ဟိန္ဒူလူမျိုးများကို ARSA အဖွဲ့မှ သတ်ဖြတ်ခဲ့မှုအတွက်ဆိုသော နှစ် နှစ်ပြည့် ဆုတောင်းပွဲပြုလုပ်

ဟိန္ဒူလူမျိုးများကို ARSA အဖွဲ့မှ သတ်ဖြတ်ခဲ့မှုအတွက်ဆိုသော နှစ် နှစ်ပြည့် ဆုတောင်းပွဲပြုလုပ်
ဓာတျပုံ-သူရ/မဇ္ဈိမ

ရန်ကုန်၊ စက်တင်ဘာ ၁၈ ။         ။ ဟိန္ဒူလူမျိုးများကို ARSA အကြမ်းဖက်အဖွဲ့မှ သတ်ဖြတ်ခဲ့မှုနှင့်ပတ်သက်ပြီး လူအများ သိရှိနိုင်စေရန် နှစ် နှစ်ပြည့် ဆုတောင်းပွဲတစ်ရပ်ကို ရခိုင်ပြည်နယ်၊ ဟိန္ဒူကူညီထောက်ပံ့ရေးအဖွဲ့မှ ဦးဆောင် ပြုလုပ်ခဲ့သည်။

ယင်းဆုတောင်းပွဲကို စက်တင်ဘာလ ၁၈ ရက်၊ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ Park Royal Hotel ၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

"နောက် နှစ်စဉ်နှစ်တိုင်း သူတို့တွေကို မမေ့သွားဖို့ အမြဲတမ်း အမှတ်ရနေစေဖို့ ရည်ရွယ်ချက်လေးတွေလည်း ပါ ပါတယ်။ နှစ်စဉ်နှစ်တိုင်း ရည်ရွယ်ထားပါတယ်။ အခုလိုလုပ်တယ် ဆိုတာကလည်း ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ရက်မှာ ဖြစ်ခဲ့တဲ့၊ မောင်တောမှာဖြစ်ခဲ့တဲ့အကြမ်းဖက်မှုမှ ဟိန္ဒူလူမျိုးတွေဟာ ARSA အကြမ်းဖက်တွေရဲ့ ညှဉ်းပန်းသတ်ဖြတ်ခြင်းကို ခံခဲ့ရတယ်ဆိုတာကို အားလုံးကို သိစေချင်တယ်။ အားလုံးကိုလည်း အမှတ်ရစေချင်တယ်။ အမှန်တရားကနေ တရားမျှတမှု ရစေချင်တယ်။ အခုထိ အမှန်တရားကနေ တရားမျှတမှု မရသေးဘူး။ နိုင်ငံတကာအဖွဲ့စည်းတွေနဲ့ နိုင်ငံတကာ မီဒီယာတွေရဲ့ ကျွန်တော်တို့ အပေါ်ထားတဲ့ ဂရုဏာကိုလည်း အခုချိန်ထိ မရသေးပါဘူး”ဟု  ရခိုင်ပြည်နယ် ကူညီထောက်ပံ့ရေးအဖွဲ့ တာဝန်ခံ ဦးရာဂူးနေမြင့်က ပြောဆိုသည်။

အဆိုပါ နှစ် နှစ်ပြည့်ဆုတောင်းပွဲ အခမ်းအနားတွင် ARSA အကြမ်းဖက်သူများ၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရသော ဒေသခံအမျိုးသမီးများ ၊ ကလေးများနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံသို့ အတင်းအကြပ် ခြိမ်းခြောက် ခေါ်ဆောင်ခံရပြီး မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာခဲ့ကြသည့် ဒေသခံအမျိုးသမီးများ ၊ နိုင်ငံတကာ သံရုံးများမှ တာဝန်ရှိသူများ ၊ အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြပြီး အလှူငွေ လှူဒါန်းခြင်းများလည်း ပြုလုပ်ခဲ့သည်။

"ရက်စက်စွာ လူမျိုးတုံးသတ်ဖြတ်ခြင်းကို ဟိန္ဒူလူမျိုးများမှာ ဖြစ်ရခြင်းကို ကျွန်တော်အပါအဝင် ဟိန္ဒူလူမျိုးများစွာ စိတ်မကောင်း ဖြစ်ရပါတယ်။အဲဒီဖြစ်စဉ်ကြောင့် အတိတ်က အရိပ်အမဲကြီးဟာ ဟိန္ဒူတွေအတွက် မတွေးရဲစရာ အဖြစ်နဲ့ ကျန်ရစ်ခဲ့ပါတယ်။ ဒီလိုအဖြစ်မျိုးကို နောက်မဖြစ်ရအောင် လူသားတွေဟာ မေတ္တာတရားပေါ်အခြေခံခြင်း၊ အမုန်းစကားကိုရှောင်ကြဉ်ခြင်း ၊ ဘာသာအပေါ် အခြေမခံဘဲ လူသားဖြစ်တည်မှုအပေါ် အခြေခံခြင်းတို့ ရှိကြမှသာလျှင် ဖြစ်ပွားတဲ့ လူလူချင်းသတ်ဖြတ်ခြင်း ကင်းဝေးသွားမှာ ဖြစ်ပါတယ် " ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟို အဖွဲ့ချုပ် မှ ဥက္ကဋ္ဌ ဖြစ်သူ ဦးနန္ဒက ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလအတွင်းက အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံထားရသော ဟိန္ဒူ ဘာသာဝင် ရုပ်အလောင်း ၅၀ ကျော်ကို ခမောင်းဆိပ်ကျေးရွာအုပ်စုအနီး ရှာဖွေတွေ့ရှိခဲ့ပြီး သေဆုံးသူများသည် ဟိန္ဒူဘာသာဝင်များဟု အတည်ပြုထားကြသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံဘက် IDP စခန်းတွင် နေထိုင်နေရသည့် အိမ်ထောင်စု ၂၉၃ စုကို CB Bank မှ အိမ်ရာများ ဆောက်လုပ်လှူဒါန်းထားပြီး အိန္ဒိယအစိုးရမှ အိမ်ရာ ၁၄၈ လုံးကို ဆောက်လုပ် လှူဒါန်းခဲ့သော်လည်း အိမ်ထောင်စု ၁၀၀ ဝန်းကျင်အတွက် နေအိမ်များ လိုအပ်လျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags