မိုးထိမိုးမိ ရွှေတွင်းကြီးနှင့် တရားခံပြေး မဘသဒါယကာ သူဌေးကြီး

By ထွန်းခိုင်/Myanmar Now
20 September 2019
မိုးထိမိုးမိ ရွှေတွင်းကြီးနှင့် တရားခံပြေး မဘသဒါယကာ သူဌေးကြီး

တစ်ချိန်က ရွှေတူးသမားများ ဘောလုံးကစားခဲ့ရာ၊ ဘားသွားပြီး အရက်သောက်ရာ၊ လမ်းပျော်ခွေးလေးများကို အစာကျွေးရာ နေရာတစ်ခု။ လူပေါင်းသောင်းနှင့်ချီ လှုပ်ရှားသွားလာနေခဲ့ကြသည့် မိုးထိမိုးမိ ရွှေတွင်းကြီး။

အစိုးရ ရုံးစိုက်ရာ နေပြည်တော်မှ ကားဖြင့် နှစ်နာရီခန့်အကွာ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်ရှိ မိုးထိမိုးမိ ရွှေတွင်းသည် ယခုတော့ ကပ်ရောဂါ တစ်ခုကြောင့် လူများ ရုတ်တရက် စွန့်ခွာသွားသည့် မြို့ပျက်ကြီးအလား ကျီးနှင့်ဖုတ်ဖုတ် ဖြစ်နေပေသည်။

ရိုးပြတ်များကြားတွင် သိန်းရာထောင်ချီ တန်ကြေးရှိသည့် ကားများ၊ ဖုန်းတာဝါတိုင်များကို တွေ့နိုင်ပြီး လူနေအိမ်ခန်းများ၊ ဟိုတယ်များ၊ ဈေးဆိုင်ခန်းများသည်လည်း သော့ပိတ်လျက်။ ဆီပန့်ဆိုင်များ၊ ဘောလုံးကွင်းများနှင့် အရက်ဘားများတွင်လည်း ဖောက်သည်မရှိတော့ဘဲ လူသူကင်းမဲ့ တိတ်ဆိတ် ငြိမ်သက်လျက်။ သခင်မရှိတော့သည့် ခွေးများကို နေရာအတော်များများတွင် တွေ့နိုင်ပြီး လူသံကြားသည့်အခါ ဒေါသတကြီး ထိုးဟောင်ကြသည်။

“ခွေးတွေကို ကျွေးမယ့်သူမရှိတော့ အချင်းချင်း ပြန်စားတာတွေတောင် ရှိတယ်” ဟု Myanmar Now ၏ မကြာမီက မိုးထိမိုးမိ ခရီးစဉ်အတွင်း လိုက်လံပို့ဆောင်ပေးခဲ့သည့် ယာဉ်မောင်းက ပြောသည်။

မိုးထိမိုးမိ၌ ရွှေတူးဖော်ခွင့်ရထားသည့် ကုမ္ပဏီ၏အမှုဆောင်များသည် ဧက ၆,၀၀၀ ကျော် ကျယ်သည့် ထိုရွှေလုပ်ကွက်ကြီးကို အလျင်စလို ထားပြီး ထွက်ခွာသွားခဲ့ကြသည်။ ရွှေတူးမရတော့၍ မဟုတ်ပါ။ မိုးထိမိုးမိ တောင်အောက်တည့်တည့်တွင် အဖိုးတန် ရွှေသတ္တုများ တဝင်းဝင်းတဝါဝါ ရှိနေဦးမည်ဟု ယုံကြည်ရဆဲဖြစ်သည်။

၎င်းတို့ စွန့်ခွာသွားခဲ့ကြခြင်းမှာ အစိုးရ၏ မင်းပြစ်မင်းဒဏ်သင့်ကာ ဖမ်းဆီးမခံရရေးအတွက်ဖြစ်သည်။ ထိုသူတို့သည် အစိုးရအား ရွှေပိဿာချိန် ၁,၃၀၀ နီးပါး (၂ ဒသမ ၁ တန်) (အမေရိကန် ဒေါ်လာ သန်း ၈၀ ဖိုးခန့်) ပေးသွင်းရန် ကြွေးကျန်နေသေးသလို ခွင့်ပြုမိန့် ရုပ်သိမ်းပြီးနောက် ရွှေဆက်တူးသည်ဟု အစိုးရက စွပ်စွဲထားသည်။

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီသည် မိုးထိမိုးမိရွှေလုပ်ကွက်ကို ပိတ်သိမ်းရမည်ဆိုသည့် အစိုးရအမိန့်ကို လပေါင်းများစွာ ဖီဆန်ပြခဲ့သည်။ ရွှေလုပ်ကွက်အဝင်ဝတွင် “လုပ်ငန်းရပ်ဆိုင်းသူ ဒို့ရန်သူ” ဟူသော စာသားပါ ဗီနိုင်းစာတန်းများ ချိတ်ဆွဲပြခဲ့သည်။

 

ကုမ္ပဏီဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်သည် မြန်မာ့သတ္တုတွင်းဥပဒေဖြင့် အမှုဖွင့်ခံရပြီးနောက် ပုန်းရှောင်နေပြီး ဝရမ်းပြေးအဖြစ် မေလအတွင်းက ကြေညာခံလိုက်ရသည်။ ကုမ္ပဏီမှ နောက်ထပ် လူကြီးခုနစ်ဦးလည်း တိမ်းရှောင်နေသည်။ သူတို့ထဲမှ နှစ်ဦးကတော့ သူတို့မှာအပြစ်မရှိကြောင်း အထောက်အထားများကို အစိုးရထံ ပေးပို့ထားသည်။

သည်အမှုက ကုမ္ပဏီမှာတင် ရပ်မနေပါ။ အစိုးရဌာနဆိုင်ရာ လူကြီးတစ်ယောက်မှာလည်း ထိုကိစ္စတွင် ခြစားမှု စွပ်စွဲချက်ဖြင့် ဖမ်းခံထားရသည်။ အမှတ် (၂) သတ္တုတွင်းလုပ်ငန်း၏ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင်သည် ရာထူးတာဝန်အလွဲသုံးစား လုပ်မှု၊ တရားမဝင်အကျိုးခံစားခွင့်များ ရယူခဲ့မှု စွပ်စွဲချက်များဖြင့် ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရနိုင်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ကာ တရားစွဲခံထားရသည်။

လက်ရှိအစိုးရနှင့် ဦးစိုးထွန်းရှိန်၏ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီတို့ အမှုအခင်းဖြစ်ကြခြင်းမှာ စီးပွားရေး ကိစ္စတစ်ခုတည်းကြောင့် မဟုတ်ပါ။ ဦးစိုးထွန်းရှိန်သည် မဘသ၏ ဒကာတစ်ဦးဖြစ်ပြီး “အမျိုးသားရေး” ရှုထောင့်များတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရအဖွဲ့နှင့် ရန်-ငါ စည်းပြတ်သူ ဖြစ်သည်။

ဦးစိုးထွန်းရှိန်သည် ၎င်းနှင့်ရပ်တည်ချက်ချင်း မတူသည့် လက်ရှိအစိုးရထံ ရွှေသွင်းရန် ပျက်ကွက်သော်လည်း မိုးထိမိုးမိမှ ရသည့် ရွှေများထဲမှ သုံးစွဲကာ မွတ်စလင်ဆန့်ကျင်ရေး ဘုန်းကြီးအဖြစ် လူသိများသည့် ဦးဝီရသူ၏ လုပ်ငန်းအချို့ကို ထောက်ပံ့လှူဒါန်းခဲ့သည်။ ၂၀၁၇ ခုနှစ်က ပဋိပက္ခများဖြစ်ပွားခဲ့ရာ ရခိုင်ပြည်နယ်သို့ ဦးဝီရသူ သွားရောက်ခဲ့သည့် ခရီးစဉ်ကိုလည်း အကုန်အကျခံ ပံ့ပိုးပေးခဲ့သည်။

ဦးစိုးထွန်းရှိန်နှင့် ၎င်း၏စီးပွားဖက်များသည် ဦးသိန်းစိန်ဦးဆောင်သည့် အစိုးရအဖွဲ့ဟောင်းနှင့်မူ ပလဲနံပ သင့်ခဲ့ကြသည်။ စာချုပ်ပါအတိုင်း ၎င်းတို့ပေးသွင်းရမည့် ရွှေပမာဏကို မပေးသွင်းနိုင်ဟု ဆိုသည့်အခါ ဦးသိန်းစိန်အစိုးရက ၎င်းတို့ အဆင်ပြေအောင် စာချုပ်ကို အကြိမ်ကြိမ် ပြင်ချုပ်ပေးခဲ့ကြသည်။

သို့သော်လည်း NLD အစိုးရတက်လာသည့် ၂၀၁၆ ခုနှစ်မှစပြီး ဦးစိုးထွန်းရှိန်တို့ မျက်နှာသာမရတော့ပါ။ ၎င်းတို့ဘက်က ရွှေသွင်းရန် ပျက်ကွက်သည့်နောက် ၂၀၁၈ ခုနှစ် အရောက်မှာတော့ ရွှေတူးဖော်ခွင့်ကိုပါ ရုပ်သိမ်းခံလိုက်ရသည်။

ပြိုင်ဘက်များကို အလဲထိုးခဲ့သူ

ရှမ်းကုန်းမြေမြင့်နှင့် ဆက်နေသည့် မိုးထိမိုးမိတောင်၏ အောက်ရှိ ရွှေသိုက်ကြီးကို တူးဖော်ရန် ဦးသိန်းစိန် အစိုးရသက်တမ်း ခြောက်လအတွင်း အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီက တင်ဒါအောင်သွားရာ ရွှေတွင်းလုပ်ငန်းရှင်များ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ကြသည်။ တင်ဒါအောင်သွားသူက ရွှေတစ်ကြိမ်မှ မတူးဖူးသူ၊ ရွှေလောကတွင် တစ်ခါမှ မကြားဖူးသည့် အသက် ၄၇ နှစ်အရွယ် သူကြွယ်လေး ဦးစိုးထွန်းရှိန်။

မိုးထိမိုးမိအကြောင်း စာရေးဖူးသည့် သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကတော့ ဦးစိုးထွန်းရှိန်သည် မိုးထိမိုးမိ ရွှေလုပ်ကွက်ကို မရခင်ကတည်းက သန်းကြွယ်သူဌေးဖြစ်နှင့်ပြီးသူဟု ပြောသည်။ ပြီးခဲ့သည့် အစိုးရများ လက်ထက်က မြန်မာ့ငါးရှဉ့်နှင့် အခြား မြိုးမြိုးမြက်မြက်ရမည့် ပင်လယ်သယံဇာတများ တင်ပို့ခွင့်လိုင်စင်ကို ဦးစိုးထွန်းရှိန် တစ်ဦးတည်း ရခဲ့သည်ဟု ၎င်းက ပြောသည်။

ဦးစိုးထွန်းရှိန်မှာ စစ်အစိုးရလက်ထက်တွင် အထူးအခွင့်အရေးအဖြစ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၌ ငါးရှဉ့်၊ ကဏန်းဒိုင်ကို တစ်ဦးတည်း ဖွင့်ခွင့်ရခဲ့ပြီး ယင်းဒိုင်တွင် ဝန်ဆောင်ခအဖြစ် ဝယ်သူ၊ ရောင်းသူ နှစ်ဖက်စလုံးမှ ၅ ရာခိုင်နှုန်းစီဖြင့် နှစ်ဖက်ခွစားခဲ့သည်ဟု ထိုစဉ်က စစ်ဆေးရေးဝင်ရာတွင် ပါခဲ့သည့် ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အရာရှိတစ်ဦးက ပြောပြသည်။

ပြည်တွင်းငါးရှဉ့် ရောင်းသူများက ယင်းလုပ်ရပ်အပေါ် မျှတမှုမရှိဟုဆိုကာ တိုင်ကြားခဲ့သဖြင့် ဝန်ကြီးဌာန တာဝန်ရှိသူများ သွားရောက်စစ်ဆေးကာ နောက်ပိုင်းတွင် ဝန်ဆောင်ခ ၃ ရာခိုင်နှုန်းသာ ရယူခဲ့သည်ဟု ၎င်းက ပြောသည်။

ဦးစိုးထွန်းရှိန် ငါးရှဉ့်တင်ပို့ခွင့်စရသည့် စစ်အစိုးရလက်ထက် ၂၀၀၆-၀၇ ဘဏ္ဍာနှစ်တွင် ငါးရှဉ့်တင်ပို့မှုမှ ဒေါ်လာ ၁၆ သန်းရခဲ့ပြီး နောက်လေးနှစ်အကြာတွင် ဒေါ်လာ သန်း ၄၀ ကျော်သည်အထိ ရရှိခဲ့သည်ဟု စီးပွားကူးသန်း အချက်အလက်များအရ သိရသည်။ အမြတ်အစွန်းများသည့် တင်ဒါများဝင်ဆွဲရာတွင် ဦးစိုးထွန်းရှိန်သည် ပြိုင်ဘက်များစွာကို အလဲထိုးခဲ့သည်။ သို့သော် မိုးထိမိုးမိရွှေတွင်းအတွက် တင်ဒါပြိုင်ဖက် ၁၇ ဦးကို နောက်ကောက်ချနိုင်ခဲ့သည့် ကိစ္စကတော့ သူ့အတွက် အအောင်မြင်ဆုံးဖြစ်သည်။

တင်ဒါအောင်ပြီးနောက် ဦးစိုးထွန်းရှိန်၏ ကုမ္ပဏီသည် ငါးနှစ်အတွင်း ရွှေစင် ငါးတန်ခွဲ ပေးသွင်းမည်ဟု အမှတ် (၂) သတ္တုတွင်းလုပ်ငန်းနှင့် ၂၀၁၁ ခု စက်တင်ဘာလတွင် စာချုပ်ချုပ်သည်။ ထိုပမာဏကို တင်ဒါပြိုင်ဘက်များပင် မျက်ခုံးပင့်ကြသည်။ ၎င်းသာဆိုလျှင် ထိုပမာဏ၏ ထက်ဝက်ပင် မကမ်းလှမ်းနိုင်ဟု တင်ဒါမရခဲ့သည့် အမည်မဖော်လိုသူ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

နှစ်နှစ်အကြာတွင် ရွှေသွင်းကာလ ငါးနှစ်ကို ရှစ်နှစ်ဟု စာချုပ်ပြင်သည်။ ဆယ်လအကြာတွင် လအလိုက် သွင်းရမည့် ရွှေပမာဏများကို ထပ်ပြင်သည်။ (လအလိုက်သွင်းရမည့် ရွှေမှာ အနည်းဆုံး ၂ ပိဿာခွဲ မှ အများဆုံး ၁၀၃ ပိဿာအထိ ရှိသည်။)

Myanmar Now က ဖတ်ရှုခွင့်ရခဲ့သည့် သတ္တု (၂) နှင့် ကုမ္ပဏီတို့ ချုပ်ဆိုသည့် “ရွှေသတ္တုထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် လုပ်ငန်းသဘောတူစာချုပ်” မူရင်းနှင့် ပြင်ဆင်ချက်အားလုံးတွင် “မည်သို့သောအကြောင်းကြောင့် ဖြစ်ပေါ်စေကာမူ နိုင်ငံတော်အား ပေးသွင်းရမည့် သတ်မှတ်အချိုးအား အပြည့်အဝပေးသွင်းရမည်” ဟု ပါရှိသည်။

အကြိမ်ကြိမ် ပြင်ဆင်ချုပ်ဆိုခွင့် ရခဲ့သော ထိုစာချုပ်ကိုပင် “တစ်ဖက်စီး အသာဖြင့် မမျှမတ ချုပ်ဆိုထားခဲ့သော စာချုပ်” ဟု ကုမ္ပဏီက နောက်ပိုင်းတွင် ရည်ညွှန်းပြောကြားလာပြီး NLD အစိုးရ တက်ပြီးနောက် စာချုပ်ကို လေးကြိမ်မြောက် ပြင်ဆင်ရန် အစိုးရကို ကမ်းလှမ်းလာသည်။

သတ္တုတွင်း ဒုဝန်ကြီးဟောင်း ဦးကိုကိုသန်းနှင့် အရာရှိဟောင်း ခုနစ်ဦးပါသည့် စုံစမ်းရေးအဖွဲ့ ဖွဲ့ကာ ၂၀၁၇ အတွင်း ခုနစ်လကြာ စုံစမ်းပြီးနောက် “… ကုမ္ပဏီသည် စာချုပ်ပါ သတ်မှတ်ရွှေစင်များကို စာချုပ်ပါ သတ်မှတ်ကာလအတွင်း ပေးသွင်းနိုင်ရန် အခြေအနေရှိပါသည်” ဟု ထိုအဖွဲ့က အဖြေထုတ်ပေးသည်။

စာချုပ်အတိုင်း မလိုက်နာပါက ရွှေတူးခွင့်ပြန်သိမ်းမည်ဟု အစိုးရက ရာဇသံပေးလိုက်သည်။ သမ္မတရုံးက သိသွားပြီး ပြဿနာကို မြန်မြန်ဆန်ဆန် ကိုင်တွယ်ဖြေရှင်းရန် ညွှန်ကြားခဲ့သည်။ ကုမ္ပဏီနှင့် ဝန်ကြီးဌာန အရာရှိများ မျက်နှာချင်းဆိုင် တွေ့ခဲ့ကြပြီး ရွှေကြွေးပေးမည် ဆိုသည့် ကတိဖြင့် ရွှေဆက်တူးခွင့် ရခဲ့သည်။

သို့သော် ကုမ္ပဏီသည် ၂၀၁၇ ဇူလိုင်နှင့် ဩဂုတ် နှစ်လစာသာ ရွှေပေးသွင်းကြောင်း၊ နောက် နှစ်လအကြာတွင် ရွှေဆက်တူးသော်လည်း ပေးသွင်းခြင်း မရှိကြောင်း အစိုးရဘက်က ထပ်မံစွပ်စွဲသည်။ ပြဿနာက သမ္မတရုံးသို့ တစ်ကျော့ပြန် ရောက်သွားရာ သမ္မတရုံးက အရေးယူရန် မီးစိမ်းပြလိုက်တော့သည်။

ရွှေတူးလုပ်ငန်းများ ရပ်ထားရန် ၂၀၁၇ နိုဝင်ဘာတွင် အကြောင်းကြားခဲ့သော်လည်း ကုမ္ပဏီကမလိုက်နာဟု အစိုးရက ပြောသည်။ ဦးစိုးထွန်းရှိန်ကတော့ “လုံးဝ ရပ်ပစ်ရင် မိုင်းပျက်စီးမှာစိုးတဲ့အတွက် ဆက်လည်ပတ်မှ ဖြစ်မယ်” ဟု ယမန်နှစ်က ရန်ကုန်မြို့ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တုံ့ပြန်ခဲ့သည်။

ဦးစိုးထွန်းရှိန်ကမူ လေလံအောင်စဉ်က မျှော်လင့်ခဲ့သည့် ရွှေပမာဏနှင့် အမှန်တကယ် တူးဖော်သည့် အချိန်တွင်ရရှိသည့် ရွှေပမာဏတို့ ကွာဟလျော့နည်းနေသဖြင့်သာ ရွှေမပေးသွင်းနိုင်ခြင်း ဖြစ်ကြောင်း ချေပခဲ့သည်။ မှန်းထားသည့်အတိုင်းဆိုပါက ရွှေ ၁၈ တန် ရရမည်ဖြစ်ပြီး တွက်ခြေလည်း ကိုက်မည် ဖြစ်ကြောင်း၊ သို့သော် လေးတန်ကျော်သာ ရွှေရခဲ့သဖြင့် အမြတ် ခွဲမပေးနိုင်ကြောင်း ဦးစိုးထွန်းရှိန်က ၂၀၁၇ ခုနှစ် ဇွန်လက ကျင်းပသည့် အစုရှယ်ယာရှင်များ ကြိုဆိုပွဲ အခမ်းအနားတစ်ခုတွင် ပြောသည်။

ပြဿနာအားလုံး ပြေလည်ရန်အတွက် စာချုပ်ပြင်ဆင်ရမည်ဖြစ်ပြီး တောင်းဆိုသည့်အတိုင်း ဖြစ်မလာပါက ဆန္ဒပြတောင်းဆိုရန် ပြင်ဆင်ထားရန်လည်း ဦးစိုးထွန်းရှိန်က ရှယ်ယာရှင်များကို အသိပေးရင်း “နိုင်ငံတော်က မတရားလုပ်မယ်ဆိုရင်တော့ ကျွန်တော်တို့ ခံစရာအကြောင်းမရှိပါဘူး” ဟု ပြောသည်ကို အဆိုပါအခမ်းအနားကို ရိုက်ကူးထားသည့် ရုပ်သံတွင် တွေ့ရသည်။

၂၀၁၈ နှစ်ဆန်းတွင် အစိုးရက ကုမ္ပဏီကို ပေးထားသည့် မိုးထိမိုးထိ ရွှေတူးဖော်ခွင့်ကို ရုပ်သိမ်းလိုက်သည်။

“နှစ် ၂၀ လောက်အတွက် စီမံကိန်းချပြီး ပုံအောထားတာ။ တကယ်တူးမယ်လုပ်တော့ ပိတ်ခံလိုက်ရရော” ဟု အမည်မဖော်လိုသည့် လုပ်ငန်းရှင်တစ်ဦးက Myanmar Now ကို ဧပြီလအတွင်း ပြောသည်။ သူက ငါးနှစ်အတွင်း ကျပ်သိန်း ၁၀,၀၀၀ ခန့် ပုံအောထားသည်ဟု ဆိုသည်။ ထွက်လာသည့် ရွှေကို ထက်ဝက်စီ သို့မဟုတ် ရာခိုင်နှုန်းအလိုက် ခွဲဝေကြသည့် ထိုလက်ခွဲလုပ်ငန်းရှင်များသည် ရွှေတွင်း ၇၀ ခန့် တူးထားကြပြီး ကျပ်ဘီလျံ ၃၀ ခန့် ရင်းနှီးထားကြသည်ဟု ဆိုသည်။ အဓိက ရွှေထွက်ရာ လေးနေရာကို ကုမ္ပဏီက လုပ်ကိုင်ခဲ့ပြီး တွင်းငယ်များကို အခြား လုပ်ငန်းရှင် ၃၀ ဝန်းကျင်နှင့် အကျိုးတူ လုပ်ကိုင်ကြသည်။

တရားတဘောင် စဖြစ်ကြသည့် ၂၀၁၈ နှစ်လယ်မှစပြီး လုပ်ငန်းများရပ်တန့်ကာ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီလူကြီးများ တိမ်းရှောင်သွားခဲ့ကြပြီးနောက် မိုးထိမိုးမိရှိ ရွှေတူးလုပ်သား ၇,၀၀၀ ခန့်နှင့် သူတို့ကို မှီခိုနေသူ ၁၀,၀၀၀ ခန့်တို့လည်း အလုပ်လက်မဲ့ ဖြစ်သွားကြသည်။

အစိုးရကို ရွှေကြွေးဘယ်လောက် တင်နေသလဲ

ဦးစိုးထွန်းရှိန်၏ ကုမ္ပဏီသည် မိုးထိမိုးမိလုပ်ကွက်တွင် ၎င်းလုပ်ကိုင်ခွင့်ရခဲ့သည့် ခြောက်နှစ်ကျော် ကာလအတွင်း ရွှေခြောက်တန်နီးပါး (ဒေါ်လာသန်း ၂၀၀ ဖိုးခန့်) ထုတ်လုပ်သွားနိုင်ခဲ့သည်ဟု အမှတ် (၂) သတ္တုတွင်းလုပ်ငန်းက ဆိုသည်။ NLD အစိုးရ ရုံးစတက်သည့် ၂၀၁၆ ဧပြီမှ စပြီး ကုမ္ပဏီသည် စာချုပ်ပါအတိုင်း ရွှေအပြည့်အဝ မသွင်းတော့ဟု ဆိုသည်။

လုပ်ငန်းများ စတင်လည်ပတ်ပြီးနောက် ၂၀၁၂ မတ်လတွင် ရွှေစင် ၁၉၄၀ ကျပ်သား ပထမဆုံးအကြိမ် စတင်ရရှိခဲ့ကာ ပျမ်းမျှလစဉ် ရွှေကျပ်သား ၂၀၀၀ ခန့် ဆက်လက်ရရှိနေခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် မေလမှစပြီး လစဉ် ရွှေကျပ်သား ၅၀၀၀ ကျော်အထိ တိုးလာကာ၊ ထိုနှစ် နိုဝင်ဘာတွင် ရွှေကျပ်သား ၇၀၀၀ ကျော်အထိ ထုတ်လုပ်ရရှိခဲ့ကြောင်း “ဗြုန်းထုတ်လုပ်ရရှိမှု/ ကြိတ်ခွဲမှုနှင့် စက်ရုံများအလိုက် ရွှေကြမ်း/ ရွှေချောထုတ်လုပ်ရရှိမှု” ၂၀၁၇၊ မေလ ၁၀ ရက်စွဲပါ ကုမ္ပဏီမှတ်တမ်းတွင် ဖော်ပြထားသည်။

၎င်းတို့ ပေးသွင်းမည်ဟု ကတိပေးခဲ့သည့် ၅ တန်ခွဲအနက် နိုင်ငံတော်အား သုည ဒသမ ၅၅ တန်သာ ပေးသွင်းရသေးပြီး ယင်းပမာဏသည် ကုမ္ပဏီက ထုတ်လုပ်ရရှိသမျှ အားလုံး၏ ၉ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိသည်ဟုလည်း ပါရှိသည်။

ကုမ္ပဏီသည် အစိုးရအား ရွှေကြွေးကျန် ပိဿာချိန် ၁,၃၀၀ နီးပါး (၂ ဒသမ ၁ တန်ခန့်) ပေးသွင်းရန် ရှိသည်ဟု အစိုးရက အတည်ပြုထားသည်။ သို့သော် ကုမ္ပဏီဘက်ကမူ အစိုးရထံသွင်းရန်မှာ ရွှေ ပိဿာချိန် ၁၀၀ ကျော်သာ ဖြစ်သည်ဟု ဆိုသည်။

လက်ခွဲကန်ထရိုက်များကမူ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီထံ စုစုပေါင်း ရွှေ ၆၀၇ ပိဿာ (မက်ထရစ် တစ်တန် နီးပါး) ၎င်းတို့ ပေးသွင်းခဲ့ပြီးဖြစ်ကြောင်း၊ ထိုကုမ္ပဏီကသာ နိုင်ငံတော်ထံ အပြည့်အဝ ပြန်မသွင်းကြောင်းနှင့် လုပ်ငန်းရပ်ဆိုင်းသဖြင့် ၎င်းတို့၏ထမင်းအိုး ကွဲသည်က ကုမ္ပဏီ၏တာဝန် မကင်းကြောင်း စွပ်စွဲကာ ယမန်နှစ် ဩဂုတ်လအတွင်းက ကုမ္ပဏီကို မန္တလေးတွင် ဆန္ဒပြခဲ့ကြသည်။

ကုမ္ပဏီ ဒါရိုက်တာ ဦးသူရဇော်ကလည်း ဆန္ဒပြသည့် လုပ်ငန်းရှင် ကိုးဦးကို ပြန်တရားစွဲထားသည်။ ထို ရွှေ ၆၀၇ ပိဿာကို တစ်ခါမျှ လက်မခံဖူးပါဟု တရားရုံးလျှောက်ထားလွှာတွင် ဖော်ပြထားသည်။ ဦးသူရဇော်သည် တရားစွဲခံရသူစာရင်းမှာလည်း မပါသလို တိမ်းရှောင်ခြင်းလည်း မရှိပါ။

ကုမ္ပဏီသည် အစိုးရနှင့် ပြဿနာမတက်မီအထိ ရွှေ ၅ ဒသမ ၈၂ တန် ခန့် ထုတ်လုပ်ခဲ့ရာ ယင်းပမာဏသည် ကျပ် ဘီလျံ ၃၀၀ (ဒေါ်လာသန်း ၂၀၀ ခန့်) တန်ဖိုးရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးကို ဖယ်လိုက်ပါက ကျပ် ဘီလျံ ၂၀၀ နီးပါး ကုမ္ပဏီဘက်က အသားတင်ရရှိနိုင်ကြောင်း သတ္တုတွင်းအရာရှိဟောင်း အမျိုးသားလွှတ်တော်အမတ် ဦးစောမိုးမြင့်က ခန့်မှန်းသည်။ (ယမန်နှစ် ရွှေဈေး ၁ ကျပ်သား ၉၂၀,၀၀၀ နှုန်းကို အခြေခံ တွက်ချက်ထားခြင်း ဖြစ်သည်။)

၂၀၁၈ နှစ်ကုန်တွင် မန္တလေးတိုင်းဝန်ကြီးချုပ်၊ NLD ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင် ရမည်းသင်းသို့ သွားစဉ် ကုမ္ပဏီတာဝန်ရှိသူတချို့က ဝန်ကြီးချုပ်ကို ချဉ်းကပ်ပြီး ရွှေပြန်တူးခွင့်ရရန် တီးတိုးတောင်းဆိုခဲ့ကြရာ ဝန်ကြီးချုပ်က “ပြည်ထောင်စုအဆင့် လုပ်ပိုင်ခွင့်” ဆိုသည့် အကြောင်းပြချက်ဖြင့် ပယ်ချခဲ့ပြီး ထိုသို့ ချဉ်းကပ်သည်ကိုလည်း ဘဝင်မကျခဲ့ဟု မန္တလေးတိုင်းလွှတ်တော် ရမည်းသင်း NLD အမတ် ဦးအောင်မျိုးဦးက ဆိုသည်။

“(ဒီရွှေတွင်းကိစ္စတွေမှာ) သူမသိဘဲနဲ့ ဖြစ်သွားတဲ့ကိစ္စတွေက များနေတော့ ဝန်ကြီးချုပ်က အဲ့ဒီကိစ္စကို အတော်လေး အစာမကြေဘူး” ဟု သူက Myanmar Now ကို ပြောသည်။

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီထံ Myanmar Now က အီးမေးလ်၊ Viber တို့အပြင် လူကိုယ်တိုင် သွားရောက် မေးမြန်းခဲ့ရာ ကနဦးတွင် ဖြေကြားရန် သဘောတူခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်ဆက်သွယ်ခြင်း မရှိတော့ပါ။

ယခင်အာဏာပိုင် အဆက်ဆက်နှင့် ခရိုနီများအကြား ကျင့်သုံးကြသော တင်ဒါယဉ်ကျေးမှုဟောင်းတွင် အစိုးရနှင့် နီးစပ်သူများသည် လုပ်ပိုင်ခွင့်လေလံတစ်ခုကို အမြင့်ဆုံးလေလံဈေး ပေးယူကြပြီး နောင်တွင်မှ တွက်ခြေမကိုက်ဟု အကြောင်းပြကာ စာချုပ်ပြန်ပြင်လေ့ရှိသော်လည်း NLD အစိုးရလက်ထက်တွင် ပုံစံပြောင်းလဲခြင်းကြောင့် ယခုလို ပြဿနာဖြစ်ရသည်ဟု သတင်းစာဆရာ ဦးစည်သူအောင်မြင့်က သုံးသပ်သည်။

 

ဦးစိုးထွန်းရှိန်နှင့် မဘသ

ဦးစိုးထွန်းရှိန်သည် မွတ်စလင်မုန်းတီးရေး ဘုန်းတော်ကြီးအချို့ ဦးဆောင်သည့် “အမျိုးသားရေး” လှုပ်ရှားမှုများ၏ ဒါယကာကြီးလည်း ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် ကာလပေါက်ဈေး သိန်း ၇၀၀ နီးပါး တန်သည့် ရွှေ တစ်ပိဿာကို မဘသအဖွဲ့အား လှူဒါန်းခဲ့သည်။ ထို့ပြင် မဘသဆရာတော်များ ဖွင့်သည့် မဟော်သဓာ ကိုယ်ပိုင်အထက်တန်းကျောင်း၏ အဓိကအလှူရှင်လည်းဖြစ်ကြောင်း ကုမ္ပဏီ၏အစီရင်ခံစာများတွင် အတိအလင်း ဖော်ပြထားသည်။

မဘသကို အစွန်းရောက်သည် ဆိုသည့် စွပ်စွဲချက်များသည် “ဒိဋ္ဌိ” အတွေးအခေါ် ဟု ၂၀၁၅ ခုနှစ် အင်တာဗျူး တစ်ခုတွင် BBC (မြန်မာပိုင်း) သတင်းဌာနကို ပြောခဲ့ဖူးသေးသည်။ ၂၀၁၇ ခုနှစ် မေလတွင် မဘသဦးဆောင်ဆရာတော် ဦးဝီရသူ၏ ရခိုင်ပြည်နယ် မောင်တောမြို့နယ်ခရီးစဉ်ကိုလည်း ဒကာခံခဲ့သည်။

NLD အာဏာရပြီး တစ်နှစ်အကြာ ၂၀၁၇ မေလတွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က မဘသအမည်ခံ လှုပ်ရှားမှုများ ရပ်ရန်၊ ဆိုင်းဘုတ်များ ဖြုတ်သိမ်းရန် ကြေညာလိုက်သည်။ တားမြစ်ခံ မဘသကို “ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း” အမည်ဖြင့် ခရီးဆက်ရန် ဆုံးဖြတ်ခဲ့ကြပြီး ဦးစိုးထွန်းရှိန်က မဘသ၏မဟာမိတ် “မြန်မာနိုင်ငံလုံးဆိုင်ရာ ဓမ္မဝံသာနု ရက္ခိတအဖွဲ့” ၏ အတွင်းရေးမှူး ဖြစ်လာသည်။

ထို့ပြင် ဦးစိုးထွန်းရှိန်တို့သည် မဘသ သဘောတရားရေးကို အခြေခံသည့် နိုင်ငံရေးပါတီတစ်ရပ်ကိုပါ တည်ထောင်ရန် ကြိုးပမ်းခဲ့သည်။ အဖွဲ့ဥက္ကဋ္ဌ မောင်သွေးချွန်က “၁၃၅ မျိုးချစ်ညီညွတ်ရေး ပါတီ” ထူထောင်မည်ဟုလည်း ကြေညာသည်။ သို့သော် ရွေးကောက်ပွဲကော်မရှင်က “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှုမရှိ” ဟူသည့် အကြောင်းပြချက်ဖြင့် ပါတီကို မှတ်ပုံတင်ခွင့် မပြုရန် ၂၀၁၇ နိုဝင်ဘာတွင် ဆုံးဖြတ်လိုက်သည်။

မောင်သွေးချွန်သည် ဒုသမ္မတ ဟင်နရီဗန်ထီးယူနှင့် လွှတ်တော်ဥက္ကဋ္ဌများ၏ ကိုးကွယ်သည့်ဘာသာကို အကြောင်းပြု၍ ပုတ်ခတ်ခဲ့သည့်အတွက် အသရေဖျက်မှုဖြင့် ယမန်နှစ်က ထောင်ဒဏ် နှစ်နှစ် ချမှတ်ခံခဲ့ရသည်။

“ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း” ကိုလည်း တရားမဝင်ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်ကြောင်း ၂၀၁၈ ဇူလိုင်လ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၄၇ ပါး စုံညီ အစည်းအဝေးက ဆုံးဖြတ်ခဲ့ပြန်သည်။

‘ရဲတွေက အဖမ်းပြပေးရမှာ’

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီမှ တိမ်းရှောင်နေသည့် လူကြီးများအနက် နှစ်ဦးကတော့ ၎င်းတို့မှာ အပြစ်မရှိကြောင်း အစိုးရထံသို့ စာရေးထားသည်။

ယခုနှစ် ဇန်နဝါရီလအတွင်း တိမ်းရှောင်နေသူတစ်ဦးဖြစ်သည့် ရွှေထုတ်လုပ်ရေးဌာန အထွေထွေမန်နေဂျာ ဦးညီညီလွင်ထံ ဖုန်းဝင်လာခဲ့သည်။ တစ်ဖက်က ဆက်သူမှာ ကုမ္ပဏီ အမှုဆောင်ဒါရိုက်တာ ဦးနိုင်လင်း။

“ကိုညီ… ဒီနေ့နဲ့ မနက်ဖြန် နှစ်ရက်လောက်ပေါ့။ အိမ်ကနေ ခဏ … ရှောင်နေလိုက်ဦး။ ရဲတွေက အဖမ်းပြပေးရမှာမို့လို့ တဲ့။ အဲ့ဒါပြောနေလို့” ဟု ဦးနိုင်လင်းက ၎င်းကို ပြောသည်။

တပ်မတော်အရာရှိဟောင်း အသက် ၄၆ နှစ်အရွယ် ဦးညီညီလွင်သည် လိုင်စင် ပြန်ရုပ်သိမ်းခံရပြီးနောက် ရွှေဆက်တူးဖော်သည်ဟု စွပ်စွဲခံထားရသူများ စာရင်းတွင် ပါဝင်သူဖြစ်သည်။ သူနှင့် အခြားလုပ်ဖော်ကိုင်ဖက် သုံးဦး၊ ကုမ္ပဏီဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်တို့သည် ထောင်ဒဏ် ၁၀ နှစ် ကျခံရဖွယ်ရှိပြီး လက်ရှိတွင် ရဲက ဝရမ်းပြေး ကြေညာထားသည်။

အသံဖမ်းထားသည့် အထက်ပါ ဖုန်းမှတ်တမ်းအပါအဝင် ကုမ္ပဏီအရာရှိများက သူ့ထံဆက်သွယ်ပြောဆိုခဲ့သည့် ဖုန်းမှတ်တမ်းများကို ဦးညီညီလွင်က သမ္မတ အပါအဝင် အစိုးရအရာရှိများထံ ပေးပို့ကာ အမှုသည် ပုံမှန်ထက်ပိုမို ရှုပ်ထွေးနေသည်ဟု သံသယရှိသည်ဟု သူက စာရေးသားတိုင်ကြားခဲ့သည်။

ရဲတပ်ဖွဲ့က ၎င်းတို့အလိုရှိနေသူများကို မဖမ်းခင်ကတည်းက အဆိုပါသတင်းစကား ပေါက်ကြားခဲ့ခြင်းအတွက် သူ၏သံသယက ပိုမိုခိုင်မာခဲ့ကြောင်း ဦးညီညီလွင်က Myanmar Now ကို လျှို့ဝှက်တိမ်းရှောင်နေသည့် နေရာတစ်ခုမှ ဖုန်းဖြင့်ပြောသည်။

“အရပ်သားတွေက ဘာလို့ ဖမ်းမယ့်နေ့တွေ၊ ဖမ်းမယ့်ရက်တွေ၊ ဖမ်းမယ့်နေရာတွေကို အတိအကျ သိနေရတာလဲ။ ဒါတွေက ရိုးသားမှုမရှိဘူး” ဟု ၎င်းကဆိုသည်။

“နိုင်ငံရေးတွေဘာတွေ ဆက်နွှယ်တာတော့ ကျွန်တော်မသိဘူး။ အမှုက ပုံမှန်မသွားတာတော့ မှန်တယ်” ဟု ဦးညီညီလွင်က ဆိုသည်။

သို့သော်လည်း ရဲက သူ့ကိုဖမ်းရန် ရောက်မလာခဲ့ပါ။ သူလည်း တိမ်းရှောင်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။ ၂၀၁၉ မတ်လအတွင်း ဦးနိုင်လင်းနှင့်၎င်းတို့၏ ဖုန်းပြောမှတ်တမ်းအပါအဝင် တခြားသော အသံဖိုင်များ၊ စာရွက်စာတမ်းများကို သမ္မတရုံးနှင့် အခြားရုံးများသို့ ဦးညီညီလွင် ပို့သည်။ ၎င်းက စာတစ်စောင်ပါ ရေးသားပြီး ၎င်းတွင် အပြစ်မရှိကြောင်း၊ လိုင်စင် ရုပ်သိမ်းပြီးနောက် ရွှေဆက်ထုတ်ရခြင်းမှာ ၎င်း၏အထက်အရာရှိများက ခိုင်း၍ဖြစ်ကြောင်း ရေးသားထားသည်။

အစိုးရက ၂၀၁၇ နိုဝင်ဘာ ၈ ရက်တွင် လုပ်ငန်းများ ရပ်တန့်ရန် ညွှန်ကြားခဲ့သော်လည်း ကုမ္ပဏီ ဒုတိယအုပ်ချုပ်မှုဒါရိုက်တာ ဦးချိုလွင်ဦးက လုပ်ငန်းများ ဆက်လက်လည်ပတ်ရန် စာထုတ်ညွှန်ကြားခဲ့သည့်အတွက် ဆက်ထုတ်ခဲ့ရကြောင်း၊ ယင်းညွှန်ကြားချက်က အစိုးရနှင့် ကုမ္ပဏီတို့အကြား ပြဿနာ ပြေလည်သွားသဖြင့် ထွက်ပေါ်လာသည်ဟု ထင်မှတ်ခဲ့ကြောင်း သမ္မတနှင့် အစိုးရအရာရှိများထံ ရေးသားသည့် စာတွင် ဦးညီညီလွင်က ထည့်သွင်းရေးသားခဲ့သည်။

အစိုးရကမူ ၎င်း၏စာနှင့်ပတ်သက်ပြီး ထိုကိစ္စကို တရားရုံးမှာ ဖြေရှင်းရမည်ဖြစ်ကြောင်း တုံ့ပြန်သည်။

အစိုးရခွင့်ပြုမိန့်ကို အာခံပြီး ရွှေဆက်ထုတ်သည်ဟုဆိုကာ တရားစွဲခံရသည့်စာရင်းတွင် ကုမ္ပဏီ၏ ထိပ်ပိုင်းအရာရှိများ မပါဝင်ဘဲ အောက်ခြေဝန်ထမ်းများသာ ပါဝင်နေခြင်းက အမှုကို သာမန်ထက်ပိုမို ရှုပ်ထွေးအောင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်နိုင်ကြောင်းလည်း ဦးညီညီလွင်က စွပ်စွဲခဲ့သည်။

ထို့ပြင် ၎င်းနှင့်အတူ ရဲကအလိုရှိနေသည့် စာရင်းထဲတွင် ပါဝင်နေသည့် ဦးခင်ဇော်ဆိုလျှင် ရွှေသန့်စင်စက်ရုံမှ စက်ရုံမှူးတစ်ယောက်သာ ဖြစ်ပြီး ယင်းစက်ရုံကို တရုတ်နိုင်ငံသားများက ဦးဆောင်လုပ်ကိုင်ခဲ့သော်လည်း တရားစွဲခံရသည့်ထဲတွင် တရုတ်တစ်ယောက်မျှ မပါသဖြင့် အံ့အားသင့်မိကြောင်းလည်း ဦးညီညီလွင်က ပြောသည်။

ဦးခင်ဇော်ဆိုလျှင် ခွင့်ပြုချက်မရပါက “နပ်တစ်လုံးတောင် သူလျှော့ခွင့်မရှိဘူး။ သွားဖြုတ်လို့မရဘူး” ဟု ၎င်းကဆိုသည်။ Myanmar Now အနေဖြင့် ဦးခင်ဇော်ကို ဆက်သွယ်၍မရခဲ့ပါ။

“ကျွန်တော်တို့၏ ထွက်ဆိုချက်များမပါဝင်ဘဲ ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ငှားရမ်းထားသောရှေ့နေများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ တရားရေးအဖွဲ့အစည်းများမှ အောက်ခြေ ဝန်ထမ်းများအပေါ် အပြစ်ပုံချစေရန် အဂတိတရား မကင်းစွာဖြင့် ပူးပေါင်းဆောင်ရွက်၍ အမှုကို ပုံဖော်ဆောင်ရွက်သည်” ဟု ဦးခင်ဇော် နှင့် ဦးညီညီလွင်တို့ ၂၀၁၈ ခုနှစ်အတွင်း သမ္မတထံ ရေးသားသည့် တိုင်စာတွင် ထည့်သွင်းရေးသားထားသည်။

သို့သော် ဦးညီညီလွင် စွပ်စွဲသကဲ့သို့ ရဲက မဖမ်းခင် ရှောင်ခိုင်းခဲ့ခြင်းမျိုး မရှိဟု ပျော်ဘွယ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမြင့်လွင်က ငြင်းဆန်သည်။

ရဲမှူးမျိုးမြင့်လွင်သည် ဦးညီညီလွင်တိုင်ကြားမှုအတွက် အမှုလိုက်ရဲအရာရှိများကို ပြီးခဲ့သည့် လများအတွင်းက ဌာနတွင်း စုံစမ်းစစ်ဆေးခဲ့သူလည်း ဖြစ်သည်။ အမှုလိုက်ရဲအရာရှိများသည် ဦးညီညီလွင်ရှိနိုင်သည့် နေရာများကို အကြိမ်ကြိမ် သွားရောက်ရှာဖွေခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟုလည်း ရဲအရာရှိက Myanmar Now ကို ပြောသည်။

မင်းသားကြီးဘယ်ရောက်နေလဲ

မိုးထိမိုးမိရွှေတွင်းအတွက် နိုင်ငံတကာစံချိန်စံညွှန်းဆိုင်ရာ အသိမှတ်ပြု ISO9001 လက်မှတ် ရခဲ့သည့် အောင်ပွဲခံ အခမ်းအနားကို ၂၀၁၄ ဇူလိုင်က နေပြည်တော်၌ ကျင်းပခဲ့စဉ်က မှတ်တမ်းတင် ဓာတ်ပုံတွင် ဦးစိုးထွန်းရှိန်၏ ဘေး၌ အမှတ် (၂) သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင်လည်း ပါသည်။

သို့သော် ဓာတ်ပုံထဲတွင် ပြုံးရွှင်နေခဲ့သည့် ဦးသံဒိုင်သည် နောင်ငါးနှစ်အကြာတွင်မူ မပြုံးရယ်နိုင်တော့ဘဲ ရာထူးတာဝန် အလွဲသုံးစားပြုသည်ဆိုကာ နေပြည်တော် ဇမ္ဗူသီရိ မြို့မရဲစခန်းက ပြီးခဲ့သည့် ဧပြီလက ထိန်းသိမ်းလိုက်သည်။

၎င်းပိုင်ဆိုင်သည့် မြေကွက်များတွင် ကုမ္ပဏီကို မြေဖို့ခိုင်းခြင်း၊ အိမ်ဆောက်သည့် အင်ဂျင်နီယာနှင့်မိသားစု အပန်းဖြေခရီး ကုန်ကျစားရိတ်များအတွက် တရားမဝင်သော အကျိုးခံစားခွင့်များ ရယူခဲ့ခြင်းတို့အတွက် အပြစ်ရှိသည်ဟု အဂတိတိုက်ဖျက်ရေးကော်မရှင်က စွပ်စွဲထားသည်။ ပြစ်မှုထင်ရှားပါက အမြင့်ဆုံးထောင်ဒဏ် ၁၀ နှစ် နှင့် ငွေဒဏ် ချမှတ်နိုင်သည်။

ဦးသံဒိုင်ကို အရေးယူရန် မည်သူက တိုင်ကြားကြောင်း ကော်မရှင်က ထုတ်ဖော်မပြောသော်လည်း ကုမ္ပဏီဘက်က တိုင်ကြားဖွယ်ရှိသည်ဟု Myanmar Now ၏ သတင်းအရင်းအမြစ်တချို့က မှတ်ချက်ပေးကြသည်။

အမှတ် (၂) သတ္တုတွင်းလုပ်ငန်း အရာရှိတစ်ဦးကို လာဘ်ငွေပေးရသည်ဟု ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးထွန်းအောင်စိုးက ပြီးခဲ့သည့် မတ်လအတွင်းက ရန်ကုန်အခြေစိုက် The Speaker ဂျာနယ်ကို ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။

ဦးသံဒိုင်ဖမ်းခံရပြီး နောက်နှစ်ရက်အကြာတွင် ရဲက ဦးထွန်းအောင်စိုးကို ဖမ်းပြန်သည်။ သူနှင့် ကုမ္ပဏီမှ အခြား နှစ်ဦးသည် အစိုးရအရာရှိများ အဂတိလိုက်စားမှု ကျူးလွန်ကြောင်း မမှန်မကန် တိုင်ကြားခဲ့သည်ဟု ကော်မရှင်က စွပ်စွဲခဲ့သည်။ ရဲက အခြား နှစ်ဦးကို ရှာဖွေနေဆဲဖြစ်သည်။

အမှုဖွင့်ခံထားရသူများထဲတွင် လူမြင်ကွင်းမှ ပျောက်နေသည့် အဓိကဇာတ်လိုက်မှာ ဦးစိုးထွန်းရှိန် ဖြစ်သည်။

မိုးထိမိုးမိတွင် ရွှေလုပ်ငန်း လုပ်ကိုင်ခွင့် ရုပ်သိမ်းခဲ့သော်လည်း ဆက်လုပ်ကိုင်ခြင်းကြောင့် သူအပါအဝင် ငါးဦးကို အမြင့်ဆုံး ထောင် ၁၀ နှစ်အထိ ချခံရနိုင်သည့် သတ္တုတွင်းဥပဒေ ပုဒ်မ ၃၀-က ဖြင့် အစိုးရက ၂၀၁၈ ဩဂုတ်လ တွင် ရမည်းသင်းရဲစခန်း၌ အမှုဖွင့်လိုက်သည်။

အစိုးရက ရွှေကြွေး ပိဿာ ၁,၃၀၀ နီးပါး အတွက် တရားမကြောင်းအရလည်း တရားစွဲရန် ပြင်ဆင်နေသည်။ ရဲက သူ့ကို လနှင့်ချီ လိုက်လံရှာဖွေနေဆဲဖြစ်သည်။

ဦးစိုးထွန်းရှိန်သည် ဖမ်းဝရမ်းထုတ်ခံထားရသော်လည်း ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့တွင် ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း၏ ပဉ္စမအကြိမ် နှစ်ပတ်လည်ညီလာခံသို့ တက်ရောက်သူ သံဃာအပါး ၁,၀၀၀ ခန့်အတွက် နေ့ဆွမ်းကို တာဝန်ယူလှူဒါန်းခဲ့သည်ဟု ဖောင်ဒေးရှင်းက တရားဝင်ထုတ်ပြန်သည်။ ယင်းညီလာခံသို့မူ ဦးစိုးထွန်းရှိန် လာရောက်ခဲ့ခြင်း မရှိပါ။

သူ့ကို ရဲက ဖမ်းပါတော့မည်ဟု ကြိုသတင်းရခဲ့သည်ဆိုသော ဦးညီညီလွင်၏ထွက်ချက်၊ ရဲက ဦးစိုးထွန်းရှိန်ကို ဖမ်းမမိသေးသည့်အချက်တို့သည် မေးခွန်းပေါင်းများစွာကို ချန်ထားရစ်သည်။ ၎င်းမရှောင်တိမ်းမီ ပြီးခဲ့သည့်နှစ် ဇူလိုင်လ သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင်မူ ဦးစိုးထွန်းရှိန်က သူမှားလျှင် တရားဥပဒေအတိုင်း ရင်ဆိုင်မည်ဟု ကြွေးကြော်ခဲ့ဖူးသည်။

“ရွှေတစ်ကျပ်သား လိမ်ထားရင် ကြိုးစင်တက်လိုက်မယ်” ဟု ထိုနေ့က ကြွေးကြော်ခဲ့ပြီးနောက်တွင် သူဌေးကြီး ဦးစိုးထွန်းရှိန်ကို ယနေ့အထိ မတွေ့ရတော့ပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required