မန္တလေးတိုင်းဝန်ကြီးချုပ်ကို ဂုဏ်သိက္ခာညှိုးနွမ်းအောင် ပြုလုပ်သူနှစ်ဦးအား အမှုဖွင့်

မန္တလေးတိုင်းဝန်ကြီးချုပ်ကို ဂုဏ်သိက္ခာညှိုးနွမ်းအောင် ပြုလုပ်သူနှစ်ဦးအား အမှုဖွင့်
(ဓာတ်ပုံ-ကိုကိုအောင်/မဇ္ဈိမ)

မန္တလေး၊ စက်တင်ဘာ ၁၈ ။        ။ မန္တလေးတိုင်း ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကို ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် ပုံနှင့်စာများ တင်ခဲ့ သည့် WE LOVE DAUK ZAW GROUPမှ အကောင့်ပိုင်ရှင် နှစ်ဦးကို ပုဒ်မ ၆၆(ဃ)ဖြင့် အရေးယူ ပေးရန် ချမ်းမြသာစည်မြို့နယ် အမှတ် ၁၁ နယ်မြေရဲစခန်း၌ အမှုဖွင့်ထားကြောင်း သိရသည်။

ထိုသို့ အမှုတိုင်ကြားထားခြင်းနှင့်ပတ်သက်၍ ညနေ ၄ နာရီတွင် မဇ္ဈိမက ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်ဝင်းနိုင်ကို ဆက်သွယ်မေးမြန်းရာ အတည်ပြုပြောကြားခြင်းမရှိခဲ့ပေ။

WE LOVE DAUK ZAW GROUP တွင် ဒေါက်တာဇော်မြင့်မောင်၏ ပုံများကို အသုံးပြု၍ ပြည်သူ လူထု အထင်အမြင်လွဲမှားစေရန် စာသားများရေးခဲ့ပြီး ပို့စ်တင်ခြင်းကြောင့် ၎င်း GROUP မှအကောင့်ပိုင်ရှင် နှစ်ဦးကို NLD ပါတီဝင်တစ်ဦးက ၆၆ (ဃ)ဖြင့် အရေးပေးရန် အမှတ် ၁၁ နယ်မြေ ရဲစခန်းတွင် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

"ကျွန်တော်ပွင့်ပွင့်လင်းလင်းပြောရရင် တစ်ခုမှမဖတ်ဘူး။Love ဆိုတဲ့ဟာသုံးပြီးတော့ လုပ်ချင်ရာ လုပ်လို့မရဘူး။ကျွန်တော့်မှာ လွတ်လပ်စွာ နေထိုင်ပိုင်ခွင့်ရှိတယ်။လွတ်လပ်စွာ ဖော်ထုတ်ပိုင်ခွင့်လည်း ရှိတယ်။ဒီကိစ္စက ပုဂ္ဂိုလ်ရေးဆန်တယ်။ကျွန်တော်မဖြေဘူး။"ဟု အမှုဖွင့်အရေးယူမှုနှင့်ပတ်သက်၍ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

လူမှုကွန်ယက်စာမျက်နှာတွင် ယခုရက်ပိုင်းအတွင်း အလားတူ မန္တလေးတိုင်း ဝန်ကြီးချုပ် အပါအဝင် ရန်ကုန်တိုင်း ဝန်ကြီးချုပ်နှင့် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်တို့၏ WE LOVE GROUP များ ရက်ပိုင်းအတွင်း ပေါ်ထွက်ခဲ့သည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly