ကရင်ပြည်နယ်ရေဘေးအတွက် ငွေကျပ် သန်း ၁၈ဝဝကျော်ကို အရေးပေါ်ရန်ပုံငွေမှ ထုတ်ယူသုံးစွဲခဲ့

ကရင်ပြည်နယ်ရေဘေးအတွက် ငွေကျပ် သန်း ၁၈ဝဝကျော်ကို အရေးပေါ်ရန်ပုံငွေမှ ထုတ်ယူသုံးစွဲခဲ့
  ယခုနှစ် သြဂုတ်လအတွင်း ဖြစ်ပေါ်ခဲ့သော ကရင်ပြည်နယ် ရေကြီးမှုအခြေအနေ Photo- EPA

နေပြည်တော်၊ စက်တင်ဘာ ၂၀ ။           ။ ကရင်ပြည်နယ်တွင်၂၀၁၈ခုနှစ်၊ ဇွန်လမှ သြဂုတ်လအတွင်း မိုးရွာသွန်းမှုကြောင့်ဖြစ်ပေါ်ခဲ့သော ရေကြီး၊ ရေလျှံ မှုများနှင့် ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်ပြုပြင်ရန်အတွက် အရေးပေါ်ရန်ပုံငွေမှ ငွေကျပ်သန်း ၁၈ဝဝကျော်ကို ထုတ်ယူသုံးစွဲခဲ့သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်လင်းကပြောသည်။

စက်တင်ဘာ ၂ဝရက်နေ့က ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်း “၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေပါ အရေးပေါ်ရန်ပုံငွေမှ ဆောက်လုပ်ရေး ဝန်ကြီး ဌာနအတွက် ကျပ်သန်း ၁၈၄၁.၈၅၉သန်း ခွဲဝေသုံးစွဲခဲ့သည့်အပေါ် လွှတ်တော်၌  ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

“ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခဲ့သော အမှန်တကယ် သုံးစွဲ လိုသည့် ကရင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ လုပ်ငန်း ခုနစ်ခု အတွက် ငွေကျပ်၁၂၉.၄၄၂သန်း ၊ ဆောက် လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနမှလုပ်ငန်း ၄ရခုအတွက် ရန်ပုံငွေ၁၂၃၂.၀၅၂ သန်း ၊ ကျေးလက် လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ လုပ်ငန်း ၂၅ခု အတွက်ရန်ပုံငွေ ၄၈၀.၃၈၅သန်း စုစုပေါင်းလုပ်ငန်း ၇၉ခုအတွက် အရေး ပေါ်ရန်ပုံငွေ ကျပ် ၁၈၄၁.၈၅၉ သန်း သုံးစွဲခဲ့ပါတယ်” ဟု ဦးကျော်လင်းကပြောသည်။

အဆိုပါ ရန်ပုံငွေများကို ကရင်ပြည်နယ်အတွင်း မဖြစ်မနေ လုပ်ဆောင်ရမည့် လမ်း၊ တံတားများ ဆောက်လုပ် ရာတွင် အသုံးပြုသွားမည်ဟုသိရပြီး အရေးပေါ်ရန်ပုံငွေသည် ဘဏ္ဍာနှစ်တစ်နှစ်အတွင်းရှိ ငွေလုံး၊ ငွေရင်း အသုံးစရိတ်၊ သာမန်အသုံးစရိတ်များနှင့်သက်ဆိုင်ခြင်းမရှိဘဲ နိုင်ငံအတွင်း အရေးပေါ်ဖြစ်စဉ်များတွင် သက် ဆိုင်ရာဝန်ကြီးဌာများမှ ဆောင်ရွက်ရမည့် ကိစ္စများကို သမ္မတ၏ ခွင့်ပြုချက်ဖြင့် သုံးစွဲရခြင်း ဖြစ်သည်။

“အဆိုပါ အရေးပေါ်ရန်ပုံငွေကျပ် ၁၈၄၁.၈၅၉ သန်းအား ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထပ်မံစိစစ်ပြီး ၂၃.၈.၂၀၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် စီးပွားရေးရာ ကော်မတီအစည်းအဝေး အမှတ်စဉ် ၁၁/၂၀၁၉ သို့ တင်ပြခဲ့ရာ ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးသို့ တင်ပြရန် ဆုံးဖြတ်ခဲ့ပြီး ၅. ၉.၂၀၁၉ရက်နေ့ အစည်း အဝေးနေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းတွင် သဘောတူခွင့်ပြုခဲ့ပါတယ်”ဟု ဦးကျော်လင်းက ရှင်းပြသည်။

၂၀၁၇ ခုနှစ် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေအရ နိုင်ငံတော်သမ္မတ၏ အရေးပေါ်ရန်ပုံငွေသည် နိုင်ငံတွင်း အရေးပေါ်ဖြစ်စဉ်များတွင် သုံးစွဲရန်ဖြစ်ပြီး မဖြစ်မနေဆောင်ရွက်ရမည့် ကိစ္စများတွင် ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ တင်ပြတောင်းခံနိုင်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly