အဓမ္မပြုကျင့်၊ ရိုက်နှက်ခံရသော မြန်မာအမျိုးသမီးအမှုကို သံရုံးမှ လိုက်ပါဆောင်ရွက်ပေးနေ

အဓမ္မပြုကျင့်၊ ရိုက်နှက်ခံရသော မြန်မာအမျိုးသမီးအမှုကို သံရုံးမှ လိုက်ပါဆောင်ရွက်ပေးနေ
ကျူးလွန်ခံခဲ့ရသူ အမျိုးသမီးအား မြန်မာသံရုံးမှ သွားရောက်တွေ့ဆုံစဉ်။

ဘန်ကောက်၊ စက်တင်ဘာ ၂၁ ။        ။ ထိုင်းနိုင်ငံတွင် အဓမ္မပြုကျင့်ခံရပြီး ရိုက်နှက်သတ်ဖြတ်ရန် ကြံစည်ခံခဲ့ရသော မြန်မာရွှေ့ပြောင်းအမျိုးသမီးတစ်ဦး၏ အမှုနှင့်ပတ်သက်ပြီး မြန်မာအလုပ်သမားသံအရာရှိရုံးမှ လိုက်ပါကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။

ဖြစ်စဉ်မှာ ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်ရှိ ကြွေပြားစက်ရုံ၌ အလုပ်တူလုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသား Kitiphong Yepatang က သြဂုတ် ၃၁ ရက်နေ့ ည ၇ နာရီအချိန်ခန့်တွင် စက်ရုံအတွင်းရှိ စတိုခန်းအတွင်း၌ အဓမ္မပြုကျင့်ခဲ့ပြီး နှုတ်ပိတ်သည့်အနေဖြင့် ရိုက်နှက်သတ်ဖြတ်ခဲ့စဉ် မြန်မာအမျိုးသမီးက သေဆုံးဟန် ဆောင်ခဲ့သည်ဟု သိရသည်။ အဆိုပါ မြန်မာအမျိုးသမီး သေဆုံးပြီအထင်ဖြင့် ကျူးလွန်သူက ချည်နှောင်ရန် ကြိုးရှာနေချိန်တွင် ထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်ပြီး ယင်းအမျိုးသမီး၏ အလုပ်ရှင်ကလည်း ခလောင်နွိုင်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။

ထိုင်းအမျိုးသား Kitiphong Yepatang ကို သံသယတရားခံအဖြစ် ကြေညာထားသည်ကို တွေ့မြင်ရစဉ်။

ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိရုံးမှ သတင်းအတည်ပြုနိုင်ရန်နှင့် ဖြစ်စဉ်အားစုံစမ်းနိုင်ရန် စက်တင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် အခင်းဖြစ်ပွားရာ နယ်မြေရဲစခန်းနှင့်ထိုင်းနိုင်ငံ သတင်းရဲတပ်ဖွဲ့ (DSI)တို့ကို ချိတ်ဆက်၍ အကျူးလွန်ခံရသည့် မြန်မာအလုပ်သမားအမျိုးသမီးနှင့် အဆက်အသွယ်ရရှိရန် ကြိုးစားဆောင်ရွက်ခဲ့သည်။

ယင်းနောက် လူမှုအဖွဲ့အစည်းတစ်ခု၏ အကူအညီဖြင့် အဆက်အသွယ်ရရှိခဲ့ကြောင်း အလုပ်သမားသံအရာရှိ ဦးဝေလင်းမောင်၏ ပြောဆိုချက်အရ သိရသည်။

သံအရာရှိ ဦးမျိုးမြင့်နိုင်၊ သံအရာရှိ ဦးဇော်မင်းထွေးနှင့်အဖွဲ့များက စက်တင်ဘာ ၁၉ ရက်နေ့က အခင်း ဖြစ်ပွားသည့် နယ်မြေရှိ WangNoi Provincial Police Station ကို သွားရောက်ပြီး အမှုအခြေအနေ သွားရောက် စုံစမ်းခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ကျူးလွန်ခံရသူ မြန်မာအလုပ်သမားအမျိုးသမီးကိုပါ သွားရောက်တွေ့ဆုံထားကြောင်း သိရပြီး  "ထပ်ပြီးတော့လည်း သွားရောက်တွေ့ဆုံဖို့ရှိစီစဉ်ထားပါတယ်” ဟု အလုပ်သမားသံအရာရှိ ဦးဝေလင်းမောင်က ပြောသည်။

သက်ဆိုင်ရာ ခလောင်နွိုင်ရဲစခန်းမှနေပြီး ကျူးလွန်သူအား ဖမ်းဆီးရမိနိုင်ရေးအတွက် အယုဒ္ဓယခရိုင် အတွင်းနှင့် သံသယတရားခံ  Kitiphong Yepatang ၏ မိသားစုများ ရှိရာ မဟာဆာရခမ်ခရိုင်တို့တွင် စုံစမ်းစစ်ဆေးနေသည်။

၎င်းကိုင်ဆောင်သည့် နိုင်ငံသားစိစစ်ရေး ID ကဒ်ကို ပြစ်မှုမှတ်တမ်းရှိသူအဖြစ် နာမည်ပျက်စာရင်း (Black List) သွင်းထားပြီး ပြည်ပထွက်ခွာခွင့်ပိတ်ထားကာ  စက်တင်ဘာ ၆ ရက်နေ့က တရားရုံးမှ ဝရမ်းပြေးအဖြစ် ကြေညာပြီး သတင်းပေးတိုင်ကြားသူကို ဆုငွေ ဘတ် ၅၀၀၀ ချီးမြှင့်မည်ဟု အယုဒ္ဓယခရိုင်ရဲစခန်းမှ ကြေညာထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly