ဝါးခယ်မမြို့နယ်အတွင်းရှိ တရားမဝင်ငါးကန်များအတွက် တိုင်းအစိုးရကို မေးခွန်းထုတ်

ဝါးခယ်မမြို့နယ်အတွင်းရှိ တရားမဝင်ငါးကန်များအတွက် တိုင်းအစိုးရကို မေးခွန်းထုတ်

ပုသိမ်၊ စက်တင်ဘာ ၂၁ ။         ။ ဧရာဝတီတိုင်းဒေသကြီး ၊ ၀ါးခယ်မမြို့နယ်၊ ကဝဲအင်းချောင်းမှ ငါးကန်များနှင့်ပတ်သက်၍ တိုင်းဒေသကြီး အစိုးရအား ဝါးခယ်မမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်မြင့်မြင့်စန်းက မေးခွန်းထုတ် ခဲ့သည်။

“နှစ်ပေါင်းများစွာ တရားမဝင်ငါးကန်များရှိနေခြင်းကို သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများက သိလျှက်နှင့် သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာနသို့တင်ပြခြင်းပြုခဲ့သလား၊မပြုခဲ့သလား။ မတင်ပြဘူးဆိုရင် ငါးကန်ပိုင်ရှင် များနှင့် ငွေကြေးကဏ္ဍ ဘယ်လိုပတ်သက်မှုရှိသလဲ။ တင်ပြခဲ့ရင် သက်ဆိုင်ရာငါးလုပ်ငန်းဦးစီးဌာနမှ အရေးမယူ ခြင်းမှာ ငါးကန်ပိုင်ရှင်များနှင့် ငွေကြေးဘယ်လို ပတ်သက်မှုရှိတယ်ဆိုတာ စစ်ဆေးပြီး အင်းချောင်းအား ကိုယ် ကျိုးအတွက် တရားမဝင်အသုံးပြုနေမှု၊ အခွန်ရှောင်မှု၊ နိုင်ငံတော်ဘဏ္ဍာငွေများ ဆုံးရှုံးမှုအတွက် အရေးယူရမှာ ဖြစ်ပါတယ်”ဟု ဒေါ်မြင့်မြင့်စန်းက ဧရာဝတီတိုင်းလွှတ်တော်တွင်မေးမြန်းခဲ့သည်။

၀ါးခယ်မမြို့နယ်၊ ကဝဲအင်းချောင်းအုပ်စုရှိ ကဝဲကျွဲလမ်းအင်းနယ်နိမိတ်အတွင်း တရားမဝင် ငါးကန် ရှစ်လုံး ပါဝင်နေခြင်းကြောင့် ရေလုပ်သားအစုအဖွဲ့ဝင်များအနေဖြင့် ငါးသယံဇာတ ရှာဖွေရန် နေရာနည်းပါးနေခြင်း၊ ကန်ပိုင်ရှင်များအနေဖြင့် အင်းချောင်းအတွင်း ငါးရိုင်းများသွင်းယူနေခြင်းတို့ကြောင်း ငါးရှာဖွေမှု ထိခိုက်နေခြင်း တို့ဖြစ်ပေါ်နေကြောင်း ဒေါ်မြင့်မြင့်စန်းကတိုင်းလွှတ်တော်တွင် ပြောဆိုခဲ့သည်။

ထို့အပြင် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ဂရန်အင်း၏ နယ်နမိတ်အတွင်း ငါးမွေးခွင့်လိုင်စင်များချပေးရာ၌ ဥပဒေ နှင့်အညီ သေချာစွာကွင်းဆင်းစိစစ်မှုမရှိခြင်းနှင့် တရားမဝင်ဆောင်ရွက်နေမှုများအား တိတိကျကျ အရေးယူရန် လိုအပ်ကြောင်း၊ ငါးလုပ်ငန်းကိစ္စရပ်နှင့် ပတ်သက်၍ ဥပဒေများကို အကောင်အထည်ဖော်ရာတွင် အားနည်း ကြောင်း အင်းမြေပုံများရေးဆွဲရာတွင်လည်း တိကျမှန်ကန်ရေးအတွက် စနစ်တကျဆောင်ရွက်သင့်ကြောင်း၊ အင်းချောင်း ဆက်စပ်ငါးကန်တူးဖော်ခြင်းများကို အချိန်မီ တားဆီး၍ထိရောက်စွာအရေးယူရန် လိုအပ်နေပြီး တရားမဝင် တူးဖော်ထားမှုများကို စနစ်တကျစစ်ဆေးဖော်ထုတ်ကာ ငါးလုပ်ငန်းဥပဒေနှင့်သာမက တိုင်းဒေသ ကြီးအစိုးရအဖွဲ့မှ ထိရောက်သောလုပ်ငန်းဆောင်ရွက်ချက်များဖြင့် အရေးယူဆောင်ရွက်သင့်ကြောင်း ဒေါ်မြင့်မြင့်စန်း က ဆက်လက်ပြောကြားခဲ့သည်။

အဆိုပါ မေးခွန်းကို တိုင်းဒေသကြီး စိုက်ပျိုးရေး မွေးမြူးရေး သယံဇာတနှင့် ပတ်ဝန်ကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်က ဖြေဆိုခဲ့သည်။

“၂၀၁၈-၁၉ဘဏ္ဍာနှစ်မှ အခုအချိန်အထိ ငါးလုပ်ငန်းဦးစီးဌာနရဲ့ ငါးမွေးမြူးရေးလိုင်စင် ထုတ်ပေးထားတဲ့ စာရင်းမှာ ပါရှိခြင်းမရှိကြောင်းတွေ့ရှိရပါတယ်။ ဖော်ပြပါ စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ကွင်းဆင်းစစ်ဆေးပြီးတဲ့ အခါမှာ နိုင်ငံတော်ပိုင် ဂရန်အင်းတွေ အတွင်းမှာ ကျူးကျော်နေတဲ့ ငါးကန်တွေကို တွေ ့ရှိလာရင် ပယ်ဖျက် သွားစေဖို့နဲ့ဂရန်အင်းနယ်နိမိတ်လွတ်ကင်းတဲ့ ငါးကန်များဟာ အင်းချောင်းများအတွင်းက ငါးရိုင်းတွေ သွင်းယူ နေတာရှိမရှိကို စစ်ဆေးသွားမှာဖြစ်ပါတယ်။ ငါးရိုင်းတွေ သွင်းနေတာစစ်ဆေးတွေ ့ရှိပါက ဧရာဝတီတိုင်းဒေသ ကြီး ရေချိုငါးလုပ်ငန်းဥပဒေပုဒ်မ ၆၃ ပါပြဋ္ဌာန်းချက်များနှင့်အညီ ပြစ်ဒဏ်များနှင့် အရေးယူဆက်လက်ဆောင် ရွက်သွားမည်”ဟု ဦးတင်အောင်ဝင်က ပြောသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly