ဘန်ကောက်နှင့် ချင်းမိုင် ကြိုတင်မဲ အနည်းငယ်၌ပင် မဲစာရင်းတွင် မပါသူများရှိနေ

ဘန်ကောက်နှင့် ချင်းမိုင် ကြိုတင်မဲ အနည်းငယ်၌ပင် မဲစာရင်းတွင် မပါသူများရှိနေ

အောက်တိုဘာလ ၁၅ ရက်၊ ချင်းမိုင်(မဇ္ဈိမ)။       ။ လာမည့် နိုဝင်ဘာလ ၈ ရက် အထွေထွေရွေးကောက်ပွဲအတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် ချင်းမိုင်မြို့ တို့တွင် ကြိုတင် မဲပေးရန် လာရောက်လျှောက်ထားသူ စုစုပေါင်း ၈၅၄ ဦးမှ ၆၀၄ ဦးသာ မဲပေးခွင့်ရှိပြီး ကျန် ၂၅၀ မှာ မဲစာရင်းတွင်မပါဝင် ကြဟု သိရသည်။

ဘန်ကောက်မြို့ မြန်မာသံရုံးက ပြီးခဲ့သည့် ဇူလိုင်လနှင့် စက်တင်ဘာလများတွင် ကြိုတင်မဲပေးရန် အသိပေးခဲ့ပြီးနောက် လာရောက်လျှောက်ထားသူပေါင်း ၇၁၂ ဦးရှိရာမှ ၅၆၁ ဦးသာ မဲပေးခွင့်ရပြီး၊ မဲစာရင်းတွင်မပါသူ ၁၅၁ ဦးရှိသည်ဟု ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးမှ သံအမတ်ကြီး ဦးဝဏ္ဏဟန်က အောက်တိုဘာလ ၁၅ ရက်၌ မဇ္ဈိမကို ပြောသည်။

“ကျနော်တို့ရဲ့ ဝဘ်ဆိုဒ်မှာလည်း ကြေညာတယ်။ ကြော်ငြာသင်ပုန်းမှာလည်း ကပ်တယ်။ သက်ဆိုင်ရာ နီးစပ်ရာကိုလည်း အကြောင်းကြားပါတယ်။ ကျနော်တို့ ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြထားတာက စုစုပေါင်း ၇၁၂ ရှိတယ်။ အဲဒီထဲမှာ ကျနော်တို့ လက်ခံရရှိတာ ၅၆၁ ရှိပါတယ်။ ကျန်တဲ့လူတွေက မဲစာရင်းထဲမှာ မပါဘူးဖြစ်နေတာ။” ဟု သူက မဇ္ဈိမကို ပြောသည်။

ချင်းမိုင်မြို့တွင်လည်း ကြိုတင်လာရောက် မဲပေးသူ ၁၄၂ ဦးမှ ၄၃ ဦးသာ မဲပေးခွင့်ရရှိပြီး ၉၉ ဦးသည် မဲစာရင်းထဲ နာမည် မပါသဖြင့် မဲပေးခွင့်မရှိကြောင်း ချင်းမိုင်မြို့   မြန်မာကောင် စစ်ဝန်ရုံးမှ ကောင်စစ်ဝန် ဦးကောင်းစံလွင်က ပြောသည်။

“သူတို့ပေးချင်တယ်ဆိုလို့ ပုံစံ ၁၅ ဖြည့်ပြီးတော့ တင်ထားတာ။ အားလုံးက ၁၄၂ ယောက်ရှိတယ်။ အဲဒီမှာမှာ မဲပေးခွင့် ရွေးကောက်ပွဲ ကော်မရှင်က စစ်ဆေးပြီးတော့ အကျုံးဝင်တဲ့ လူက ၄၃ ယောက်ဘဲရှိတယ်၊ သူတို့ကို ၁၇ ရက်နေ့မှာ မဲလာထည့်ဖို့ ကျနော်တို့ အကြောင်းကြားထားပြီ။” ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

ဘန်ကောက်မြို့ မြန်မာသံရုံးသို့ ကြိုတင်မဲလာလျှောက်သူမှ မဲစာရင်းတွင်မပါသူ ၁၅၁ ဦးနှင့် ချင်းမိုင်မြို့ ကောင်စစ်ဝန်ရုံးသို့ လာလျှောက်ထားသူများထဲမှ ၉၉ ဦး စုစုပေါင်း ၂၅၀ ဦး မဲပေးခွင့်မရခြင်း ဖြစ်သည်။

ထိုမဲပေးခွင့် မရှိသူများသည် သံရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံးတွင် မဲထည့်ခွင့် မရတော့သော်လည်း၊ သက်ဆိုင်ရာ မြို့နယ် ကော်မရှင်က သတ်မှတ်ပေးသည့်ရက်၌ ပြည်တွင်းမှ သက်ဆိုင်ရာကော်မရှင်ရုံးသို့ သွားရောက်၍ မိမိ၏ နာမည်ကို ပြန်လည်လျှောက်ထားရမည်ဖြစ်ပြီး သက်ဆိုင်ရာ မဲဆန္ဒနယ်သို့ ပြန်ကာ မဲထည့်ရတော့မည်ဟု ဆိုသည်။

“မဲစာရင်းမှာ နာမည်မပါတဲ့ လူတွေကတော့ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေမှာ မဲစာရင်းမှာ မပါလို့ဖြစ်မယ်။ မပါရင်တော့ ပေးလို့ မရဘူး။ သူတို့က သက်ဆိုင်ရာ မြို့နယ် ကော်မရှင်ရုံးကို ဆက်သွယ်ပြီးတော့ သီးခြား ကိုယ့်ကိုကိုယ် ဆက်သွယ်ပြီး လုပ်ရမယ်။” ဟု ကောင်စစ်ဝန် ဦးကောင်းစံလွင်က ပြောသည်။

မြန်မာသံရုံးအင်တာနက်စာမျက်နှာများနှင့် ကြော်ငြာထုတ်ပြန်ထားသော်လည်း မြန်မာအလုပ်သမားများအနေဖြင့် လက်လှမ်းမမီခြင်း၊ မဲပေးရန် အသိပညာပေးမှု အားနည်းခြင်းတို့ကြောင့် ထိုင်းနိုင်ငံတွင် တရားဝင်အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၁ ဒသမ ၇ သန်း ရှိရာမှ ရာဂဏန်းသာ လျှောက်ထားခြင်းဖြစ်သည်ဟု ဘန်ကောက်မြို့ အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ (MAT) အတွင်းရေးမှူး ကိုဇော်ကြီးက ပြောသည်။

“မြန်မာသံရုံးကနေ စနစ်တကျ မဲထည့်တဲ့အဆင့်တွေ ကြေညာပေးတာမျိုးတွေ၊ ကိုယ်ကြိုက်တဲ့ပါတီကို မဲထည့်နိုင်တယ် ဆိုတဲ့ဟာမျိုးတွေ၊ ပညာပေးတာတွေ မလုပ်ဘူး။   ဖေ့ဘုတ်မှာ   ကြေညာတယ်ဆိုရင်လည်း နယ်ကလူတွေ မသိကြဘူးလေ။ မြန်မာပြည်သား တော်တော်များများက အွန်လိုင်း မသုံနိုင်ကြဘူး။ အဓိကတော့ မြန်မာသံရုံးက မဲထည့်တာကို အင်တိုက် အားတိုက် ဆောင်ရွက်တာ မရှိဘူး။” ဟု သူက မဇ္ဈိမကို ပြောသည်။

ထို့ပြင် ကြိုတင်မဲပေးရန် ဆန္ဒရှိသော်လည်း မြန်မာနိုင်ငံသား မှန်ကန်ကြောင်း အထောက်အထားပြရန် မြန်မာနိုင်ငံသား စိစစ်ရေးလက်မှတ် (မှတ်ပုံတင်) နှင့် အိမ်ထောင်စုစာရင်းများ မရှိခြင်းတို့ကြောင့် အခက်အခဲများသည်ဟုဆိုသည်။

လာမည့် အောက်တိုဘာလ ၁၇ ရက် စနေနေ့တွင် ဘန်ကောက်မြို့ မြန်မာသံရုံးနှင့် ချင်းမိုင်မြို့ မြန်မာကောင်စစ်ဝန်ရုံး တို့တွင် နံနက် ၉ နာရီမှာ ညနေ ၄ နာရီခွဲထိ ကြိုတင်မဲလာရောက်ထည့်နိုင်သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly