မော်ချီး မြေပြို ရွှေ့ပြောင်း ဒုက္ခသည်များကို မူရင်း နေရပ်ပြန်ပို့ရန် ပြည်နယ်အစိုးရစီစဉ်

မော်ချီး မြေပြို ရွှေ့ပြောင်း ဒုက္ခသည်များကို မူရင်း နေရပ်ပြန်ပို့ရန် ပြည်နယ်အစိုးရစီစဉ်

မော်ချီးဒေသ မြေပြိုရာမှ သဘာ၀ ဘေးကြုံနေကြသော ဒုက္ခသည် ၅၀၀ ကျော်ကို နေရပ် ဒေသအသီးသီးသို့ ပြန်ပို့ရန် ပြည်နယ်အစိုးရမှ စီစဉ်ပေးနေသည်ဟု လွိုင်ကော်မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေကပြောသည်။
 

“ဒီဒုက္ခသည်တွေက ဒီမြို့ပေါ်တွေရော အခြားဒေသကရော ပြန်သွားတာတွေ ရှိတာပေ့ါနော်။ ကျန်နေသေးတဲ့ သူတွေက မနက်ဖြန်ကို သူတို့ ပြန်မယ့်နေရာဒေသကို ပြည်နယ် အစိုးရရဲ့အစီအစဉ်နဲ့ ဒီမှာရှိတဲ့ မော်တော်ယာဉ်တွေနဲ့ သူတို့ အိမ်တိုင်ရာရောက်အောင် ပို့ပေးမှာပေ့ါနော်။ လမ်းမှာသူတို့သုံးဖို့၊ စွဲဖို့နဲ့ ထမင်းဖိုးပေ့ါ ဒီကထောက်ပံ့ ပေးသွားမယ်။ လောလောဆယ် ဒီမှာတော့ ရောက်ရှိလာတဲ့ ဒုက္ခသည်တွေအားလုံးကို နေရာထိုင်ခင်း လုပ်ပေးတယ်။ စားဖို့အတွက်လည်း အကုန်လုံး ကူညီဆောင်ရွက်ပေးတယ်” ဟု ဦးအောင်ဆွေကပြောသည်။

မော်ချီးတွင် ဆက်လက်နေထိုင်ရန် အန္တာရာယ်ရှိနေသည့် နေရာမှ ထွက်ပြေးလာကြ သူများကို  လွိုင်ကော်မြို့ သာသနာ့ ဗိမာန်တော်ကြီးတွင် ယာယီ ကယ်ဆယ်ရေးစခန်း နေရာချထား ပေးသည်ဟု သိရသည်။

လွိုင်ကော် သာသနာ့ ဗိမာန်တွင် ပြင်ဆင်ပေးထားသော မော်ချီး သဘာဝဘေး ယာယီ ကယ်ဆယ်ရေး စခန်းသည် ရပ်ဝေးသူများအတွက် ဦးစားပေး ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး နေရာ ထိုင်ခင်းများကိုလည်းကောင်း၊ စားဝတ်နေရေး အတွက်သော်လည်းကောင်း ပြင်ဆင်ပေးနေသည်။

“အန်တီက ကျောက်ပန်းတောင်းမှာ နေတယ်။ မော်ချီးကို အလုပ် လာလုပ်တာ (၅)နှစ် ရှိသွားပြီပေ့ါ။ အခုတော့ ဒုက္ခအကြီးအကျယ် ရောက်ပြီပေ့ါ။ ဘာလို့လဲဆိုတော့ ကျောက်ပန်းတောင်းကနေ မိသားစု တစ်စုလုံး ဒီကိုပြောင်းလာကြတယ်။ အခုက ကျောက်ပန်းတောင်းကို ပြန်ရမယ်ဆိုတော့ ။ အဲမှာ အိမ်၊ ခြံဆိုလည်း မရှိတော့ဘူးလေ။ အခုက လုပ်တဲ့အလုပ်ကလည်း လုပ်အားခ မရခဲ့ဘူးလေ။ လူတောင်မှ မနည်းလွတ်အောင် ပြေးရတယ်ဆိုတော့” ဟု ကျောက်ပန်းတောင်းမှ မော်ချီးသို့ အလုပ်လာလုပ်သော အသက်(၅၀)ကျော် အမျိုးသမီးတစ်ဦးက ပြောသည်။

သာသနာ့ဗိမာန်ရှိ ယာယီ ကယ်ဆယ်ရေးစခန်းတွင် ရောက်ရှိလာကြသော ဒုက္ခသည်များသည် လွိုင်ကော်မြို့ပေါ်မှ (၅၀)ဦးရှိ၊  အခြားမြို့နယ်များ ဖြစ်သော ကျောက်ပန်းတောင်း၊ တောင်ငူ၊ မိတ္ထီလာ၊ နေပြည်တော်၊ ညောင်လေးပင်၊ လယ်ဝေး၊ ရန်ကုန်၊ တောင်ကြီးနှင့် ပုသိမ် စသည့် မြို့နယ်မှ ဖြစ်ကြသည်။

ရောက်ရှိလာသော ဒုက္ခသည် အချို့မှာ ထိခိုက်ဒဏ်ရာ ရရှိပြီး၊ အချို့မှာလည်း တုပ်ကွေး၊ ငှက်ဖျား စသည့်ရောဂါများ စစ်ဆေးတွေ့ရှိကြောင်း ယာယီ ကယ်ဆယ်ရေးစခန်းမှ ဆေးစစ်၊ ဆေးကုပေးနေသော ကျန်းမာရေးအဖွဲ့မှ ကျန်းမာရေး လုပ်သားတစ်ဦးက ပြောသည်။

၎င်းယာယီကယ်ဆယ်ရေးစခန်းသည် အောက်တိုဘာလ(၁၃)ရက်နေ့တွင် စတင် ဖွင့်လျက်ရှိပြီး ရောက်ရှိလာသော ဒုက္ခသည်များ မိမိနေရပ်သို့ ပြန်နိုင်သည့်အထိ ကယ်ဆယ်ရေးစခန်းထားရှိမည်ဖြစ်ကြောင်းသိရပါသည်။

ယာယီကယ်ဆယ်ရေးစခန်းတွင် ဒုက္ခသည်များအတွက် လိုအပ်နေသော စားဝတ်နေရေးကို ပြည်နယ် အစိုးရအဖွဲ့နှင့် မြို့နယ် သဘာဝဘေး အန္တာရာယ်ကာကွယ်ရေး အဖွဲ့၊ အခြားမြို့ကြီးများမှ အလှူရှင်များ၊ ဝေဋ္ဌုကျော် ဖောင်ဒေးရှင်းအဖွဲ့၊ NGOs အဖွဲ့အစည်းများ၊ ကန္ဒရဝတီ ဖောင်ဒေးရှင်းအဖွဲ့နှင့် လူမှု အသင်းအဖွဲ့များ စသဖြင့် လာရောက် ကူညီလှူဒါန်း နေကြသည်။

“တတ်နိုင်တဲ့ဘက်က ကိုယ်က ငွေအားနဲ့ မကူညီနိုင်တာတောင် ခွန်အားတစ်ခုနဲ့ ကူညီချင်လို့ ဒီမှာ တတ်နိုင်သမျ လုပ်တာပါ။” ဟု ကန္ဒရဝတီအခြေစိုက် ပရဟိတ အဖွဲ့ဝင် တစ်ဦးဖြစ်သော မဟေမာန်က ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly