လွှတ်တော်ပါ ဖျက်သိမ်းနိုင်မယ့် အခြေခံဥပဒေဖြစ်ရေး ကြံ့ခိုင်ရေးနဲ့တပ် ပူးပေါင်းကြိုးပမ်း

လွှတ်တော်ပါ ဖျက်သိမ်းနိုင်မယ့် အခြေခံဥပဒေဖြစ်ရေး ကြံ့ခိုင်ရေးနဲ့တပ် ပူးပေါင်းကြိုးပမ်း
ဓာတ်ပုံ- ပြည်ထောင်စုလွှတ်တော်ရုံး

နေပြည်တော်(စက်တင်ဘာလ ၂ဝရက်နေ့၊ ၂၀၁၉ခုနှစ်)။ ။ တပ်မတော်သား အများစုပါဝင်တဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရဲ့ တာဝန်တွေထဲမှာ လွှတ်တော်တွေကို ဖျက်သိမ်းနိုင်တဲ့ အခွင့်အာဏာ ပေးအပ်ဖို့ ထည့်သွင်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဥပဒေကြမ်း တစ်ခုကို အတိုက်အခံ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေက ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းထားပါတယ်။

ဒီဥပဒေကြမ်းကို အတိုက်အခံအမတ် ဦးစိုင်းသန်းနိုင်ဦးဆောင်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အမတ် ၃၅ဦးနဲ့ တပ်မတော်သားကိုယ်စားလှယ် ၁၁ဝဦး၊ စုစုပေါင်း ၁၄၅ဦးက လက်မှတ်ရေးထိုးပြီး တင်သွင်းခဲ့တာပါ။

ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးကဏ္ဍ အချင်းချင်း၊ အပြန်အလှန် ထိန်းကျောင်းမှုတွေ ယိုယွင်းလာတဲ့အခါ လွှတ်တော်တွေကို ဖျက်သိမ်းဖို့ သင့်၊ မသင့် နိုင်ငံတော်သမ္မတကို အကြံပေးရမယ်လို့ ကာ/လုံလို့ လူသိများတဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရဲ့ တာဝန်တစ်ရပ်အဖြစ် ဥပဒေကြမ်းထဲမှာ ဖော်ပြထားပါတယ်။

“မထိန်းကျောင်းနိုင်ဘူးဆိုရင် ဒီအဖွဲ့အစည်ဟာ ရပ်တည်ဖို့ မသင့်တော့ဘူး” လို့ အတိုက်အခံ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအမတ် ဦးသောင်းအေးက ပြောပါတယ်။

ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်တဲ့ လက်ရှိအစိုးရလက်ထက် သုံးနှစ်ခွဲအတွင်းမှာ တစ်ကြိမ်တစ်ခါမှ ခေါ်ယူကျင်းပခြင်း မရှိသေးတဲ့ ကာ/လုံ အစည်းအဝေးကို နှစ်လတစ်ကြိမ် ပုံမှန် ကျင်းပဖို့နဲ့ ကာ/လုံကောင်စီဝင် ၅ဦးက လိုအပ်လို့ တောင်းဆိုရင်လည်း အရေးပေါ် အစည်းအဝေး ကျင်းပရမယ်လို့ ဥပဒေကြမ်းထဲမှာ ထည့်သွင်းထားပါတယ်။

“တိုင်းပြည်အတွက် လိုအပ်လို့ ဒီပုဒ်မ၊ ဒီအခန်းကဏ္ဍကို ထည့်ပေးထားတာလေ။ ဒီကောင်စီကို ဖွဲ့ပေးထားတာပေါ့ ဖွဲ့ပေးထားရင်းနဲ့ မသုံးတဲ့အခါကျတော့ ဒီတိုင်းပြည်အတွက် ဘာပဲပြောနေနေ စိုးရိမ်ရတာပေါ့နော်” လို့ ဦးသောင်းအေးက မှတ်ချက်ပြုပါတယ်။

ကာ/လုံ ကောင်စီမှာ တပ်မတော်ဘက်က (၆)ဦး၊ ရွေးကောက်တင်မြှောက်ခံ ၅ဦး၊ စုစုပေါင်း ၁၁ဦး ပါဝင်ပါတယ်။ ဒါကြောင့် အခု တင်သွင်းထားတဲ့ ဥပဒေကြမ်းသာ အတည်ဖြစ်သွားမယ်ဆိုရင် သမ္မတက သဘောမတူသည့်တိုင်အောင် ကာ/လုံ အစည်းအဝေးကို ကျင်းပခွင့်ရှိမှာ ဖြစ်သလို အစည်းအဝေးမှာလည်း တပ်မတော်ဘက်က သဘောထားက အဓိကကျမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီပြင်ဆင်ချက် ဥပဒေကြမ်းဟာ အာဏာရ NLD ပါတီ လွှမ်းမိုးတဲ့ လွှတ်တော်ကို ကျော်လွှားဖို့တော့ အလားအလာက တော်တော်နည်းပါတယ်။

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူးဖြစ်တဲ့ မုံရွာအောင်ရှင်ကတော့ “၄၅ဦး(ပူးပေါင်းကော်မတီ)နဲ့အပြိုင် ဒါကို သူတို့ ထပ်ပြီး တင်တယ်ပေါ့လေ။ ကျွန်တော် မြင်တာကတော့ အခုလို အပြန်အလှန် လုပ်နေကြတာကတော့ သိပ်ပြီး အလုပ်မဖြစ်နိုင်ဘူးဗျ။ အခုလို အပြန်အလှန် တင်တာတွေဟာ တစ်ကယ်ကော ရိုးသားရဲ့လား ဆိုတာလည်း စဉ်းစားစရာ ကောင်းလာပြီ” လို့ သုံးသပ်ပါတယ်။

လွှတ်တော်ထဲက အနိုင်ရပါတီတွေအလိုက် အချိုးကျ ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ၄၅ဦး ပူးပေါင်းကော်မတီကလည်း အချက်ပေါင်း ၃၇၆၅ချက်ပါဝင်တဲ့ အခြေခံဥပဒေပြင်ဆင်ရေး စုစည်းချက် အစီရင်ခံစာကို လွှတ်တော်မှာ အတည်ပြုပြီးတော့ လက်ရှိမှာ ဥပဒေကြမ်း ရေးဆွဲနေတာ ဖြစ်ပါတယ်။

“တစ်ကယ်ကော ကာ/လုံ ခေါ်ရမယ့် အခြေအနေမျိုး ရှိနေလို့လား။ ဘာမှ သိပ်ထွေထူးတဲ့ ပြဿနာကြီး မဟုတ်ဘဲ ဒီဟာကြီး ခနခန ခေါ်နေရင်လည်း သိပ်တော့ အဆင်မပြေဘူးလို့ ကျွန်တော် ထင်တယ်။ အဲ့လောက်အထိ ဖြစ်တာ မကောင်းဘူးဗျ။ နှစ်ဦးနှစ်ဖက် အပြန်အလှန် သေသေချာချာ ညှိနှိုင်းပြီးတော့ လုပ်ကြရင်တော့ အကောင်းဆုံး အဖြေရလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်” လို့ မုံရွာအောင်ရှင်က မဇ္ဈိမကို ပြောပါတယ်။

တစ်ပြိုင်နက်ထဲမှာပဲ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ရဲ့ ဒုတိယယမြောက် ဥပဒေကြမ်းဖြစ်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေကြမ်းကိုလည်း ဗိုလ်မှူးချုပ် အောင်စန်းချစ် ဦးဆောင်တဲ့ တပ်မတော်သားကိုယ်စားလှယ် ၁၄၄ဦးက သီးခြား တင်သွင်းထားပါတယ်။

တပ်မတော်အစုအဖွဲ့က တင်သွင်းထားတဲ့ ဥပဒေကြမ်းထဲမှာတော့ အခန်း(၅)အုပ်ချုပ်ရေးကဏ္ဍထဲက တိုင်းနဲ့ပြည်နယ် ဝန်ကြီးတွေ ခန့်အပ်တာဝန်ပေးရေးနဲ့ပတ်သက်ပြီး သမ္မတရဲ့ လုပ်ပိုင်ခွင့်ကိုလျှော့ပြီး တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်လိုတာ တွေ့ရပါတယ်။

ဒီဥပဒေကြမ်းတွေကိုလည်း ရှေ့ပိုင်းမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တင်သွင်းခဲ့တဲ့ ဥပဒေကြမ်း နှစ်ခုလိုပဲ ၄၅ဦး ပူးပေါင်းကော်မတီရဲ့ လုပ်ငန်းစဉ်အောက် ထည့်သွင်းမလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်ကတော့ “ဥပဒေအရကတော့ ဒီဟာ ဆွေးကို ဆွေးနွေးရမှာ။ ဆွေးနွေးပြီး လွှတ်တော်မှာ တင်သွင်းမယ်။ လွှတ်တော်မှာ ဆွေးနွေးပြီးရင်တော့ မဲခွဲဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ဒီလို မလုပ်ဘဲနဲ့ ၄၅ဦးထဲ ထည့်မယ်၊ ထည့်မယ်ချည်း ဖြစ်နေတာကတော့ ဥပဒေနဲ့ မညီဘူး” လို့ ဒီကနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး အပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။

လက်ရှိမှာတော့ အဲ့ဒီဥပဒေကြမ်းတွေကို အသေးစိတ် လေ့လာစိစစ်ဖို့အတွက် အဖွဲ့ဝင် ၃ဝဦး ပါဝင်တဲ့ လွှတ်တော်နှစ်ရပ်က ဥပဒေကြမ်းကော်မတီဝင်တွေကို လွှတ်တော်နာယကက တာဝန်ပေးထားပါတယ်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly