သွားလာရခက်ခဲသော ကျောင်းသူ၊ ကျောင်းသားများအတွက် စက်ဘီး အစီးရေတစ်ထောင် ပေးအပ်လှူဒါန်း

သွားလာရခက်ခဲသော ကျောင်းသူ၊ ကျောင်းသားများအတွက် စက်ဘီး အစီးရေတစ်ထောင် ပေးအပ်လှူဒါန်း
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

ထားဝယ်၊ စတင်ဘာ (၁၈) ။           ။ တနင်္သာရီတိုင်းဒေသကြီး မြို့နယ်(၁၀)ခုရှိ အစိုးရစာသင်ကျောင်း (၁၅၉)တွင်ပညာသင်ကြားနေပြီး ကျောင်း သွား ကျောင်းပြန် သွားလာရခက်ခဲနေသည့်ကျောင်းသူ၊ကျောင်းသားများအတွက် စက်ဘီးအစီး တစ်ထောင် အား စက်တင်ဘာလ ၁၇ ရက်နေ့က အလှူရှင်များက လာရောက်လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။

“ပညာရေးသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသဖြင့် နိုင်ငံတော် အစိုးရက ပညာရေး မြှင့်တင်မှု လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက် ရှိနေပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်တဲ့နေရာမှာ အစိုးရ တစ်ခုတည်းနဲ့ မပြီး ဘဲ ပြည်သူနှင့်အတူ လူမှုအခြေပြုအဖွဲ့အစည်း (CSO) များရဲ့အခန်းကဏ္ဍသည်လည်း အထူးပဲ အရေးပါ တယ်”ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောသည်။

အဆိုပါ စက်ဘီးများကို အရှေ့တိုင်းပုလဲကုမ္ပဏီလီမိတက်နှင့် Lesswalk Organization တို့မှ ပူးပေါင်း၍ ပေးအပ်လှူဒါန်းခြင်းဖြစ်ပြီး စက်တင်ဘာလ ၁ရရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ မြို့တော် ခန်းမ၌ လှူဒါန်းခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။

“ကျောင်းသား/ သူများအတွက် နေအိမ်နှင့် ကျောင်းသွားလာရေးအထောက်အကူ ဖြစ်စေဖို့နဲ့ ကျောင်းတက်နှုန်း မြင့်မားလာစေရန်၊ ကျောင်းစာအပေါ် ပိုမို အာရုံစိုက်၍ စိတ်အေးချမ်းသာစွာ ပညာသင်ယူနိုင်စေရန် အတွက် ရည်ရွယ်ချက်နဲ့ လှူဒါန်းတာ ဖြစ်ပါတယ်”ဟု အရှေ့တိုင်းပုလဲကုမ္ပဏီလီမိတက်မှ မန်နေဂျင်း ဒါရိုက်တာ ဦးအောင်သူလွင်က ပြောကြားသည်။

စက်ဘီများ လှူဒါန်းခြင်း အခမ်းအနားသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသ ကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ အလှူရှင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly