တပ်မတော်ဘက်မှ ဆန္ဒရှိပါက အပစ်ရပ်ရန် အဆင့်သင့်ရှိဟု မြောက်ပိုင်းသုံးဖွဲ့ ကြေညာ

တပ်မတော်ဘက်မှ ဆန္ဒရှိပါက အပစ်ရပ်ရန် အဆင့်သင့်ရှိဟု မြောက်ပိုင်းသုံးဖွဲ့ ကြေညာ
 TNLA လက်နက်ကိုင်များကို တွေ့ရစဉ်။ ဓာတ်ပုံ-Ye Aung Thu / AFP

စက်တင်ဘာ ၂၀ ။            ။ တပ်မတော်ဘက်မှ ဆန္ဒရှိပါက ပူးတွဲအပစ်ရပ်ရန် အဆင်သင့်ရှိကြောင်း မြောက်ပိုင်းသုံးဖွဲ့( TNLA၊ AA၊ MNDAA) မှ စက်တင်ဘာ ၂၀ ရက်တွင် ကြေညာသည်။

၂၀၁၉ နှစ်ကုန်အထိ တစ်ဖက်သတ် အပစ်ရပ်မည်ဟု စက်တင်ဘာ ၂၀ ရက်တွင် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာတွင် ယင်းသို့ ထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။

ကြေညာချက်တွင် လာမည့် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ပြည်တွင်းစစ်ပွဲများရပ်တန့်ပြီး အပစ်အခတ်ရပ်ဆိုင်းရေး စာချုပ် (Bilateral Ceasefire Agreement) ကို သဘောတူလက်မှတ်ရေးထိုးနိုင်မည့် တွေ့ဆုံညှိနှိုင်းရေး လုပ်ငန်းများကို ထိထိရောက်ရောက်ဆောင်ရွက်ရန်နှင့် တိုက်ပွဲများ လျှော့ချနိုင်ရန်ဟုဆိုကာ အပစ်ရပ်ဆိုင်းခြင်း ဖြစ်ကြောင်း ပါရှိသည်။

“ အဓိက ကတော့ ကျွန်တော်တို့တစ်ဖက်နဲ့တစ်ဖက်ဆွေးနွေးနေတဲ့ကာလမှာ ယုံကြည်မှုအနေအထား နည်းနည်းလေးတိုးတက်လာအောင်  လုပ်နိုင်တဲ့အပိုင်းကို ဆက်လုပ်တာဗျ။ အခုလည်းပဲ ကျွန်တော်တို့ဘက်ကနေပြီး ထိုးစစ်တွေကို ရပ်ဆိုင်းထားဖို့ကြေညာထားပေမယ့်လည်း စစ်တပ်ဖက်က ထိုးစစ်တွေကို ရပ်ဆိုင်းခြင်း မရှိဘဲ ဆက်လက်ပြုလုပ်နေတဲ့အတွက်ကြောင့်မို့လို့ မြေပြင်မှာ တိုက်ပွဲတွေက ဆက်ဖြစ်နေတာဗျ။ တကယ်လို့ စစ်တပ်ဖက်ကသာ သူတို့ရဲ့ ထိုးစစ်တွေကို ရပ်လိုက်မယ်ဆိုလို့ရှိရင် တိုက်ပွဲတွေက ရပ်သွားနိုင်မဲ့အနေအထား အများကြီး ရှိတယ်” ဟု ရက္ခိုင့်တပ် AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက မြောက်ပိုင်းသုံးဖွဲ့၏ တစ်ဖက်သတ်အပစ်ရပ်ကြေညာချက်နှင့်ပတ်သက်ပြီး ပြောသည်။

စက်တင်ဘာ ၁၇ ရက်တွင် KIA ၊ TNLA၊ AA ၊ MNDAA မြောက်ပိုင်း လေးဖွဲ့နှင့် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်တို့၏ ကျိုင်းတုံဆွေးနွေးပွဲအပြီး ထိုသို့ ကြေညာချက်ထွက်ရှိလာခြင်း ဖြစ်သည်။

ယင်း ကြေညာထားသည့်ကာလအတွင်း( ၂၀၁၉ နှစ်ကုန်အထိ) တိုက်ခိုက်မှုများ၊ စစ်ရေးလှုပ်ရှားမှုများ တပ်မတော်ဘက်မှ ပြုလုပ်လာပါက ၎င်းတို့က ခုခံကာကွယ်သွားမည်ဟုလည်း ပါရှိသည်။

TNLA ၊ AA ၊ MNDAA မြောက်ပိုင်းသုံးဖွဲ့သည် သြဂုတ် ၁၅ ရက်က တပ်မတော်နည်းပညာတက္ကသိုလ် အပါအဝင် နေရာ ငါးနေရာကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ရှမ်း/မြောက်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် စက်တင်ဘာ ၉ ရက်မှ အောက်တိုဘာ ၈ ရက်နေ့အထိ မြောက်ပိုင်းသုံးဖွဲ့မှ အပစ်ရပ်တစ်လ ကြေညာခဲ့ပြီး ယခု အပစ်ရပ်ကာလကို သက်တမ်းတိုးလိုက်ခြင်း ဖြစ်သည်။

တပ်မတော်ဘက်မှလည်း စစ်တိုင်းကြီး ငါးတိုင်းတွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ စတင်ကာ ၂၀၁၉ ခုနှစ်၊ ဧပြီ ၃၀ ရက်အထိ တစ်ကြိမ်၊ မေ ၁ ရက်မှ ဇွန ၃၀ ရက်နေ့အထိ တစ်ကြိမ်၊ ဇူလိုင် ၁ မှ သြဂုတ် ၃၀ ရက်အထိ တစ်ကြိမ် တစ်ဖက်သတ်အပစ်ရပ်ထားပြီး တပ်မတော်၏ အပစ်ရပ်ကာလသည် ကုန်ဆုံးပြီ ဖြစ်သည်။

ကျိုင်းတုံ ဆွေးနွေးပွဲသည် ဒုတိယအကြိမ်ဖြစ်ပြီး နှစ်ဖက်အပစ်ရပ်လက်မှတ်ထိုးနိုင်ရေး၊ တိုက်ပွဲများလျှော့ချရေး၊ စစ်ရှောင်များအရေးများ အပါအဝင် တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း အောက်တိုဘာလတွင် ထပ်မံတွေ့ဆုံ ဆွေးနွေးမည်ဟုသာ ရလဒ် ထွက်ပေါ်ခဲ့သည်။

သြဂုတ် ၃၁ ရက်ကလည်း ကျိုင်းတုံမြို့တွင် ပထမအကြိမ် ဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး ယခု ထပ်မံတွေ့ဆုံခဲ့ကြခြင်း ဖြစ်ကာ အောက်တိုဘာတွင် ထပ်မံတွေ့ဆုံဆွေးနွေးခြင်းလည်း ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly