၂၀၂၀ ရွေးကောက်ပွဲတွင် ရိုးရိုးသားသား ယှဉ်ပြိုင်မည်ဟု တိုင်း ပြည်ခိုင်ဖြိုးအတွင်းရေးမှူးပြော

၂၀၂၀ ရွေးကောက်ပွဲတွင် ရိုးရိုးသားသား ယှဉ်ပြိုင်မည်ဟု တိုင်း ပြည်ခိုင်ဖြိုးအတွင်းရေးမှူးပြော

မန္တလေး၊ စက်တင်ဘာ ၂၁ ။          ။ လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရိုးရိုးသားသားယှဉ်ပြိုင်သွားမည်ဟု မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးအောင်ကျော်မိုးကပြောသည်။

"ရွေးကောက်ပွဲအတွက် ရိုးရိုးသားသားနဲ့ ကောင်းကောင်းမွန်မွန်နဲ့ မှန်မှန်ကန်ကန် ယှဉ်ပြိုင်ပြီးတော့မှ ကြိုးစား အနိုင် ယူသွားမယ်ဆိုတာကိုတော့ ကတိပြုတယ်။ မကောင်းတဲ့နည်းတွေ မမှန်ကန်တဲ့နည်းတွေ မဟုတ်တဲ့နည်းတွေ ဒါတွေ ကိုတော့ လုံးဝဆောင်ရွက်မှာ မဟုတ်ပါဘူးလို့ ဒါကိုလည်းပဲ ပြောချင်ပါတယ်။" ဟု ဦးအောင်ကျော်မိုး က ပြောသည်။

နေပြည်တော်တွင် ကျင်းပသည့် ပဥ္စမအကြိမ်မြောက် ပါတီဗဟိုအစည်းအဝေးနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသ ကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ က စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၁ဝနာရီက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးအောင်ကျော်မိုးက ပြောခဲ့ခြင်းဖြစ်သည်။

အဆိုပါ အစည်းအဝေးတွင် ပါတီတွင်းစည်းလုံးညီညွှတ်မှု ပိုမိုကျစ်လစ်ခိုင်မာရေး၊ ပါတီစည်းကမ်းနှင့် မူဝါဒလမ်းညွှန် ချက်များကို တိကျစွာထိန်းသိမ်းလိုက်နာအကောင်အထည်ဖော်ရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုနှင့် စီးပွားဖွံ့ဖြိုးမှု မပျက်ယွင်းစေဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေကို ခေတ်ကာလလိုအပ်ချက်နဲ့ အညီ နည်းလမ်းတကျ အဆင့်ဆင့် ပြင်ဆင် ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုနိုင်ငံ ပေါ်ထွန်းရေး၊ တစ်နေ့တစ်ခြား နိမ့်ပါးယိုယွင်းလာသော ပြည်ထောင်စုနိုင်ငံတော်ကြီး နှင့် နိုင်ငံသားများ၏ ဘဝကို စောင့်ရှောက်မြှင့်တင်နိုင်ရန်အတွက် အထွေထွေရွေးကောက်ပွဲကြီးအောင်နိုင်ရေး စသည့် ဆုံးဖြတ်ချက်များ ချခဲ့ကြောင်း ၎င်းကဆိုသည်။

"ရွေးကောက်ပွဲတစ်ခု အောင်နိုင်ဖို့အတွက် လုပ်ရမယ့်အလုပ်တွေ အကုန်လုံး ပါတီကတော့ ဆောင်ရွက်နေတယ်လို့ ပြောရမယ်။ ဘာတွေလုပ်နေလဲ ဆိုရင် အသေးစိတ်အတိအကျ လုပ်နေတာတွေ ပြောဖို့လည်း မသင့်တော်တဲ့ ကိစ္စ တွေပေါ့နော်။ ကိုယ်တို့တွေ အားကစားလိုပဲ ဘောလုံးသင်း နှစ်သင်းကန်ကြတဲ့အခါမှာ တစ်သင်းကလည်း နိုင်ဖို့ အတွက်လေ့ကျင့်နေတယ်။ လေ့ကျင့်တဲ့အခါ ကိုယ်လေ့ကျင့်တဲ့ နည်းစနစ်ကို ဘယ်လိုနည်းစနစ်နဲ့ လေ့ကျင့်တယ် ဆိုတာ တစ်ဖက်လူကို မပြောပြသလိုပေါ့။" ဟု ဦးအောင်ကျော်မိုးက ဆက်ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေဖြင့် ၂၀၂ဝရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ကိုယ်စားလှယ်လောင်းများကို ပဏာမ ရွေးချယ်မှုများ ပြုလုပ်ထားကြောင်းသိရသည်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/   

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly