သာသနာ့နယ်မြေအတွင်း လူနေထိုင်ခြင်း၊ စီးပွားရှာခြင်းများကို ရှင်းလင်းဖယ်ရှားမည်ဟု မန်းတိုင်းဝန်ကြီးချုပ်ပြော

သာသနာ့နယ်မြေအတွင်း လူနေထိုင်ခြင်း၊ စီးပွားရှာခြင်းများကို ရှင်းလင်းဖယ်ရှားမည်ဟု မန်းတိုင်းဝန်ကြီးချုပ်ပြော

မန္တလေး၊ စက်တင်ဘာ ၁၉ ။           ။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သာသနာ့နယ်မြေများတွင် လူနေထိုင်ခြင်း စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေခြင်းတို့ကို စာရင်းများကောက်ယူပြီး ရှင်းလင်း ဖယ်ရှားသွားရန် ဆောင်ရွက်လျက် ရှိသည် ဟု မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က မဇ္ဈိမသို့ ပြောသည်။

"သာသနာ့နယ်မြေအတွင်းမှာ လူတွေနေထိုင်တယ်။ကားဝပ်ရှော့တွေရှိတယ်။နောက်ပြီးကျတော့ ဘယ်လောက်ထိအောင် ဟိုဝှါဖြစ်လည်းဆိုရင် လောင်းကစားဝိုင်းတစ်ချို့ အဲဒီထဲမှာရှိနေတယ်ဆိုတာ ပြောတာပေါ့။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့က တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံအေးချမ်းရေး ကိုကြည့်ပြီး တည်ငြိမ်အေးချမ်းရေးကို ကြည့်ပြီး သာသနာ့ နယ်မြေထဲမှာ ဒီလို ဘုန်းကြီးကျောင်း သတ် သတ်မဟုတ်ဘဲနဲ့တစ်ခြား ရောနှောနေတာတွေရှိလို့ရှိရင် စာရင်းကောက်ပေးပါဆိုပြီး ကျွန်တော် တို့က ပြောတာပေါ့နော်။အမှန်ကတော့ ဒါက သာသနာသန့်ရှင်းရေး အပိုင်းတစ်ပိုင်းပါမယ်ဆိုလည်း ပြောလို့ ရပါတယ်။အမြင်မတင့်တယ်ဘူး။"ဟု ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဘုန်းကြီးကျောင်းတစ်ခုတွင် ယာဉ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများ၊ နံပါတ်ပြားများ အတုပြုလုပ်သည်ကို ဖမ်းဆီးရမိခဲ့ပြီး  ဘုန်းကြီး ကျောင်း တစ်ချို့တွင် လောင်းကစားဒိုင်များ ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

"တိုင်းသံဃာ့နာယကကို လျှောက်ပြီးတော့ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ရှင်းပေးပါလို့ ပြောတယ်။ နောက် ပိုင်းမိတဲ့ဟာ အတုလုပ်တဲ့ဟာတွေဆိုလို့ရှိရင် ဘုန်းကြီးကျောင်းတွေထဲက ပြန်မိတာပေါ့။ပြန်ပြီး စဉ်း စားကြည့်လို့ရှိရင် ဒီဟာတွေကို သာသနာ့မြေ ကျောင်းတွေကို ခုတုံးလုပ်ပြီးတော့ အလုပ်လုပ် နေတဲ့ သူတွေရှိနေတယ်ဆိုတာ သေချာနေပြီ။ဒီဟာတွေဟာ ဆရာတော်တွေ သိတယ်၊ မသိဘူးဆိုတာ ကျွန်တော်မပြောလိုဘူး။ ဒါပေမယ့် ဘုန်းကြီးကျောင်းထဲမှာနေပြီးတော့ အကာအကွယ်ယူပြီး စီးပွားရေး လုပ်တာပဲဖြစ်ဖြစ်။ရာဇဝတ်မှု လုပ်တာဖြစ်ဖြစ် ရာဇဝတ်မှုဆိုတာ အတုလုပ်တာပဲဖြစ်ဖြစ် ဘယ်ဟာမှ မသင့်တော်တဲ့အတွက် ကျွန်တော်တို့က ဒီကိစ္စကို ပွင့်ပွင့်လင်းလင်းပြောရရင် သန့်ရှင်းရေးလုပ်ချင် ပါတယ်။ သိချင်ပါတယ်။အဲဒီအတွက် ကျွန်တော်တို့ ကောက်ခိုင်းထားပါတယ်။"ဟု ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကပြောသည်။

လတ်တလောတွင် သာသနာ့နယ်မြေများအတွင်း လူနေထိုင်နေမှုများနှင့်စီးပွားရေး လုပ်ငန်း လုပ်ကိုင် နေသူများစာရင်းကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန တိုင်းဒေသကြီး သံဃာ့နာယက ဆရာတော်ကြီးများနှင့်တိုင်းဒေသကြီး သာသနာရေး ဦးစီးဌာနတို့ပူးပေါင်းအဖွဲ့မှ ကောက်ယူလျှက်ရှိကြောင်းသိရသည်။

“ကျွန်တော်တို့တစ်ချို့ဟာတွေရှင်းရမှာဖြစ်ပါတယ်။မရှင်းလို့လည်းမရပါဘူး။ဒါပါပဲ။ဘုန်းကြီးတွေဌားထားတာတွေရှိတယ်။အဲဒီအတွက်လုပ်တာ။အလောင်းကစားနဲ့ပတ်သက်တာတွေမိတယ်။အတုပြုလုပ်တာတွေမိတယ်ဆိုတော့ ကျွန်တော်တို့က သာသနာရေးကိုကြတော့ အရေးယူလို့မရဘူး။ သံဃာ့ ကိစ္စကို သံဃာ့နာယကကို လျှောက်ရတယ်။ဒီကိစ္စကို သံဃာ့နာယကအဖွဲ့ကနေ ဆောင်ရွက်ပေးပါ ဆိုပြီးတော့ သူတို့ကိုလျှောက်ရတယ်။ဓမ္မစက်နဲ့ရော အာဏာစက်နဲ့ရော လုပ်ရတာတွေရှိတယ်။ ဒါပါပဲ။”ဟု ဒေါက်တာဇော်မြင့်မောင်က ဆက်ပြောသည်။

အဆိုပါကိစ္စရပ်များကို ဆောင်ရွက်ရာတွင် တိုင်းသံဃာ့နာယကအဖွဲ့၏ သြဇာသက်ရောက်မှုအပေါ် မူတည်ကာ ဆောင်ရွက်မည်ဟု သိရပြီး လောကီ၊ လောကုတ္တရာ ရောနှောနေမှုများကို ခက်ခဲစွာ ရှင်းလင်းရနိုင်ဖွယ် ရှိကြောင်း ဝန်ကြီးချုပ်က ပြောကြားသွားသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly