တရုတ်သူကြွယ်များ တရုတ်နိုင်ငံကို စွန့်ခွာနေကြ

တရုတ်သူကြွယ်များ တရုတ်နိုင်ငံကို စွန့်ခွာနေကြ

ပေကျင်း၊ အောက်တိုဘာ - ၁၅ ။          ။ ပျော်ရွှွင်မှုကို ငွေဖြင့်ဝယ်၍ ရနိုင်သလားဟူသည့် မေးခွန်းအဟောင်းကြီးနှင့် ပတ်သက်၍ ယခုတိုင် အဖြေမရှိသေးသော်လည်း ထိုမသေချာမရေရာမှုက ငွေဖြင့် ဝယ်ဖို့ ကြိုးစားနေသည့် တရုတ်သူကြွယ်မိသားစုများကို မရပ်တန့်နိုင်ပါ။ တရုတ်သူကြွယ်များကြားတွင် ငွေပုံအောပြီး နိုင်ငံရပ်ခြားသို့ ပြောင်းရွှေ့နေထိုင်လိုသည့် လမ်းကြောင်းမှာ တရိပ်ရိပ် ခေတ်စား လာနေပါသည်။ အဓိကအားဖြင့် ရင်းနှီးမြှုပ်နှံမှုဗီဇာပုံစံဖြင့် နိုင်ငံရပ်ခြားသို့ ပြောင်းရွှေ့နေကြသည်။

အပြန်အလှန်အနေဖြင့် အခြားနိုင်ငံအမြောက်အများကလည်း ငွေသာပါလာပါစေ တရုတ်သူကြွယ် တစ်သန်းလောက်အတွက် တံခါးများ ဖွင့်ပေးထားကြသည်။ သူ့ထက်ငါ ဖိတ်ခေါ်နေကြသည်မှာ စစ်ပွဲတစ်ပွဲအသွင်ကို ဆောင်လာနေပြီး ထိုစစ်ပွဲတွင် သြစတြေးလျက အမြဲတမ်းနေထိုင်ခွင့်အတွက် သြစတြေးလျဒေါ်လာ ၅သန်း (ကန်ဒေါ်လာ ၃.၆သန်း)ရင်းနှီးမြှုပ်နှံမှုဖြင့် ထိပ်ကပြေးနေပါသည်။

အပြိုင်အဆိုင် ဖိတ်ခေါ်နေကြရာတွင် အခြားနိုင်ငံများကလည်း လောဘတကြီးဖြစ်နေကြသော်လည်း မတူခြားနားသည့် ကမ်းလှမ်းမှုစည်းမျဉ်းများကြောင့် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ပြည်ဝင်ခွင့်ဗီဇာအတွက် အဖိုးအခကို နှိုင်းယှဉ်ရန် ခက်ခဲနေပါသည်။

ဥပမာ အမေရိကန်ပြည်ထောင်စုကဆိုလျှင် နေထိုင်ခွင့် အစိမ်းကတ်တစ်ကတ်အတွက် ကန်ဒေါ်လာ တစ်သန်းယူပါသည်။ အခြားနိုင်ငံများ၏ စည်းမျဉ်းများမှာလည်း တစ်ကျောင်းတစ်ဂါထာဆိုသလို ကွဲလွဲကြပါသည်။

စတာလင်ပေါင် ၁သန်း (ကန်ဒေါ်လာ ၁.၅သန်း) ရင်းနှီးမြှုပ်နှံလျှင် ဗြိတိန်တွင် ၅နှစ်နှင့်အထက် နေထိုင်ခွင့်ကို ဝယ်ယူနိုင်ပါသည်။ ယူရို၅သိန်း (ကန်ဒေါ်လာ ၅၆၉၀၀၀)တန် အိမ်ခြံမြေကို ဝယ်ယူလျှင် စပိန်နိုင်ငံတွင် ထိုဗီဇာများမှာ တရုတ်နိုင်ငံသားများအတွက်လည်း ခြွင်းချက်ကန့်သတ်ထားခြင်း မရှိပါ။ မျက်မှောက်ခေတ်တွင် တရုတ်နိုင်ငံမှာ နေ့ချင်းညချင်း သူဌေးဖြစ်လာသူများ၏ ဘူမိနတ်သန်ဖြစ်နေရာ အခြားနိုင်ငံများ၏ ဗီဇာပရိုဂရမ်များမှာလည်း တရုတ်ပြည်အပြင်ဘက် ထွက်လိုကြသည့် အလားအလာရှိသော ရင်းနှီးမြှုပ်နှံသူများကသာလျှင် လွှမ်းမိုးလာနေခဲ့သည်။

ယမန်နှစ်က အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုဗီဇာ ၁၀ခုအနက် ၈ခုကို တရုတ်နိုင်ငံသားများကသာ လွှမ်းမိုးသိမ်းပိုက်ထားခဲ့သည်။  ယူကေအနေဖြင့် တရုတ်ရင်းနှီးမြှုပ်နှံသူများ နိုင်ငံအတွင်းသို့ အလွယ်တကူဝင်လာနိုင်ရေးကို အလေးပေးလုပ်ဆောင်သွားမည်ဟု ဗြိတိသျှ ဘဏ္ဍာရေးအဓိပတိ ဂျော့ အော့စဘွန်းက ကြေညာခဲ့သည်။

မနှစ်ြမို့စရာ ညစ်ညမ်းလွန်းပြီး၊ စိုးရိမ်စရာကောင်းလောက်အောင် သန့်ရှင်းသောရေ ချို့တဲ့နေသည့် ပတ်ဝန်းကျင်တွင် ၎င်းတို့၏ ကလေးများကို ပြုစုပျိုးထောင်ရမည့်အရေးကို တရုတ်မိဘအများစုက စိုးရိမ်နေကြသည်။

စီးပွားပျက်ကပ်မှ နာလံထလာသည့် နိုင်ငံခြားဈေးကွက်များက ရံခါတွင် အကျိုးအမြတ်ရှိသော အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ကြသည်။ အခြားနိုင်ငံများမှာ အနည်းဆုံး တရုတ်နိုင်ငံနှင့် နှိုင်းယှဉ်ပါ က ခြစားမှုကင်း၊ အစိုးရထိန်းချုပ်မှုကင်းသော ရင်းနှီးမြှုပ်နှံမှု ပတ်ဝင်းကျင်ကို ဖန်တီးထူထောင်ပေးနိုင်ကြသည်။

သို့ရာတွင် တရုတ် ရွှေ့ပြောင်းအခြေချသူကြွယ်များအတွက် စီးပွားရေးအခွင့်အလမ်းများမှာ နံပါတ်တစ်ဦးစားပေးတော့မဟုတ်ပါ။ တရုတ်နိုင်ငံမှာ အသက်ရှင်နေထိုင်ရန် လွယ်ကူသော နေရာမဟုတ်တော့ ပါ။ တရုတ်သူကြွယ်မိဘများမှာ လေထုက ညစ်ညမ်းလွန်းနေပြီး သန့်ရှင်းသောရေလည်း ရှားပါးကာ အစားအစာအဖျော်ယမကာများမှာလည်း ကျော်မကောင်းကြားမကောင်း ဘေးမကင်းသည့် သတင်းများ ထွက်ပေါ်နေရာ ပတ်ဝန်းကျင်တွင် ၎င်းတို့၏ ကလေးများကို ပြုစုပျိုးထောင်ရန် သောကရောက်နေကြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly