မန္တလေးတွင် မီးနီဖြတ်မောင်းသည့် စည်းကမ်းမဲ့ယာဉ် နေ့စဉ် ၁၀၀၀ ကျော်ရှိ

မန္တလေးတွင် မီးနီဖြတ်မောင်းသည့် စည်းကမ်းမဲ့ယာဉ် နေ့စဉ် ၁၀၀၀ ကျော်ရှိ
ဓာတ်ပုံ -ကိုကိုအောင်/မဇ္ဈိမ

မန္တလေး၊ စက်တင်ဘာ ၂၀ ။       ။ မန္တလေးမြို့တွင် စည်းကမ်းမဲ့ မီးနီဖြတ်မောင်းသည့်ယာဉ်နေ့စဉ် အစီးရေ တစ်ထောင်ကျော်ရှိနေပြီး မကြာခင် ဖမ်းဆီးအရေးယူမှုများ လုပ်ဆောင်သွားမည်ဟု မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇောအောင်က မဇ္ဈိမကိုပြောသည်။

"မီးနီဖြတ်တဲ့ ယာဉ်တွေကို မကြာခင်အရေးယူတော့မှာပါ။ယာဉ်မောင်းသူတွေ စည်းကမ်းပိုရှိ လာစေချင်တာ အဓိကပါ။"ဟု ဦးကျော်ဇောအောင်ကပြောသည်။

မန္တလေးမြို့တွင်တပ်ဆင်ထားသည့် မီးပွိုင့် ၅ဝတွင် တပ်ဆင်ထားသည့် CCTV နှင့် Artificial Intelligence မှရသည့် HIK Vision 8600 ၏ (Intelligent Vehicle Management System) software မှတ်တမ်းများအရ ၂၄နာရီအတွင်း မီးနီဖြတ်သည့် မော်တော်ယာဉ် အစီးတစ်ထောင်ကျော် ရှိသည်ဟု ၎င်းကဆိုသည်။

"မီးနီဖြတ်တာက ညပိုင်းတွေဖြစ်မယ်ဗျ။နေ့ခင်းဘက်ကတော့ နည်းမှာပါ။CCTV တွေရှိနေတော့ မဖြတ်ဖြစ်ဘူး။စည်းကမ်းကတော့ လိုက်နာရပါမယ်။အန္တရာယ်ကင်းရှင်းဖို့ပဲ။"ဟု မတ္တရာ -မန္တလေး ယာဉ်မောင်း ကိုမောင်ပြုံးကပြောသည်။

ထိုသို့ စည်းကမ်းမဲ့မီးနီဖြတ်သန်းသော ယာဉ်များကို ဖမ်းဆီးအရေးယူရန်ဆောင်ရွက်ရခြင်းသည် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့်စည်းကမ်းလိုက်နာရေးတို့ကို ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင်ထံမှ သိရသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် စည်းကမ်းပျက်မော်တော်ယာဉ်များကို CCTV CONTROL CENTER မှနေ့စဉ် စောင့်ကြည့်မှုများလည်း ပြုလုပ်လျှက်ရှိကြောင်းသိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly