အာဖဂန်နစ္စတန်မှာ ဆေးရုံနား အသေခံဗုံးခွဲ၍ လူ ၂၀ သေဆုံး

အာဖဂန်နစ္စတန်မှာ ဆေးရုံနား အသေခံဗုံးခွဲ၍ လူ ၂၀ သေဆုံး

ကဘူးလ်၊ စက်တင်ဘာ ၂၀ ။           ။ အာဖဂန်နစ္စတန်နိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပခါနီး အကြမ်းဖက်မှုတွေ အရှိန်မြင့်ဖြစ်ပွားနေရာမှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဆေးရုံတစ်ရုံနား အသေခံဗုံးခွဲသမားတစ်ဦးဟာ ၎င်းရဲ့ ဖောက်ခွဲရေးပစ္စည်းအပြည့်တင် ထရပ်ကားကို အသေခံဖောက်ခွဲခဲ့ရာ လူအနည်းဆုံး ၂၀ သေဆုံးခဲ့ပါတယ်။

ခုလ အစောပိုင်းမှာ အမေရိကန်နဲ့ တာလီဘန်အဖွဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ပြယ်ပြီးနောက်မှာ နိုင်ငံတွင်း အကြမ်းဖက်မှုတွေ ပိုမိုဖြစ်ပွားပေါ်ပေါက်လာခဲ့ပြီး အခု တာလီဘန်ထရပ်ကားမောင်းသမားရဲ့ အသေခံဗုံးခွဲမှုမှာ ဒဏ်ရာရရှိသူပေါင်းက ၉၀ အထိ ရှိပါတယ်။

နန်ဂါဟာပြည်နယ်မှာ အမေရိကန်ရဲ့ လေကြောင်းစစ်ဆင်မှု တစ်ရပ်အတွင်း အရပ်သား တော်တော်များများ သေဆုံးတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး နာရီပိုင်းမှာပဲ တောင်ပိုင်း ဇာဘူလ်ပြည်နယ်က ကာလက်မြို့တော်မှာ တာလီဘန်တွေရဲ့ အခု အသေခံဗုံးခွဲမှု ပေါ်ပေါက်တာပဲ ဖြစ်ပါတယ်။

ကာလက်ဆေးရုံနားမှာ ဖြစ်ပွားတဲ့ ဒီ တိုက်ခိုက်မှုမှာ ပေါက်ကွဲမှုကြောင့် အပျက်အစီးတွေကြား ရှာဖွေနေဆဲဖြစ်တာမို့ သေဆုံးသူ ထပ်တိုးလာနိုင်ခြေရှိတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးရုံး ပြောခွင့်ရသူ ဂူအစ္စလာမ်ဆီယဲလ်က ပြောပါတယ်။

သေဆုံးသူ ၂၀ မှာ အများစုက အရပ်သားတွေဖြစ်ပြီး ဒဏ်ရာရသူ ၉၀ ရှိကြောင်းကို ၎င်းက အတည်ပြုပါတယ်။ သေဆုံးသူ အားလုံးနီးပါးဟာ အရပ်သားတွေ ဖြစ်ပြီး အမျိုးသမီးနဲ့ ကလေးငယ်တွေလည်း ပါဝင်ပါတယ်။

ပေါက်ကွဲမှုက အရမ်းကို အားပြင်းတာကြောင့် ဆေးရုံအဆောက်အအုံရော၊ အနီးက အိမ်တွေပါ ပျက်စီးပြိုကျတယ်လို့ ဆီယဲလ်က ပြောပါတယ်။

အဲဒီ ကြာသပတေးနေ့မှာပဲ တာလီဘန်ရော၊ အိုင်အက်စ်အဖွဲ့ပါ အမာခံခြေကုပ်ယူထားတဲ့ အရှေ့စွန်ဖျား နန်ဂန်ဟာ ပြည်နယ်မှာ အမေရိကန်ရဲ့ လေကြောင်းထိုးစစ်မှာ ရွာသား ၂၅ ဦး သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly