အင်ဒိုနီးရှား အာချေးပြည်နယ်တွင် ဘာသာရေး အကြမ်းဖက်မှုကြောင့် လုံခြံုရေးတပ်ဖွဲ့များ ဖြန့်ချထားခဲ့ရ

အင်ဒိုနီးရှား အာချေးပြည်နယ်တွင် ဘာသာရေး အကြမ်းဖက်မှုကြောင့် လုံခြံုရေးတပ်ဖွဲ့များ ဖြန့်ချထားခဲ့ရ

ဂျကာတာ၊ အောက်တိုဘာ - ၁၅ ။        ။ ယခုရက်သတ္တပတ်တွင် ဖြစ်ပွားခဲ့သည့် ဘာသာရေးအကြမ်းဖက်မှုအတွင်း လူတစ်စုက ခရစ်ယာန်ဘုရားကျောင်းများကို မီးရှို့၊ လူတစ်ဦးကို သတ်ဖြတ်ခဲ့ပြီးနောက် အင်ဒိုနီးရှားမြောက်ပိုင်း အာချေးပြည်နယ်တွင် အဓိကရုဏ်းကို ငြိမ်သက်သွားစေရန်အတွက် အောက်တိုဘာလ ၁၅ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့များကို ဖြန့်ချထးခဲ့ရသည်ဟု ဆိုသည်။

အင်ဒိုနီးရှားမှာ ကမ္ဘာပေါ်တွင် မွတ်စလင်လူဦးရေ အများဆုံးနေထိုင်သည့် နိုင်ငံဖြစ်ပြီး အများစုမှာ အလယ်အလတ် ပျော့ပျောင်းသည့် အစ္စလာမ်ဝါဒကို ခံယူကျင့်သုံးကျပြီး အာချေးမှာမူ ရှေးရိုးစွဲအဆန်ဆုံး အစ္စလာမ် ရှာရီးရားဥပဒေကို လိုက်နာကျင့်သုံးသည့် တစ်ခုတည်းသော ပြည်နယ်ပင် ဖြစ်သည်။

‘အခု အာချေးမှာ အခြေအနေတွေကို ထိန်းချုပ်နိုင်ပြီး တည်ငြိမ်အေးချမ်းသွားပါပြီ’ဟု နိုင်ငံတော်ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် အာဂတ်စ် ရီရင်တိုက ရိုက်တာသို့ တယ်လီဖုန်းဖြင့် ပြောကြားခဲ့သည်။

တိုက်ခိုက်မှု၏ နောက်ဆက်တွဲအနေဖြင့် အာချေးဆင်ခီမှ လူထောင်ပေါင်းများစွာကို ပြောင်းရွှေ့ခဲ့သည်ဟူသည့် သတင်းများကိုမူ ရီရင်တိုက ငြင်းဆန်သွားခဲ့သည်။

ခရစ်ယာန်ဘုရားကျောင်းများကို မီးရှို့ပြီး ခရစ်ယာန်များကို ခြိမ်းခြောက်ခဲ့သည့် အယောက်၅၀၀ လူအုပ်ထဲမှ လူအယောက် ၂၀ခန့်ကို ရဲက ဖမ်းဆီးထားလိုက်ပြီဖြစ်ကြောင်း ဒေသတွင်းမီဒီယာက ပြောကြား ခဲ့သည်။

သမ္မတ ဂျိုကို ဝီဒိုဒိုကလည်း အကြမ်းဖက်မှုကို ရပ်တန့်ရန် တောင်းဆိုခဲ့သည်။ ‘ဘာသာရေး၊ ယုံကြည်မှု ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် အကြမ်းဖက်တာဟာ မတူကွဲပြားယှဉ်တွဲနေထိုင်မှုကို ဖျက်စီးတာပါပဲ’’ဟု ဝီဒိုဒိုက ဘလော့ဝဘ်ဆိုက် တွစ်တာ(Twitter)တွင် ပြောကြားခဲ့သည်။

ဆယ်စုနှစ်သုံးခုကြာ ခွဲထွက်ရေးသူပုန်ထမှုကို အဆုံးသတ်သွားစေခဲ့သည့် ၂၀၀၅ခုနှစ် ငြိမ်းချမ်းရေး သဘောတူညီချက်အရ အာချေးပြည်နယ်ကို အထူးဒေသန္တရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးခဲ့ရပြီး ရှာရီးရားဥပဒေကိုလည်း ကျင့်သုံးခွင့်ပြုခဲ့သောကြောင့် နိုင်ငံ၏ ကျန်အစိတ်အပိုင်းများနှင့် ပဋိပက္ခဖြစ်နေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly