ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တရားစွဲခံရနိုင်တယ်လို့ အချက်အလက်ရှာဖွေရေးမစ်ရှင်ပြော

By နယူးယော့ခ်တိုင်းမ်
18 September 2019
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တရားစွဲခံရနိုင်တယ်လို့ အချက်အလက်ရှာဖွေရေးမစ်ရှင်ပြော
ဓာတ်ပုံ- Thet AUNG / AFP

ရန်ကုန်၊ စက်တင်ဘာ ၁၈ ။        ။ မြန်မာနိုင်ငံအရပ်သား ခေါင်းဆောင်၊ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘင်္ဂါလီတွေအပေါ် လူသားချင်းစာနာမှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုမှာ ငြိစွန်းပြီး တရားစွဲဆိုခံရနိုင်ဖွယ် ရှိတယ်လို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ရပ်က အင်္ဂါနေ့(စက်တင်ဘာ ၁၇ ရက်)မှာ ပြောပါတယ်။

ဘင်္ဂါလီမွတ်စလင် (မူရင်း ရိုဟင်ဂျာဟု ဖော်ပြ) နဲ့ လူနည်းစုတွေအပေါ် စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုပါ ငြိစွန်းပတ်သက်မှု ရှိတယ်လို့ ထည့်သွင်းစဉ်းစားစရာ ရှိနေကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ရပ်ဖြစ်တဲ့ မြန်မာနိုင်ငံအရေး လွတ်လပ်သော နိုင်ငံတကာ အချက်အလက် ရှာဖွေရေး မစ်ရှင်မှ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။

“စစ်တပ်ရဲ့ ဘင်္ဂါလီမွတ်စလင်တွေအပေါ် လူ့အခွင့်အရေး ဖောက်ဖျက်တဲ့ ကျူးလွန်မှုတွေမှာ ဒေါ်အောင်ဆန်းစုကြည်ကိုပါ ပါဝင်ထည့်သွင်းဖို့က စဉ်းစားစရာ မေးခွန်းအဖြစ် ရှိနေတယ်။”လို့ အဆိုပါ မစ်ရှင်ကို ဦးဆောင်တဲ့ အင်ဒိုနီးရှား ရှေ့နေချုပ်ဟောင်းဖြစ်သူ ဒါရူစမန်းက ပြောပါတယ်။

ဂျီနီဗာက ကုလသမဂ္ဂ ထိပ်တန်း လူ့အခွင့်အရေးကောင်စီထံ အင်္ဂါနေ့က တင်သွင်းတဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာဟာ  ဒေါ်အောင်ဆန်းစုကြည်အတွက် ဂုဏ်မှေးမှိန်စရာ နောက်ထပ် အကြောင်းအရာသစ်တစ်ရပ်ပဲ ဖြစ်ပါတယ်။

အဆိုပါ အစီရင်ခံစာမှာ မြန်မာနိုင်ငံအတွင်း ကျန်ရှိနေတဲ့ ဘင်္ဂါလီ (မူရင်း ရိုဟင်ဂျာဟု ဖော်ပြ) ၆၆၀၀၀၀ ဟာ ဖိနှိပ်မှုတွေအပြင် လူမျိုးတုံးသတ်ဖြတ်မှုအန္တရာယ်တွေနဲ့ပါ ရင်ဆိုင်နေရတယ်လို့ ဖော်ပြထားတာပါ။

“မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှုကို တားဆီးကာကွယ်ရဲ့ ဝတ္တရားကို ပျက်ကွက်နေတယ်။ လူမျိုးတုံး သတ်ဖြတ်မှုကို စုံစမ်းစစ်ဆေးတာ၊ ဥပဒေနဲ့ ထိထိရောက်ရောက် အပြစ်ပေးကိုင်တွယ်တာတွေကို ပျက်ကွက်နေတယ်” လို့ မစ်ရှင်အဖွဲ့ခေါင်းဆောင် ဒါရူစမန်းက အစီရင်ခံစာမှာ ထည့်သွင်းပြောဆိုထားပါတယ်။

“အပြစ်ဒဏ် မပေးခံရတာတွေ ဆက်လက်ဖြစ်နေဆဲပဲ။ ခွဲခြားဆက်ဆံမှုတွေ ဖြစ်နေဆဲ။ အမုန်းစကားတွေ ဆက်လက်ရှိနေဆဲ။ ဖိစီးနှိပ်စက်မှုတွေ ဆက်လက်ရှိနေဆဲပဲ။”လို့ လူ့အခွင့်အရေးကောင်စီထံ ဒါရူစမန်းက မိန့်ခွန်းထဲမှာ ပြောဆိုခဲ့ပါတယ်။

အချက်အလက်ရှာဖွေရေးမစ်ရှင်ရဲ့ အစီရင်ခံစာကို ဘက်တစ်ဖက်တည်းက စွပ်စွဲချက်တွေဖြစ်ပြီး သတင်းမှားတွေကို အခြေခံတယ်ဆိုပြီး မြန်မာနိုင်ငံက အင်္ဂါနေ့က ပယ်ချထားပါတယ်။

အချက်အလက်ရှာဖွေရေး မစ်ရှင်အဖွဲ့ဟာ သမာသမတ်ကျမှု မရှိဘဲ ၎င်းတို့ရဲ့ အစီရင်ခံမှုတွေဟာလည်း ပြည်သူသန်းပေါင်းများစွာ စီးပွားရေး ကျပ်တည်းဒုက္ခ ရောက်စရာ ဖြစ်လိမ့်မယ်လို့ ဂျီနီဗာက ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက စွပ်စွဲခဲ့ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required