လူထု စိုးရိမ်မည် စိုး၍ မြေပြိုနိုင်မည့်နေရာကို အသိမပေးခြင်းဖြစ်ကြောင်း မွန်သယံဇာတဝန်ကြီး ပြော

လူထု စိုးရိမ်မည် စိုး၍ မြေပြိုနိုင်မည့်နေရာကို အသိမပေးခြင်းဖြစ်ကြောင်း မွန်သယံဇာတဝန်ကြီး ပြော
စက်တင်ဘာ ၁၉ ရက်တွင် ပြုလုပ်သော မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းအား တွေ့ရစဉ်။ ဓာတ်ပုံ - နွန်နွန်

မော်လမြိုင်၊ စက်တင်ဘာ ၂၀ ။            ။ လူထု စိုးရိမ်စိတ် များမည်စိုး၍ မြေပြိုကျနိုင်သောနေရာများကို ကြိုတင်အသိမပေးခြင်းဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက ပြောသည်။

စက်တင်ဘာလ ၁၉ ရက်က ကျင်းပသည့် မွန်ပြည်နယ်လွှတ်တော်ပုံမှန်အစည်းအဝေးတွင် ပေါင်မြို့နယ်တွင် မြေပြိုမှုနှင့်ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့၏ဆောင်ရွက်ထားမှုအခြေအနေနှင့်ပတ်သက်၍ ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူး၏မေးမြန်းမှုကို  ယင်းသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူး

“ပညာရှင်တွေရဲ့ သုံးသပ်ချက်အရ အရင်က မြေပြိုဖူးတဲ့နေရာ ၁၄ နေရာ ရှိပါတယ်။ အဲဒီ ၁၄ နေရာက နောက်ထပ် မြေပြိုမှု အလားလာ ပိုများတယ်လို့ တင်ပြထားတယ်။ နောက်တစ်ခုက မြေပြိုနိုင်တဲ့အလားအလာ ရှိတဲ့နေရာ ၂၁ နေရာလည်း ရှိသေးတယ်။ ဒီနေရာတွေကိုတော့ အတိအကျ ပြောလို့မရသေးဘူး။ အတိကျပြောရင်လည်း ပြည်သူတွေမှာ စိုးရိမ်မှုပိုလာမှာလည်း စိုးပါတယ်။ အစိုးရအနေနဲ့က ကြိုတင်ကာကွယ်ဖို့ လိုအပ်တဲ့နေရာတွေကို ဆက်လုပ်ဦးမဲ့အပိုင်းတွေ ရှိတယ်။ ခု ခန့်မှန်းထားတဲ့နေရာတွေကလည်း လူနေအိမ်ခြေတွေနဲ့ နီးတယ်။ ပေါင်မြို့နယ်ထဲက တောင်တွေမှာ ပြတ်ရွေ့ကြောတွေ ရှိနေတယ်။ အဲဒီ ပြတ်ရွေ့ကြားထဲကို မိုးရေတွေက ဝင်နေတယ်။ မြေပြိုနိုင်တယ်လို့ ခန့်မှန်းထားတဲ့နေရာတွေမှာ နေ နေတဲ့သူတွေကို အန္တရာယ်ရှိတယ်။ ခု ရွှေ့ဆိုရင် ရွှေ့ချင်မှ ရွေ့ကြမှာလေ။ အဲဒီတော့ သူတို့ကို ပညာပေးပြီး ရှောင်ရန်၊ ဆောင်ရန်တွေ သိဖို့တော့ လုပ်ဖို့လိုတယ်''ဟု ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

ပြီးခဲ့သည့် သြဂုတ် ၉ ရက်နေ့ နံနက်အစောပိုင်းက မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာပေါ်သို့ တောင်မြေပြိုကျခဲ့ပြီး လူ ၆၀ ဦးခန့် သေဆုံးခဲ့ပြီးနောက်

သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဖွဲ့စည်းတာဝန်ပေးထားသည့် ဘူမိဗေဒကျွမ်းကျင်ပညာရှင် အဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ရာ မြေပြိုမှုဖြစ်နိုင်သည့်နေရာ ၂၁ နေရာ တွေ့ရှိထားခြင်း ဖြစ်သည်။

ယင်းတွေ့ရှိချက်၊ သုံးသပ်ချက်၊ အကြံပြုများအပေါ် ဒေသခံပြည်သူများအားအသိပညာပေးခြင်းနှင့် ပြောင်းရွှေ့ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးက ဆက်လက်ပြောဆိုခဲ့သည်။

“ စမ်းသပ်စစ်ဆေးမှုလုပ်တယ်၊ မြေဘာကြောင့် ပြိုတာပဲ ဖြေဆိုသွားတယ်၊ ပြိုနိုင်ချေရှိတဲ့ ၂၁ နေရာကိုတော့ ပြည်သူလူထုအထိန့်တလန့် ဖြစ်သွားမှာကြောင့် ဖြေဆိုသွားခြင်းမရှိပါဘူး၊ ဓာတ်ပုံမှတ်တမ်းတော့ ပေးပို့သွားတာ ရှိပါတယ်။ ဘယ်နေရာကလည်းဆိုတော့ အဲဒီကနေ ကြည့်ရမယ့်သဘောဖြစ်နေတယ်။ ဆရာဝန် တစ်ယောက်က သူ့လူနာကို ဒီအစားအသောက်နဲ့ မတည့်ဘူးလို့ ကြိုမပြောဘူးဆိုလို့ရှိရင် ဒီအစာကို စားမိရင် သေဆုံးနိုင်ပါတယ်။ ဒီအစာကို မစားဖို့ ကျွန်တော်တို့ ပြောရပါတယ်၊ ဒီလိုပါပဲ ဒီနေရာမှာလည်း မြေထပ်ပြိုနိုင်ခြေ ရှိမှန်းသိရဲ့သားနဲ့ ကျွန်တော်တို့ ဘာမှ မပြောဘဲနေရင်တော့ တာဝန်ပိုရှိတယ်လို့ ခံစားရပါတယ်” ဟု ပေါင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက ပြောသည်။

ဆက်လက်ပြီး “ အဲဒီနေရာတွေက လူနေအိမ်ခြေတွေနဲ့ နီးလား၊ မနီးဘူးလား။ ဘယ်နေရာတွေလဲ အတိအကျ ဖြေပေးစေချင်တယ်။ ဒါကို ပြည်သူလူထုကို တရားဝင်အသိပေးသင့်ပါတယ်၊ ဘာကြောင့်လဲဆိုရင် မြေပြိုနိုင်ခြေ ရှိတဲ့နေရာကို သိမှသာ ကျွန်တော်တို့ ကြိုတင်ကာကွယ်မှုတွေ လုပ်နိုင်မှာပါ။ ရွှေ့တန်ရွှေ့ ပြောင်းတန်ပြောင်းရမှာပါ''ဟု ပေါင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်က ပြောသည်။

ဝန်ကြီးဘက်ကမူ မြေပြိုမှုနှင့်ပတ်သက်သည့် အချက်အလက်များ စုစည်းနေပြီး လူထုကို ချပြပေးမည့်အစီအစဉ် ရှိသည်ဟု ဆိုသည်။

မြေပြိုမှု၊ တောင်ပြိုမှုများတွင် ထိန်းချုပ်ရန်ခက်ခဲသည့်အတွက် မြင့်မားမတ်စောက်သည့်တောင်စောင်းများတွင် လူနေအိမ် တည်ဆောက်ခြင်း၊ တောင်ခြေတွင် နေထိုင်ခြင်းနှင့် တောင်ခြေတွင် မြေတူးဖော်၍ နေရာချဲ့ခြင်း များကို ထိန်းချုပ်ရန် အဆိုပါ ဘူမိဗေဒကျွမ်းကျင်ပညာရှင်အဖွဲ့က အကြံပြုထားသည်။

မွန်ပြည်နယ်အစိုးရအနေဖြင့် မွန်ပြည်နယ်တစ်လျှောက်ရှိ တောင်များမှ မြေကြီးတူးဖော်သည့်လုပ်ငန်းများကို ဥပဒေအရ အရေးယူလုပ်ဆောင်သွားမည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောဆိုထားသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly