် (၁) ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကမူ စစ်တွေမြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်များတွင်လည်း အောင်နိုင်ရေးဆိုင်းဘုတ်များ ပျက်ဆီးမှုရှိပြီး သဘာဝလေဒဏ်၊ မိုးဒဏ်များကြောင့် ဖြစ်နိုင်သကဲ့သို့ ကလေးများဆော့၍လည်း ဖြစ်နိုင်ကြောင်း၊ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခြင်း မဖြစ်နိုင်ကြောင်း ပြောသည်။

ပြည်နယ်ကော်မရှင် ဥက္ကဌကလည်း “ဒါနဲ့ပတ်သက်လို့ ဖျက်တဲ့လူကို သိရင်တော့ ဆိုင်းဘုတ်ပိုင်ရှင်က တရားစွဲလို့ရတယ်။ မသိရင်တော့ မရဘူးပေါ့။ ဘယ်သူလုပ်တယ်ဆိုတာ သိအောင်လုပ်ပြီး ရဲစခန်းကို တိုင်လိုက်။ မသိရင်လည်းတိုင်လို့ရတယ်။ သက်ဆိုင်ရာရဲတပ်ဖွဲ့က ဖေါ်ထုတ်ပေးလိမ့်မယ်ပေါ့။” ဟု ဆိုသည်။

စစ်တွေမြို့ပေါ်မှလည်း တစ်သီးပုဂ္ဂလတစ်ဦး၏ ဆိုင်းဘုတ်နှင့် ရခိုင်မျိုးချစ်ပါတီ ဆိုင်းဘုတ်တစ်ခု အဖျက်ခံရကြောင်း တိုက်ကြားမှုကို ပြည်နယ်ကော်မရှင်အဖွဲ့ခွဲရုံးက မိတ္တူရရှိထားသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly