အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်း လျှော့ချ

အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်း လျှော့ချ

၀ါရှင်တန်၊ စက်တင်ဘာ ၁၉ ။          ။ အမေရိကန်- တရုတ် ကုန်သွယ်မှုစစ်ရဲ့ ကမ္ဘာ့စီးပွားရေးအပေါ် ဖိစီးမှုနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ ကြီးထွားနေချိန်မှာ အမေရိကန်ဗဟိုဘဏ်ဟာ အတိုးနှုန်းကို ရည်မှန်းမှတ် ၁ ဒသမ ၇၅ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်း ထားနိုင်အောင် လေးပုံတစ်ပုံမှတ် ဗုဒ္ဓဟူးနေ့က လျှော့ချခဲ့ပါတယ်။

ဗဟိုဘဏ်အနေနဲ့ ၂၀၀၈ စီးပွားရေးကပ်နောက်ပိုင်း ပထမဆုံးအဖြစ် ဗဟိုဘဏ် အတိုးနှုန်းကို ဇူလိုင်လနှောင်းပိုင်းက လေးပုံတစ်ပုံ လျှော့ချထားတာ ဖြစ်ပါတယ်။

အခု အတိုးနှုန်း လျှော့ချမှုဟာ ဗဟိုဘဏ် မူဝါဒချမှတ်ရေးအဖွဲ့ဖြစ်တဲ့ ဗဟိုဘဏ်အဖွင့်စျေးကွက်ကော်မတီ FOMC ရဲ့ ဆုံးဖြတ်ချက်ဖြစ်ပေမယ့် မူဝါဒချမှတ်သူတွေကြား သဘောထားကွဲလွဲမှုတွေ ရှိခဲ့ပါတယ်။

ခုလို အတိုးနှုန်း လျှော့ချဖို့ကို FOMC အဖွဲ့ဝင် ခုနစ်ဦးက ထောက်ခံပေမယ့် နှစ်ဦးကတော့ အတိုးနှုန်းကို မပြောင်းလဲဘဲ ထားရန် သဘောထားပေးပြီး တစ်ဦးကတော့ နှစ်ပုံတစ်ပုံမှတ်အထိ ပိုမိုလျှော့ချရန် မဲပေးခဲ့တာ ဖြစ်ပါတယ်။

“အလုပ်သမားစျေးကွက်သည် အားကောင်းနေဆဲဖြစ်ပြီး စီးပွားရေး တက်ရိပ်များက ပုံမှန်နှုန်းဖြင့် သွားနေကြောင်း” ဗဟိုဘဏ်က ထုတ်ပြန်သည်။

“သို့သော် တစ်ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးရေး သက်ရောက်မှုများနှင့် ငွေကြေးဖောင်းပွမှု ဖိအား နည်းပါးခြင်းတို့ကြောင့် အတိုးနှုန်း လျှော့ချရန် ဆုံးဖြတ်ကြောင်း” အဆိုပါ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly