ကွန်မြူနစ်နိုင်ငံပေမယ့် ပုဂ္ဂလိကကဏ္ဍအား တွန်းတင်နိုင်ရေးအတွက် နို့ထွက်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီများမှသည် အာမခံကုမ္ပဏီများအထိ ကုမ္ပဏီလုပ်ငန်းများစွာတွင် ထည့်ဝင်ထားသောရှယ်ယာများအား ဗီယက်နမ်အစိုးရက ဒေါ်လာ ၃ ဘီလီယံဖိုး ထုတ်ရောင်းတော့မည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက အောက်တိုဘာ ၁၄ ရက်တွင် ဖော်ပြသည်။
အရှေ့တောင်အာရှ ဗီယက်နမ်နိုင်ငံသည် ပို့ကုန်အားကောင်းခြင်းနှင့် ဝန်ဆောင်မှုကဏ္ဍများ၏ ကျောထောက်နောက်ခံပြုမှုဖြင့် တတိယသုံးလတာတွင် ဂျီဒီပီ ၆ ဒသမ ၈၁ ရာခိုင်နှုန်းတက်လာခြင်းနှင့်အတူ စီးပွားရေးဖွံ့ဖြိုးမှုက အားကောင်းနေသည်။
စီးပွားရေးစည်းမျဉ်းစည်းကမ်းများတင်းကျပ်ခြင်းကိုလည်း ရေရှည်ပုဂ္ဂလိကလုပ်ငန်းများဖွံ့ဖြိုးရေးအတွက် ဖြေလျှော့ပေးထားပြီး အဓိကကုမ္ပဏီများကို ချုပ်ကိုင်ထားမှုအားလည်း ဖယ်ရှားသွားရေး လုပ်ဆောင်လာမည်ဖြစ်သည်။
"လုပ်ငန်းကုမ္ပဏီ ဆယ်ခုမှ ရင်းနှီးငွေလုံးငွေရင်းများ ဒေါ်လာ ၃ ဘီလီယံဖိုးကို အစိုးရက ထုတ်ရောင်းတော့မှာဖြစ်ကြောင်း" Thanh Nien သတင်းစာတွင် အောက်တိုဘာ ၁၄ ရက်က ရေးသားဖော်ပြသည်။ အစိုးရ၏ ရှယ်ယာထုတ်ရောင်းမည်မှာ Vinamilk နို့ကုမ္ပဏီ၊ ဦးဆောင် Bao Minh အာမခံကော်ပိုရေးရှင်းနှင့် FPT Telecom ဆက်သွယ်ရေးလုပ်ငန်းတို့မှ ရှယ်ယာများလည်း အပါအဝင်ဖြစ်သည်။
ယခုကဲ့သို့ ထုတ်ရောင်းခြင်းသည် ပြည်သူပိုင်လုပ်ငန်းများ ပုဂ္ဂလိကပိုင်ပြုမှုကို အရှိန်မြှင့်တင်ခြင်းဖြစ်ကြောင်း အကြီးတန်းစီးပွားရေးပညာရှင် Le Dang Doanh က အေအက်ဖ်ပီသို့ပြောသည်။
အစိုးရက လုပ်ငန်းကုမ္ပဏီပေါင်း ၄၂၉ ခုကို ယခုနှစ်တွင် ပုဂ္ဂလိကပိုင်ပြုရေး စီမံထားကြောင်း၊ သို့သော် အစီအစဉ်လမ်းညွန်မှုနောက်တွင် လည်ပတ်ရဖွယ်ရှိကြောင်း ၎င်းက ပြောသည်။
ဗီယက်နမ်သည် စီးပွားရေးအားကောင်းလာနေသည့် နိုင်ငံဖြစ်လင့်ကစား ကြီးမားသည့် အစိုးရပိုင်လုပ်ငန်းများက ကြီးစိုးထားဆဲရှိနေသည်။
Ref: The Nation