CNG အရောင်းဆိုင်အချို့ကို မြို့ပြင်သို့ ပြောင်းရွှေ့ဖွင့်လှစ်ရန် စီစဉ်

CNG အရောင်းဆိုင်အချို့ကို မြို့ပြင်သို့ ပြောင်းရွှေ့ဖွင့်လှစ်ရန် စီစဉ်
ဓာတ်ပုံ - စိုးချစ်ချစ်ပိုင်

ရန်ကုန်၊ စက်တင်ဘာ ၁၉ ။          ။ CNG ဖြည့်တင်းရသည့် YBS ယာဉ်များ အချိန်ကြာမြင့်စွာတန်းစီစောင့်ဆိုင်းရခြင်းကို ဖြေရှင်းရန်အတွက် မြို့တွင်းရှိ သဘာဝဓာတ်ငွေ့ (CNG) အရောင်းဆိုင်အချို့ကို မြို့ပြင်သို့ ပြောင်းရွှေ့ဖွင့်လှစ်ရန် စီစဉ်နေကြောင်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မော်တော်ယာဉ်သုံးသဘာဝ ဓာတ် ငွေ့ဌာနမှ အထွေထွေမန်နေဂျာ ဦးလှဝင်းဌေး က ပြောသည်။

“ YBS ပြောင်းလဲပြီးလို့ လေးငါးခြောက်လလောက်ကတည်းက CNG ဌာနကနေ ဆိုင်လေးတွေ ရွေးချယ် ထားပြီးသား ရှိပါတယ်။ အလုံဧရိယာမှာဆိုရင် (၂) နဲ့(၃)က လမ်းလေးပဲခြားနေတယ်။ နောက်ဒဂုံ အရှေ့(၁) (၂) ကလည်း ခြံစည်းရိုးလေးခြားထားပြီး နှစ်ဆိုင်ဖြစ်နေတယ်။ ဒါကို တစ်ဆိုင်စီ မြို့ပြင်ထုတ်လို့ရပါတယ်။ နောက်ဂျပန်နဲ့ဆောက်မဲ့သန်လျင် တံတားထိပ်မှာ တစ်ဆိုင်ရှိပါတယ်။ ဒါကို လည်း ဟိုဘက်ကို ရွှေ့အောင် တင်ပြထားပါတယ်” ဟု ၄င်းကဆိုသည်။

ယင်းစီမံချက်ကို အကောင်အထည်ဖော်ရန်အတွက် မြေနေရာလိုအပ်နေပြီး၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဘတ်ဂျက်တင်သွားမည်ဖြစ်ကြောင်း လိုအပ်သည့်မြေနေရာရှာဖွေရေးကို YRTA နှင့် YBS ယာဉ်လိုင်းကုမ္ပဏီများဘက်မှ ပြုလုပ်ရမည်ဟု သိရသည်။

“မြေနေရာ လိုအပ်ပါတယ်။ အဲဒီမြေနေရာ အပိုင်ရရမယ်။ ဒီမြေနေရာကို လုံခြုံတဲ့ ဝန်းခတ်ပြီးမှ ဘတ်ဂျက် တင်ပြီးမှ ပြောင်းလို့ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်ကတော့ တိုင်းဒေသကြီးအစိုးရ အဖွဲ့ကော၊ ပြည်ထောင်စုကော ဖြစ်နိုင်ခြေတွေအားလုံးကို တင်ပြထားပြီးဖြစ်ပါတယ်” ဟု ဦးလှဝင်ဌေးကဆက်ပြောသည်။

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာန၏ စာရင်းများအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်များအတွက် CNG ကုဗပေသန်းပေါင်း ၂၄ ဒသမ ၁၄ ကုဗပေ သန်းကို ဖြန့်ဖြူးရောင်းချလျက်ရှိရာ ယင်းအထဲမှ နေ့စဉ် YBS ယာဉ်စီးပေါင်း (၄၀၀၀)နီးပါးကို ၁၃ ဒသမ ၄၁ ကုဗပေသန်း ဖြည့်တင်းပေးလျက်ရှိပြီး ကျန်ရှိသည့် ဓာတ်ငွေ့များကို ကြိုပို့ယာဉ်၊ ကုန်တင်ယာဉ်နှင့် ကိုယ်ပိုင် ယာဉ် အနည်းငယ်ကို အချိုးကျ ဖြည့်တင်းပေးလျက်ရှိကြောင်း သိရသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly