လူမူကွန်ရက်တွင် ဝေဖန်ရေးသားခဲ့သည့် ကာတွန်းဆရာကို ပုဒ်မ(၆၆) ဃ ဖြင့်တရားစွဲဆိုခြင်းသည် မဖြစ်သင့်ဟုဆို

လူမူကွန်ရက်တွင် ဝေဖန်ရေးသားခဲ့သည့် ကာတွန်းဆရာကို ပုဒ်မ(၆၆) ဃ ဖြင့်တရားစွဲဆိုခြင်းသည် မဖြစ်သင့်ဟုဆို
ဓာတ်ပုံ - ကာတွန်းအတီး

ရန်ကုန်၊ စက်တင်ဘာလ ၂၁ ။            ။ လူမူကွန်ရက်တွင် ဝေဖန်ရေးသားခဲ့သည့် ကာတွန်းဆရာကို ပုဒ်မ(၆၆) ဃ ဖြင့်တရားစွဲဆိုခြင်းသည် မဖြစ်သင့်ဟု ကာတွန်းဆရာတချို့က သုံးသပ်လျှက်ရှိသည်။

ကာတွန်းဆရာ အတီး(ကော်ရည်) မှ "မအူပင် NLD ပါတီပုံရိပ် အမှားများ " ခေါင်းစဉ်ဖြင့် ဝေဖန် ရေးသားခဲ့သောကြောင့် မအူပင်မြို့နယ် NLD  ပါတီဥက္ကဋ္ဌဖြစ်သူ ဦးမောင်မောင်က စက်တင်ဘာလ ၁၇ ရက်နေ့က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် ရဲစခန်းသို့တိုင်ကြားပြီး အမှုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

"လူမှုကွန်ရက်ပေါ်မှာ ရေးတာပါ။ အဲဒါက သူတို့ကို ထိခိုက်မယ်ထင်တဲ့စကားလုံးလေး ပါသွားလို့ပါ။ အဲဒါကြောင့်ပါ။ ကျန်တာတော့ ဘာမှမပါ ပါဘူး။ အခုလောလောဆယ်တော့ ရဲစခန်းမှာ အမှုဖွင့်ထား တယ်။ အာမခံနဲ့ထွက်ထားပါတယ်။ အခုချိန်ထိတော့ ဘာမှ အရေးယူဆောင်ရွက်တာမျိုး မရှိသေး ပါဘူး။ မိတ်ဆွေနှစ်ယောက်က အာမခံပေးတယ် " ဟု Cartoon Ah Tee အကောင့်ပိုင်ရှင်ဦးနိုင်ဇော်ဦး က မဇ္စျိမသတင်းဌာနကို အတည်ပြုပြောကြားသည်။

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် NLD ပါတီဥက္ကဋ္ဌ ဖြစ်သူ ဦးမောင်မောင်ကို မဇ္စျိမသတင်းဌာနအနေဖြင့် ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်မေးမြန်းခွင့်မရခဲ့ပေ။

"ကာတွန်းဆရာတစ်ယောက်အနေနဲ့ပြောရရင် ဒီ ၆၆ ဃ ဆိုတာက ဒီပုဒ်မက လူထု ကိုနှိပ်ကွပ်ဖို့ အတွက်ကို ပြဋ္ဌာန်းထားတာ ၊ အဓိကက မှန်တာ မှားတာက တစ်ပိုင်း ၊ ပြည်သူရွေးချယ်တင်မြှောက်တဲ့ အစိုးရက ကိုယ့်ပါတီကိုလည်း ၀ိုင်းရံပြီးတော့ အားပေးထောက်ခံနေတဲ့ကာတွန်းဆရာတစ်ယောက်ကို ဒီပုဒ်မနဲ့တရားဆွဲတယ်ဆိုတာ ဘယ်လိုမှမဖြစ်သင့်ဘူး။ ဒါတော်တော်ရင်နာစရာလည်းကောင်းတယ်။
ဒါ ဒီမိုကရေစီစနစ်ကိုသွားနေတဲ့ အစိုးရဖြစ်တဲ့အတွက်ကြောင့် ဆိုလိုတာက လွတ်လပ်စွာဝေဖန်တာ ကို လက်ခံရမှပဲလေ။ ဆန့်ကျင်ရှုတ်ချတဲ့သဘောနဲ့ အပျက်သဘောနဲ့ ရေးသားတာလား ၊ ကောင်းစေ ချင်လို့ ပြုပြင်စေချင်လို့ ဝေဖန်တာလား ၊ အဓိကအားနည်းချက်က အဲဒါကိုခွဲခြားမသိဘူး" ဟု         ကတွန်း ဆရာအသင်း၏ ဒုဥက္ကဋ္ဌ ဖြစ်သူ ကာတွန်းဝင်းအောင်က ပြောဆိုသည်။

လက်ရှိအချိန်တွင်လူမူကွန်ရက်စာမျက်နှာများ နှင့် သတင်းဂျာနယ် အချို့တွင် ကာတွန်းအတီး (ကော်ရည်)ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ ဖြင့် တရားစွဲခြင်း နှင့်ပတ်သက်ပြီး ကာတွန်း ဆရာများမှ ရှုတ်ချ ဝေဖန်ရေးသားလျက်ရှိသည်။ ကာတွန်းဆရာများအသင်းအနေဖြင့်လည်း ယခုကဲ့သို့ တရားစွဲဆိုခြင်းနှင့်ပတ်သက်ပြီး ကာတွန်းအတီးဘက်မှ ရပ်တည်ကြောင်း သိရသည်။

ကာတွန်းအတီး (ကော်ရည်) မှ မအူပင်မြို့တွင်နေထိုင်ကာ အုပ်ချုပ်ရေး၊ဥပဒေပြုရေး နှင့်တရားရေး မဏ္ဍိုင်တို့ကို ဝေဖန်ထောက်ပြသည့် ကာတွန်းများ ရေးဆွဲနေတာဖြစ်ပြီး ထင်ရှားသည့် ကာတွန်းဆရာ တစ်ဦးဖြစ်ကာ ၂၀၁၂ ခုနှစ်ကြားဖြတ်ရေးကောက်ပွဲနှင့် ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အောင်နိုင်ရေးအတွက် တက်ကြစွာပါဝင်ခဲ့သည့် ဖြစ်ကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly