တင်ဒါအောင်မြင်သော အခြေခံပညာဦးစီးဌာန၏ တည်ဆောက်ရေးလုပ်ငန်းခွင်တချို့တွင် အင်ဂျင်နီယာ မရှိဖြစ်နေ

တင်ဒါအောင်မြင်သော အခြေခံပညာဦးစီးဌာန၏ တည်ဆောက်ရေးလုပ်ငန်းခွင်တချို့တွင် အင်ဂျင်နီယာ မရှိဖြစ်နေ

နေပြည်တော်၊ စက်တင်ဘာ ၁၇ ။           ။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် တင်ဒါအောင်မြင်ကာ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ပညာရေး ဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအောက်ရှိ တည်ဆောက်ရေးလုပ်ငန်းများ၌  အင်ဂျင်နီယာမရှိသည့် လုပ်ငန်း ခွင်များနေကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းကပြောသည်။

အဆိုပါ ဘဏ္ဍာနှစ်အတွက် တည်ဆောက်ရေးလုပ်ငန်းများ၏ ဆောင်ရွက်မှု အခြေအနေအားလုံးကို ပြည်သူ့ ငွေစာရင်းပူးပေါင်းကော်မတီမှလေ့လာကာ ၊သဘောထားမှတ်ချက်အစီရင်ခံစာကို စက်တင်ဘာ ၁၇ ရက်က ပြည်ထောင်စုလွှတ်တေ်ာ၌ ရှင်းလင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“တချို့ရှိပေမယ့်လည်း  လုပ်ငန်းအတွေ့အကြုံနည်းပါးတဲ့ အင်ဂျင်နီယာတွေဖြစ်နေတာကိုတွေ့ရပါတယ်။ အများစုက လုပ်ငန်းခွင်အများစုမှာ ကျွန်တေ်ာတို့ တွေ့ရတာက လေဘာ ကန်ထရိုက်တွေပါပဲ” ဟု ဦးအောင်မင်းက ပြောသည်။

အဆိုပါ တည်ဆောက်ရေးလုပ်ငန်းများ၌ သဘောတူစာချုပ်များမရှိခြင်း၊  Blueprint(BP), Bill of Quantity(BQ) များမရှိခြင်း၊ Working Drawing လောက်သာ ရှိပြီး Archi Drawing များ၊ Structure Drawing များ MMME Drawing များ၊ အသေးစိတ်တွက်ချက်မှု၊  အရေးကြီးဆုံးအချက်ဖြစ်သည့် Detail Work Plan (လုပ်ငန်းအသေးစိတ်အစီအစဉ်)များ ကို မတွေ့ရှိရကြောင်း အစီရင်ခံစာထဲတွင် ဖော်ပြထားသည်။

“Detail Work Plan မရှိတဲ့ အတွက် ဒီလုပ်ငန်းတွေဟာ ပုံမှန်တိုးတက်မှု ရှိနေရဲ့လား၊ စိစစ်မှုမပြုနိုင်သလို အရည်အသွေးစိစစ်မှု QC( Quality Control) ဆောင်ရွက်မှု လုပ်ငန်းတွေ ဆောင်ရွက်တဲ့ နေရာမှာလည်း တကယ် QC တွေ မဖြစ်မနေစိစစ်ရမယ့် လုပ်ငန်းကို ဘယ်အချိန်ဘယ်ကာလမှာ လုပ်တယ်ဆိုတာကို မသိ ရတဲ့အတွက်လည်း ဒီဟာတွေဟာ ကွာဟချက်တွေဖြစ်ပြီးတော့အရည်အသွေးစိစစ်တဲ့နေရာမှာလည်း အား နည်းချက်တွေ ဖြစ်ပေါ်နေခြင်းပဲဖြစ်ပါတယ်”ဟု ဦးအောင်မင်းကပြောသည်။

မျက်မြင်စစ်ဆေးချက်များအရ ဆောက်လုပ်ရေးသုံး ပစ္စည်းအရည်အသွေးများနှင့် လုပ်ငန်း ဆောင်ရွက်မှု များတွင် အားနည်းချက်များရှိကြောင်း ၄င်းကဆက်ပြောသည်။

ထို့အပြင် လက်ရှိမြေပြင်တွင် ဖြစ်ပျက်နေသည့် ကိစ္စများနှင့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ တွေ့ရှိချက် များသည် နည်းနေသေးကြောင်းနှင့် မြေပြင်တွင် ပိုဆိုးနေကြောင်း ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းသိန်းက မှတ်ချက်ပြုသည်။

“သုံးရမယ့် ပစ္စည်းတွေ မသုံးဘူးပေ့ါဗျာ။ တချို့စံချိန်စံညွှန်းကော၊ အတိုင်းအတာတွေကောပေါ့။ အဲ့တာတွေက ပိုပြီးတော့ လက်လွတ်စံပယ်တွေ လုပ်နေတာတွေ တွေ့ရတယ်။ အဲ့တော့ ဒီQC အဖွဲ့တွေကလည်း ကြားကနေ ပြီးတော့မှ သူတို့ရဲ့စံတစ်ခုပေါ်မှာ မားမားမတ်မတ် ရပ်တည်ရမယ့်နေရာမှာ ဒီလိုညှိနှိုင်းပြီးတေ့ာမှ ဆောင်ရွက်နေတာ လည်းတွေ့ရတယ်” ဟု၄င်းကပြောသည်။

QA( Quality Assurance- အရည်အသွေးအာမခံခြင်း)နှင့် QC(Quality Control-အရည်အသွေးထိန်းသိမ်း ခြင်း) စစ်ဆေးသည့် ကုမ္ပဏီများကို တိကျသည့် တာဝန်နှင့် လုပ်ပိုင်ခွင့်(TOR) များကို သတ်မှတ် ပေးရန် အတွက် ဥပဒေပြဋ္ဌာန်းရန် လိုသေးကြောင်း ဦးအောင်မင်းက လွှတ်တော်ခေတ္တရပ်နားချိန်တွင် မီဒီယာများ ကိုပြောသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ ပထမခြောက်လအတွင်း အခြေခံပညာဦးစီးဌာနအောက်ရှိ တည်ဆောက်ရေးလုပ်ငန်း များတွင် ဘက်ဂျက်ခွင့်ပြုချက်အရ လုပ်ငန်းရပ် ၄ရဝဝကျော်အနက် တင်ဒါခေါ်ယူပြီးသည့် လုပ်ငန်းပေါင်း ၄၄၀၀ ကျော်ရှိကြောင်း သိရသည်။

သို့သော် အမှန်တကယ်လုပ်ငန်းဆောင်ရွက်နိုင်သည့် လုပ်ငန်းအရေအတွက်မှာ ၁၅ဝဝကျော်သာရှိပြီး လုပ်ငန်း လုံးဝ မစတင်ရသေးသည့် လုပ်ငန်းပေါင်း ၂၈ဝဝကျော်ကျန်ရှိနေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly