အီရန်နှင့် စစ်ဘက်ဆက်ဆံရေးခိုင်မာလိုဟု တရုတ်ပြော

အီရန်နှင့် စစ်ဘက်ဆက်ဆံရေးခိုင်မာလိုဟု တရုတ်ပြော

ပေကျင်း၊ အောက်တိုဘာ ၁၅ ။         ။ တီဟီရန်သည် ၎င်း၏နျူကလီးယားအစီအစဉ်နှင့် ပတ်သက်ပြီး ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် သဘောတူညီချက်တစ်ခု လက်မှတ်ရေးထိုးပြီးနောက် သုံးလအကြာ တရုတ်က အီရန်နှင့် စစ်ရေးဆက်ဆံမှုခိုင်မာလိုသည်ဟု အီရန်ရောက် တရုတ်အကြီးတန်းရေတပ်ဗိုလ်ချုပ်တစ်ဦးက ကြေညာချက်တစ်ခုတွင် အောက်တိုဘာ ၁၅ ရက်က ပြောကြားခဲ့သည်။

တီဟီရန်သို့ရောက်ရှိနေသည့် ခရီးစဉ်တစ်ခုအတွင်း ဆွန်ကျန်ကို့က အီရန်ကာကွယ်ရေးဝန်ကြီး ဟော့ဆိန်းဒက်ဂန်သို့ပြောကြားခဲ့သည်ဟု တရုတ်ကာကွယ်ရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်သည်။ ထို့အပြင် နှစ်နိုင်ငံကြား စစ်ဘက်ဆက်ဆံရေး တိုးတက်အောင်ဆက်လက် ဆောင်ရွက်လိမ့်မည် ၎င်းကမျှော်လင့်နေသည်ဟုလည်း ဖော်ပြသည်။

ဆွန်၏ခရီးစဉ်သည် နှစ်နိုင်ငံကြားအပြန်အလှန်အကျိုးစီးပွားဆိုင်ရာကိစ္စရပ်များတွင် အမြင်ချင်းဖလှယ်ရန်၊ ပူးပေါင်းဆောင်ရွက်မှုတိုးမြင့်ရန်နှင့် ချစ်ကြည်ရင်းနှီးမှုမြင့်တင်ရန်တို့အတွက်ဖြစ်သည်ဟုလည်း တရုတ်ကာကွယ်ရေးဝန်ကြီးဋ္ဌာန၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။

တရုတ်သည် အီရန်ထံမှ ရေနံအများဆုံးဝယ်ယူသည့်နိုင်ငံဖြစ်ပြီး အီရန်သည် အဏုမြူလက်နက် ထုတ်လုပ်နိုင်သည်ဆိုသည့် စိုးရိမ်မှုများဖြစ်ပေါ်နေစဉ် အီရန်၏ နျူကလီးယားအစီအစဉ်ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် တီဟီရန်လိပ်ခဲတည်းလည်းဖြစ်နေစဉ် အီရန်ထံမှ ရေနံဝယ်ယူမှုအတွက် အပြစ်ပေးမည်ဟု အမေရိကန်က ခြိမ်းခြောက်ခဲ့သည်။

ဇူလိုင်သဘောတူညီချက်အတွက် တရုတ်ကကြားဝင်စေ့စပ်ပေးခဲ့ပြီး အီရန်အပေါ်စီးပွားရေးပိတ်ဆို့မှုအချို့ရုပ်သိမ်းပေးခဲ့သည်။ အပြန်အလှန်အားဖြင့် အီရန်ကလည်း ၎င်း၏နျူကလီးယားလုပ်ငန်းများကို ထိန်းချုပ်ခဲ့ရသည်။

နှစ်နိုင်ငံစစ်ဘက်ဆက်ဆံရေးနယ်ပယ်ချဲ့ထွင်ရေး ပြုလုပ်နိုင်မည်ဟု အီရန်ဘက်ကလည်း အခိုင်အမာယုံကြည်နေသည်ဟု စည်းဝေးပွဲအပြီးတွင် အီရန်စာနယ်ဇင်းများက ရေးသားခဲ့သည်။

အိန္ဒိယသမုဒ္ဒရာတွင် သင်္ဘောသွားလမ်းကြောင်းများကို အကာအကွယ်ပေးရာတွင် ပူးပေါင်းဆောင်ရွက်ရန် အီရန်ရေတပ်အကြီးအကဲ ရေတပ်ဗိုလ်ချုပ် ဟာဘီဘိုလာဆာယာရီက တောင်းဆိုခဲ့သည်ဟု အီရန်၏ Press TVကအစီရင်ခံခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly