ရလဒ်တွေ တိုးတက်ကောင်းမွန်လာအောင် ဆိုးလ်ရှား မစွမ်းဆောင်နိုင်ပါက ပီအက်စ်ဂျီနည်းပြ တူချယ်နဲ့ အစားထိုးဖို့ ပြင်ဆင်နေတဲ့ မန်ယူ

ရလဒ်တွေ တိုးတက်ကောင်းမွန်လာအောင် ဆိုးလ်ရှား မစွမ်းဆောင်နိုင်ပါက ပီအက်စ်ဂျီနည်းပြ တူချယ်နဲ့ အစားထိုးဖို့ ပြင်ဆင်နေတဲ့ မန်ယူ
Photo: AFP

ပြင်သစ်မီဒီယာများရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိနည်းပြ ဆိုးလ်ရှားကို ရာထူးမှ ထုတ်ပယ်ပြီး ပီအက်စ်ဂျီအသင်းနည်းပြ သောမတ်စ်တူချယ်ကို အစားထိုးခန့်အပ်ဖို့ အဆင်သင့်ရှိနေတယ်လို့ သိရပါတယ်။

အသက် (၄၆)နှစ်အရွယ် ဆိုးလ်ရှားဟာ အသင်းကို ရလဒ်တွေ တိုးတက်ကောင်းမွန်လာအောင် မစွမ်းဆောင်နိုင်ပါက ရာထူးမှ ထုတ်ပယ်ပြီး ၎င်းရဲ့နေရာမှာ တူချယ်ကို အစားထိုးခန့်အပ်ဖို့ ယူနိုက်တက်က ပြင်ဆင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

ပြင်သစ်မီဒီယာရဲ့ သတင်းဖော်ပြချက်အရ ယူနိုက်တက်အသင်းဟာ ၎င်းတို့ရဲ့ စိတ်ဝင်စားမှုကို ပီအက်စ်ဂျီအသင်းနဲ့ ၂၀၂၁ ခုနှစ်ထိ စာချုပ်သက်တမ်းရှိနေတဲ့ တူချယ်ကို အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် Le10 Sport ကတော့ ယူနိုက်တက်အသင်းဟာ ပီအက်ဂျီနည်းပြကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဘာစီလိုနာနဲ့လည်း ပြိုင်ဆိုင်ရဖွယ်ရှိတယ်လို့ ဆိုပါတယ်။

ဆိုးလ်ရှားဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ယူနိုက်အသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့ပြီးနောက် ချန်ပီယံလိဂ်မှာ တူချယ်ရဲ့ ပီအက်စ်ဂျီကို ကျော်ဖြတ်ပြနိုင်ခဲ့တာအပါအဝင် ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့လို့ အမြဲတမ်းနည်းပြအဖြစ် မတ်လက အသင်းနဲ့ (၃)နှစ် စာချုပ်ချုပ်ဆိုထားသူဖြစ်ပါတယ်။

ဒါပေမယ့်လည်း နောက်ပိုင်းမှာ ရလဒ်တွေက ပြောင်းပြန်ဖြစ်သွားပြီး ရာသီအဆုံးသတ်ကာလမှာ ရလဒ်ဆိုးတွေနဲ့ တောက်လျှောက်ရင်ဆိုင်ခဲ့ပြီးနောက် အသင်းလည်း ပရီးမီးယားလိဂ်မှာ အဆင့် (၆)နဲ့ အဆုံးသတ်ခဲ့ရလို့ ချန်ပီယံလိဂ်ဝင်ခွင့်ပါ လွဲချော်ခဲ့ရပါတယ်။

ယူနိုက်တက်တို့ဟာ ဒီရာသီ သူတို့ရဲ့ပရီးမီးယားလိဂ်အဖွင့် (၅)ပွဲမှာ (၂)ပွဲသာ အနိုင်ရရှိထားပြီး တနင်္ဂနွေနေ့ ဝက်စ်ဟမ်းနဲ့ပွဲစဉ်မတိုင်ခင် အမှတ်ပေးဇယားမှာ အဆင့် (၆)နေရာမှာ ရပ်တည်နေပါတယ်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly