ဟောင်ကောင်အရေးမှာ မီးလောင်ရာ လေပင့်နေတယ်လို့ အမေရိကန်ကို တရုတ် ပြစ်တင်

By AFP
20 September 2019
ဟောင်ကောင်အရေးမှာ မီးလောင်ရာ လေပင့်နေတယ်လို့ အမေရိကန်ကို တရုတ် ပြစ်တင်

ပေကျင်း၊ စက်တင်ဘာ ၂၀ ။         ။ ဟောင်ကောင်အစိုးရ ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ ခေါင်းဆောင်တွေက တရုတ်ကို ဖိအားပေးဖို့ အမေရိကန်လွှတ်တော်အမတ်တွေဆီ တိုက်ရိုက်တောင်းဆိုခဲ့တဲ့နောက်မှာတော့ ဟောင်ကောင်က မတည်မငြိမ်မှုတွေကို အမေရိကန်ဟာ မီးလောင်ရာ လေပင့်ပေးနေတယ်ဆိုပြီး တရုတ်နိုင်ငံက ကြာသပတေးနေ့မှာ ပြစ်တင်လိုက်ပါတယ်။

သီတင်းပတ်များစွာ ဆန္ဒပြမှုကြီးတွေ ဖြစ်ပွားနေပြီး တစ်ခါတစ်ရံမှာ ဆူပူအကြမ်းဖက်မှုဆီ အသွင်ကူးပြောင်းတဲ့ ဟောင်ကောင်အရေးမှာ လူ့အခွင့်အရေးကို ကာကွယ်ရေးအတွက် ရည်ရွယ်ပြီး အမေရိကန်ရဲ့ အထောက်အပံ့ရအောင် ဟောင်ကောင်တက်ကြွလှုပ်ရှားသူတွေက အမေရိကန်လွှတ်တော်ကော်မရှင်တစ်ရပ် ရှေ့မှောက်မှာ လျှောက်လဲတင်ပြခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်အနေနဲ့ မတည်ဖြစ်အောင် ဖန်တီးနေတဲ့ အင်အားစုတွေနဲ့ ဟောင်ကောင်လွတ်လပ်ရေးခွဲထွက်လိုသူတွေကို ထောက်ပံ့နေတာတွေကို ရပ်သင့်ပြီလို့ ကြာသပတေးနေ့က ပုံမှန်သတင်းစာ ရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ကျန်ရှောင်းက ပြောပါတယ်။

ဟောင်ကောင်အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးစည်ပင်မှုနဲ့ တည်ငြိမ်အေးချမ်းမှုကို ပျက်စီးစေမယ့် မီးလောင်ရာလေပင့် လုပ်ရပ်တွေကို အမေရိကန်အနေနဲ့ ရပ်တန်းက ရပ်သင့်ပြီလို့ ၎င်းက ပြောပါတယ်။

ဟောင်ကောင်အရေးမှာ အမေရိကန်ရဲ့ ဘယ်လိုပုံစံမျိုးနဲ့မှ ကြားဝင်စွက်ဖက်မှုမှန်သမျှ ရပ်တန့်ပစ်ပါလို့ ကျန်ရှောင်းက တိုက်တွန်းပြောဆိုပါတယ်။

တရုတ်ပြည်မကြီးဆီ တရားခံလွှဲပြောင်းမယ့် ဥပဒေကြမ်း ပြဌာန်းဖို့ လုပ်လာတာကနေ စတင်ဖြစ်ပွားတဲ့ ဟောင်ကောင်ဆန္ဒပြမှုတွေဟာ လတွေနဲ့ချီ ကြာမြင့်နေပြီး ပြည်သူသန်းပေါင်းများစွာ လမ်းပေါ်ထွက်ကာ ဒီမိုကရေစီတောင်းဆိုကြရင်း ဆန္ဒပြနေကြတာပဲ ဖြစ်ပါတယ်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly