မွန်လွှတ်တော်တွင် အချို့မေးခွန်းများကိုသာ ဖြေကြားမည်ဟု အကြောင်းကြားစာပေးပို့

မွန်လွှတ်တော်တွင် အချို့မေးခွန်းများကိုသာ ဖြေကြားမည်ဟု အကြောင်းကြားစာပေးပို့

မော်လမြိုင်၊ စက်တင်ဘာ ၂၀ ။         ။ စက်တင်ဘာ ၁၉ ရက်နေ့မှ စတင်ကျင်းပခဲ့သော ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်(၁၄)ကြိမ်မြောက်ပုံမှန် အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားများ မေးမြန်းရန် တင်သွင်းထားသော မေးခွန်း ၄၉ ခုအနက် မေးခွန်း ၂၅ ခုကိုသာ ဖြေကြားပေးသွားမည်ဟု ပြည်နယ်ဝန်ကြီးချုပ် လက်မှတ်ပါသော အကြောင်းကြားစာ တစ်စောင် လွှတ်တော်ရုံးသို့ ပေးပို့ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၇ ရက်နေ့က မွန်ပြည်နယ်လွှတ်တော်ရုံးသို့ ပေးပို့ခဲ့သည့် အကြောင်းကြားစာတွင် ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာဝန်ကြီးများထံ အတည်ပြုချက်ရယူရန်နှင့် ပြန်လည်ဖြည့်စွက်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် အချိန် လုံလောက်မှုမရှိခြင်းကြောင့် ကိုယ်စားလှယ်များ မေးမြန်းထားသော မေးခွန်းများအနက်မှ ၂၅ ခုကို ဖြေကြားပေးမည်ဖြစ်ပြီး ကျန်မေးခွန်းများအား နောက်လာမည့် လွှတ်တော်အစည်းအဝေးမှသာ ပြန်လည် ဖြေကြားပေးမည်ဟု ပါရှိသည်။

ယင်းအပေါ် “ အချိန်မီမရဘူးဆိုတဲ့ဌာနကို အစိုးရက ကြီးကြပ်တွန်းအားပေးရမယ့်အစား ကျွန်မတို့ လွှတ်တော်ကို လာပြီးတော့ လွှမ်းမိုးတယ်လို့ ခံစားရတယ်၊ သူတို့ဌာနကနေ ဖြေဖို့ အချိန်မမီဘူး ပြောတယ်၊ သူတို့ ဘာလုပ်မလဲ၊ ဌာနကို စီမံချုပ်၊ တွန်းအားပေး၊ သူ့မှာ ညွှန်မှူးတွေ အများကြီး၊ ဘာကြောင့် ဒီဥစ္စာကို မမေးပါနဲ့ နောက်မှ မေး၊ ဘာကြောင့် ကျွန်မကို လာလွှမ်းမိုးလဲ။ ကျွန်မတို့လွှတ်တော်ကို လွှမ်းမိုးတာ ဥပဒေပဲ ရှိတယ်နော်၊ ကျန်တာ ဘယ်သူမှ မရှိဘူး။” ဟု မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောသည်။

ဝန်ကြီးချုပ်အနေဖြင့် အုပ်ချုပ်ရေးယန္တရားကို စီမံအုပ်ချုပ်ရမည်ဖြစ်သော်လည်း ယခုကဲ့သို့ စာပေးပို့ခြင်းမှာ လွှတ်တော်၏ လုပ်ရိုးလုပ်စဉ်များအပေါ် ဟန့်တားနေခြင်းဖြစ်သည်ဟု ဒေါ်တင်အိက ဆက်လက်ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်များမှ မေးမြန်းသော မေးခွန်းများကို အစိုးရအဖွဲ့သို့ ကြိုတင်ပေးပို့ရမည့်ရက် သတ်မှတ်ချက်များ ဥပဒေပြဋ္ဌာန်းထားခြင်း မရှိကြောင်း ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက ပြောသည်။

“ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ မေးတဲ့မေးခွန်းတွေက အချိန်အတိုင်းအတာနဲ့အညီ ပြည်သူလူထုတွေ သိစေချင်တဲ့အတွက် ဒီ Section တစ်ခုမှာ မေးတဲ့မေးခွန်းကိုတော့ အားလုံး ဖြေကြားပေးစေချင်တယ်၊ ဥပဒေအရတော့ အစိုးရအဖွဲ့ကို ဘယ်နှစ်ရက်ကြိုတင်ပေးပို့ရမယ်လို့တော့ ပြဋ္ဌာန်းထားတာ မရှိဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်မစတင်မီ ၁၀ ရက်အလိုတွင် လွှတ်တော်ရုံးအကြီးအမှူးထံသို့ တင်ပြရမယ်လို့ပဲ ရှိတယ်။ အဲဒီကနေတဆင့် လွှတ်တော်ဥက္ကဋ္ဌက စိစစ်ပြီးတော့မှ အစိုးရအဖွဲ့ကို သွားမှာပါ။ အစိုးရကလည်း ဒီလွှတ်တော်မှာ မဖြေရဘူး၊ နောက်လွှတ်တော်မှာ ဖြေရမယ်လို့ ကန့်သတ်ထားတာ နည်းဥပဒေထဲမှာ မပါဘူး” ဟု ၄င်းက ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်များမှ ရောက်ရှိလာသည့် တိုင်ကြားစာ၊ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ သဘောထား စသည့် အချက်များကို အခြေခံထားကာ မေးခွန်းမေးမြန်းခြင်းသာဖြစ်ပြီး အဆိုပါမေးခွန်းများကို ပြန်လည် ဖြေဆိုရန် အခက်အခဲများ ရှိနေပါက ယင်းအခက်အခဲဖြစ်သည့်အတိုင်းသာ ပြန်လည်ဖြေကြားပေးစေလိုကြောင်း သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

“ကိုယ်စားလှယ်တွေ မေးခွန်းမေးတဲ့အခါမှာ ရောက်ရှိလာတဲ့ တိုင်ကြားစာတွေ၊ ပြည်သူ့အသံတွေ၊ ပြည်သူ့ဆန္ဒ သဘောထားတွေကို အခြေခံပြီးတော့မှ မေးမြန်းရခြင်း ဖြစ်ပါတယ်၊ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက် အနေနဲ့ နားလည်ပေးလို့ ရတဲ့အပိုင်းတွေ ရှိသလို၊ နားလည်ပေးလို့မရတဲ့ အပိုင်းတွေလည်းရှိပါတယ်၊ ဥပမာ အရမ်းခက်ခဲပြီးဆောင်ရွက်ပေးဖို့အတွက် မဖြစ်နိုင်သေးဘူး၊ ပေါ်လစီ၊ ဥပဒေတွေမရှိသေးဘူးဆိုရင် တစ်မျိုးပေါ့၊ ပေါ်လစီ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေ၊ Manual တွေလည်း ရှိတယ်ဆိုရင်တော့ ဒါက ပြည်သူတွေရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးရမှာဖြစ်ပါတယ်၊ အခုဆို ကျွန်မတို့ မေးတဲ့ မေးခွန်းတွေထဲမှာ ဆောင်ရွက်လို့ မရတဲ့အပိုင်းတွေများ ရှိနေလို့လား၊ အဲဒီအကြောင်းအရင်းတွေက အစိုးရအနေနဲ့ ပေါ်လစီမချထားလို့လား၊ ဥပဒေတွေ မပြဋ္ဌာန်းထားလို့လား၊ ဒါတွေကို ပြန်ဖြေဖို့ ခဲယဉ်း( ခက်ခဲ)နေတယ်ဆိုရင်လည်း အဲဒါတွေကိုပဲ ပြန်ဖြေစေချင်ပါတယ်။” ဟု သထုံအမတ် ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

ယမန်နေ့ စက်တင်ဘာလ ၁၉ ရက်မှ စတင်ကျင်းပနေသည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်(၁၄) ကြိမ် မြောက် ပုံမှန်အစည်းအဝေးကို ၈ ရက် ကျင်းပသွားမည်ဖြစ်သည်။

ယခင်က မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များမှ မေးမြန်းသည့်မေးခွန်းနှင့် ပတ်သက်ပြီး စာဖြင့် ပြန်လည် ဖြေကြားပြီး ပြီးခဲ့သည့် (၁၃) ကြိမ်မြောက် လွှတ်တော်ပုံမှန်အစည်းအဝေးမှ စတင်ကာ အဖြေစာရွက်ဖြန့်ဝေပေးမှု ရပ်နားခဲ့ကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly