နိုင်ငံတော်၏ ငွေကြေးနှင့်ပစ္စည်း ထိခိုက်နစ်နာဆုံးရှုံးမှုကြောင့် အင်းစိန်ဆေးဝါး စက်ရုံမှုးကို အရေးယူဟု ဆို

နိုင်ငံတော်၏ ငွေကြေးနှင့်ပစ္စည်း ထိခိုက်နစ်နာဆုံးရှုံးမှုကြောင့် အင်းစိန်ဆေးဝါး စက်ရုံမှုးကို အရေးယူဟု ဆို

နေပြည်တော်။ စက်တင်ဘာ ၂၁။           ။ နိုင်ငံတော်၏ ငွေကြေးနှင့်ပစ္စည်း ထိခိုက်နစ်နာဆုံးရှုံးမှုကြောင့် အင်းစိန်ဆေးဝါး စက်ရုံမှုး ဒေါက်တာဇော်အောင်ကို  အရေးယူခဲ့သည်ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ စစ်ဆေးရေးမှူးချုပ် ဦးသန့်ဇော်က စက်တင်ဘာ ၂၁ရက်နေ့က ကော်မရှင်ရုံးတွင် ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

သွေးကြောသွင်းဆေးရည်ဗူးများ ထုတ်လုပ်ရန်အတွက် ကော်စေ့များဝယ်ယူရာတွင် တင်ဒါစည်းကမ်းနှင့်အညီ လုပ်ဆောင်ခဲ့သော်လည်း ဆေးရည်ဗူးထုတ်လုပ်ရန် အရည်အသွေးနိမ့်သည့်ကော်စေ့များကို တင်ဒါလုပ်ထုံးလုပ်နည်း နှင့် မညီပဲ မသင့်မလျော် မှာယူ လက်ခံခဲ့ခြင်းကြောင့် ဟု ၄င်းကဆက်လက်ပြောဆိုသည်။

“ ဒါ့အပြင် ကျန်းမာရေးဝန်ကြီးဌာနဟာ  အဆိုပါ ကုန်ကြမ်းနဲ့ ထုတ်လုပ်ထားတဲ့ ဆေးဝါးများကို အသုံးပြုခြင်းမှ ရပ်ဆိုင်းထားခဲ့ပြီးလည်းဖြစ်ပါတယ်။ ဒါ့ကြောင့်နိုင်ငံတော်အတွက် ငွေကြေး၊ ပစ္စည်း ဆုံးရှုံးနစ်နာ မှုဖြစ်ပေါ်လာရတဲ့အတွက် ဥပဒေနဲ့ အညီ တရားစွဲဆိုရခြင်းပဲဖြစ်ပါတယ်” ဟု ဦးသန့်ဇော်ကပြောသည်။

သွေးကြောသွင်းဆေးရည်ဗူးနှင့် ပတ်သက်ပြီး နိုင်ငံတော်က ကျပ်သန်း၅ဝဝနီးပါးဆုံးရှုံးခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

သွေးကြောသွင်းဆေးရည်ဗူးနှင့် နှင့်ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနထံသို့ စုံးစမ်းရာတွင် အဆိုပါကော်စေ့ဖြင့် ထုတ်လုပ်သည့် ဆေးရည်ဗူးများသည် အပူရှိန်မြင့်သည့် နေရာများတွင် ကာလရှည် သိမ်းဆည်ထားလျှင်  ခဲစိမ့်ဝင်မှုပမာဏ ပိုမိုပါဝင်လာနိုင်သောကြောင့် ပြည်သူလူထုအနေဖြင့် အသုံးပြုရန် မသင့်ကြောင်း မှတ်ချက်ပြုပြန်ကြားခဲ့သည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားချက်တွေက အထောက်အထား ခိုင်မာကြောင်းလို့ ရှင်းပြတယ်လို့ ယူဆတယ်။ ဒါကတရားစွဲ အဖွဲ့အစည်းရဲ့ အမြင်ပေါ့။ သူတို့တာဝန်ပေးထားတဲ့ စစ်ဆေးရေးမှူးရဲ့ အစီရင်ခံစာကို အတည်ပြုတာပါ။ ဘယ်လောက်ခိုင်မာသလဲဆိုတာတော့ မေးစရာရှိတယ်။ စက်ရုံမှူးအနေနဲ့ ကော်စေ့ပြတ်လို့ ဘယ်လိုလုပ်ရမလဲ တင်ပြအကြံတောင်းခံပြီးမှ လုပ်ခဲ့တာဖြစ်သလို ကော်စေ့ကြောင့်ဆိုရင်လည်း တင်ဒါကော်မတီမှာ တာဝန်ရှိမယ်။ ဒေါက်တာအောင်ဇော်ဘက်မှာလည်း ဓာတ်ခွဲခန်းသက်သေတွေ ပညာရှင်တွေရဲ့ သုံးသပ်ချက်အပြည့်အစုံနဲ့ အထောက်အထားတွေရှိပါတယ်။ စွပ်စွဲချက်တွေဟာ မခိုင်မာဘူးလို့ပဲ ပြောပါရစေ” ဟု ဒေါက်တာအောင်ဇော်ဘက်မှ အမှုလိုက်ပါ ဆောင်ရွက်မည့် ဥပဒေအကြံပေး ဦးခင်မောင်မြင့်က မဇ္စျိမသို့ ပြောသည်။

ယင်းဖြစ်စဉ်တွင် တင်ဒါစည်းမျဉ်းစည်းကမ်းကို ဖောက်ဖျက်ရုံနှင့် အဂတိလိုက်စားမှု မမြောက်သော်လည်း  စည်းမျဉ်းစည်းကမ်းဖောက်ဖျက်မှုကြောင့် နိုင်ငံတော်အတွက် ငွေကြေး ၊ ပစ္စည်းတစ်စုံတစ်ရာ ဆုံးရှုံးနစ်နာလျှင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် ငြိစွန်းသည်ဟု ဦးသန့်ဇော်က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အင်းစိန်ဆေးဝါး စက်ရုံးမှူး ကိစ္စအပါအဝင် နာမည်ကြီး အမှုများနှင့် စပ်လျဉ်းပြီး ကော်မရှင်က ထုတ်ဖော်ပြောဆိုရာတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကို ကော်မရှင်က စစ်ဆေးနေခြင်းသည် မီတာပုံး ကိစ္စမဟုတ်ဘဲ   ရေအားလျှပ်စစ်စီမံကိန်းနှင့် သက်ဆိုင်သည့် ကိစ္စတစ်ခုကို စစ်ဆေးနေခြင်း ဖြစ်သည်ဟုလည်း  သတင်းစာရှင်းလင်းပွဲတွင်   ကော်မရှင်က ထုတ်ဖော်ပြောဆိုခဲ့သည်။

“လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနရဲ့ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာနရဲ့ အမှတ် သုံး ရေအားလျှပ်စစ် စီမံကိန်း ရဲရွာရဲ့ လုပ်ငန်းစဉ်  တိုင်တန်းချက် တစ်ခုရှိနေပါတယ် ။ ဒီတိုင်တန်းချက်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ စုံစမ်းစစ်ဆေးနေခြင်းပဲဖြစ်ပါတယ်။ စုံစမ်းစစ်ဆေး နေဆဲပဲဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ စာချုပ်စာတမ်းများနဲ့ တိုက်ဆိုင်စစ်ဆးနေရတာဖြစ်တဲ့အတွက် ကြန့်ကြာနေရခြင်း” ဖြစ်သည်ဟု စစ်ဆေးရေးမှူးချုပ် ဦးသန့်ဇော်က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၈ခုနှစ်ထဲတွင် ကော်မရှင်ထံ တိုင်ကြားစာပေါင်း ၁၀၀၀၀ ကျော် ရှိပြီး၊ နိုင်ငံ့ဝန်ထမ်းများအပေါ် တိုင်ကြားစာ ၇၅ ရာခိုင်နှုန်းရှိပြီး ရပ်ကွက် ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးမှ စ၍ နိုင်ငံရေးအရ လုပ်ပိုင်ခွင့်ရှိသူများအဆင့်ထိ ပါဝင်သည့် ပြည်သူ့ဝန်ထမ်းများအပေါ် တိုင်ကြားစာ ၁၈ ရာခိုင်နှုန်းရှိကြေင်း ကော်မရှင်က ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly