အရှုံးပေါ်နေသော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း ရပ်တန့်သင့်ဟု EITI အစီရင်ခံစာတွင် ဖော်ပြ

အရှုံးပေါ်နေသော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း ရပ်တန့်သင့်ဟု EITI အစီရင်ခံစာတွင် ဖော်ပြ
ဓာတ်ပုံ - ထွန်းထွန်းဝင်း

ရန်ကုန်၊ စက်တင်ဘာ ၁၉ ။             ။ သတင်းနှင့်စာနယ်ဇင်း၊ လျှပ်စစ် နှင့် မီးရထား အပါအဝင် ဒေါ်လာ သန်း ၅၀၀ ကျော်နီးပါး အရှုံးပေါ်နေသော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများသည် ဘဏ္ဍာရေးယိုပေါက် ဖြစ်နေသောကြောင့် ရပ်တန့်သင့်သည်ဟု မြန်မာနိုင်ငံ၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမူ၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဖက်မဟာမိတ်အဖွဲ့( MATA) ၏ အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြလိုက်သည်။

"နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေက စနစ်တကျနဲ့ ယိုပေါက်၊ ဟာပေါက်တွေ ရှိတယ်ဆိုတာ အများဆုံး သိရပါတယ်။ အိတ်ပေါက်နဲ့ ဖားကောက်ခဲ့ရတာလည်း ခေတ်အဆက်ဆက် ဖြစ်ခဲ့တယ်။ ဒီအချိန်မှာ ရပ်တန့်သင့်ပါပြီ။ ဒီအချိန်မှာ အချိန်မီ လက်ရှိအစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲစေဖို့ တွန်းအားတစ်ရပ်နေနဲ့၊ ပြည်သူတွေအနေနဲ့ အစိုးရကို ဝိုင်းတွန်းဖို့ အဓိက ရည်ရွယ်ပါတယ်” ဟု MATA အရပ်ဖက်အဖွဲ့မှ ဒါရိုက်တာ ဒေါ်မိုးမိုးထွန်းက ပြောသည်။


စက်တင်ဘာ ၁၉ ရက်နေ့၊ နံနက်ပိုင်းက ရန်ကုန်မြို့ House of Orchid ဟိုတယ်တွင် ကျင်းပခဲ့သော “ မှားယွင်းသော သယံဇာတစီမံခန့်ခွဲမှုက အကျင့်ပျက်ခြစားမှုနှင့်သံယံဇာတကျိန်စာကို ဖြစ်ပေါ်စေသလား” အစီရင်ခံစာ စာအုပ်မိတ်ဆက်ပွဲတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ယင်း အစီရင်ခံစာတွင် ၂၀၁၂-၁၃ ခုနှစ်စာရင်းအရ မြန်မာနိုင်ငံတွင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း(State Owned Enterprises -SOEs) စုစုပေါင်း ၄၇ ခု ရှိခဲ့ပြီး ယခုအချိန်တွင် လုပ်ငန်း ၃၁ ခုကို လုပ်ကိုင်နေပြီး လုပ်ငန်း ၂၂ ခု သာ ကိုယ်ပိုင်ဝင်ငွေဖြင့် ရပ်တည်နေကြပြီး ကျန်ရှိသည့်လုပ်ငန်း ၁၀ ခု မှာ နှစ်စဉ် အရှုံးပေါ်လျက်ရှိနေသည်ဟု ဖော်ပြထားခြင်း ဖြစ်သည်။

၂၀၁၈ - ၁၉  ဘဏ္ဍာနှစ် နိုင်ငံတော် အရအသုံးမှန်းခြေငွေစာရင်း ကိုးကားချက်အရ အဆိုပါ အရှုံးပေါ်နေသော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း ၁၀ ခုမှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းမှ ကျပ် ၆၂၉၉၆၃ သန်း၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ ကျပ်သန်းပေါင်း ၁၁၅၇ သန်း၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ ကျပ် ၉၆၄၇ သန်း ၊ မြန်မာ့မီးရထားမှ ကျပ် ၉၇၉၂၃ သန်း၊ ကုန်းလမ်းပို့ဆောင်ရေးမှ ကျပ် ၁၃၆ သန်း၊ မြန်မာ့စာတိုက်လုပ်ငန်းမှ ကျပ် ၄၁၁၀ သန်း၊ အမှတ်(၁) အကြီးစားစက်မူလုပ်ငန်းမှ ကျပ် ၃၃၉၂၄ သန်း၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်းမှ ကျပ် ၁၄၂၀၉ သန်း၊ အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်းမှ ကျပ် ၃၈၁၄၂ သန်းနှင့် မြန်မာအမျိုးသားလေကြောင်းမှ ကျပ်သန်းပေါင်း ၂၄၉၁ သန်းဖြင့် စုစုပေါင်း ငွေကျပ် ၈၃၃ ဘီလျံကျော် ( အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်) အရှုံးပေါ်နေကြောင်း MATA ၏ အစီရင်ခံစာအုပ်တွင် ဖော်ပြပါရှိသည်။

အဆိုပါ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်သော အချက်အလက်များကို မြန်မာနိုင်ငံ၊ တွင်းထွက် သယံဇာတ တူးဖော်ထုတ်လုပ်သည့်လုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး( MEITI) ၏ ၂၀၁၄-၁၅၊ ၂၀၁၅-၁၆ နှစ်စဉ်အစီရင်ခံစာမှ ကိုးကားဖော်ပြထားခြင်း ဖြစ်သည်ဟု သိရသည်။

"အစိုးရမှာ လည်း အခက်အခဲတွေများလိမ့်ပါမယ်။ ကျွန်တေ်ာတို့အမြင်ကတော့ အရေးကြီးတဲ့ဆုံးဖြတ်ချက်က ပွင့်လင်းမြင်သာမှုပါ။ ဒီအချက်အလက်တွေက ဘာကြောင့်ထွက်လာတာလဲဆိုရင်  EITI လုပ်ငန်းစဉ်က ထွက်တာပါ။ ဒီ အချက်အလက်တွေအားလုံး မှန်တယ်ပေါ့ ၊ ကျွန်တော်တို့ အာမ မခံရဲပါဘူး ၊ အားလုံး မှန်တယ်လို့ အာမ မခံရဲပါဘူး၊ အားလုံးပါ မပါ ကျွန်တော်တို့မသိပါဘူး။ ကျန်ရင်လည်း ကျန်နေဦးမှာပါ။ အခြေခံအုတ်မြစ်ကတော့ ပွင့်လင်းမြင်သာမှုနဲ့ သတင်းအချက်အလက်ရရှိပိုင်ခွင့်ပဲ။ အဲဒီဟာရှိရင် ပြည်သူ၊ မီဒီယာ ၊ လွှတ်တော်အားလုံးက ကိုယ့်ကဏ္ဍအလိုက် ကိုယ်ကြည့်ပြီး ဝေဖန်ထောက်ပြရင် ပိုမြန်ပါလိမ့်မယ်။ အခုက သိခွင့်ကိုမရှိတော့ ဘာမေးရမှန်းမသိတော့ဘူး " ဟု MATA မှ National Coordinator ဦးရဲလင်းမြင့်က တိုက်တွန်းပြောဆိုသည်။

ယင်း အစီရင်ခံစာ စာအုပ်တွင် သယံဇာတဆိုင်ရာလုပ်ငန်းများနှင့် အစိုးရလုပ်ငန်းများ၏ ပါဝင်ပတ်သက်နေမှု တို့ကို ပွင့်လင်းမြင်သာမှုရှိရေး ဖော်ပြထားခြင်း ဖြစ်သည်။ ထို့ပြင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များအတွက် အကြံပြုထားပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍ၊ ကျောက်မျက်တူးဖော်ခြင်းကဏ္ဍများ ပါဝင်နေသည်။

အရှုံးပေါ်နေသော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများမှ ၂၀၁၈ - ၁၉ ဘဏ္ဍာနှစ်တွင် ဖြည့်စွက်ဘဏ္ဍာငွေ တောင်းခံခဲ့ကြပြီး ကျပ်ငွေ ၁၄၃၂.၃၈၂ ဘီလျံ( ကန်ဒေါ်လာ ၁ ဘီလျံ) အထိ တောင်းခံခဲ့ခြင်းဖြစ်ကာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ စိစစ်ပူးပေါင်းရေးအဖွဲ့ ၂၀ က စီစစ်ပြီး ပြည်ထောင်စုလွှတ်တော်မှာ မေလ နောက်ဆုံးပတ်က တင်ပြ တောင်းခံထားကြသေးသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၂ ခုနှစ်ကတည်းက EITI (သဘာဝသယံဇာတအရင်းအမြစ်များအား ပွင့်လင်းပြီး တာဝန်ခံမှုရှိစွာ စီမံခွန့်ခွဲနိုင်ရေး) အဖွဲ့ဝင်နိုင်ငံအဖြစ် စတင်လျှောက်ထားခဲ့ပြီး ၂၀၁၄ ခုနှစ် ဇူလိုင် ၂ ရက်တွင် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာသည်။

EITI လုပ်ငန်းစဉ်သဘောသည် နိုင်ငံ၏ သယံဇာတများကို ထုတ်ယူသောကုမ္ပဏီများထံမှ နိုင်ငံတော်အစိုးရက အခွန်ဘဏ္ဍာ မည်မျှရရှိသည်ကို သိရှိနိုင်စေရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်း ဖြစ်သည်။

အစိုးရ၊ ကုမ္ပဏီ၊ အရပ်ဖက်အဖွဲ့များ သုံးပွင့်ဆိုင်ပါဝင်သော EITI လုပ်ငန်းစဉ်တွင် MATA သည် အရပ်ဖက် အဖွဲ့အစည်းအနေဖြင့် ပါဝင်နေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly