ရန်ကုန်မြို့အတွင်းရှိ ဘာသာရေးဆိုင်ရာနေရာများသို့ တပ်ချုပ် သွားရောက်လှူဒါန်း

ရန်ကုန်မြို့အတွင်းရှိ ဘာသာရေးဆိုင်ရာနေရာများသို့ တပ်ချုပ် သွားရောက်လှူဒါန်း
ဓာတ္ပံု - Sai Aung MAIN / AFP

စက်တင်ဘာ၊ ၁၇ ။           ။ ရန်ကုန်မြို့အတွင်းရှိ ဘာသာရေးဆိုင်ရာနေရာများဖြစ်သည့် ညောင်တုန်းဘုန်းကြီးကျောင်းတိုက်၊ အိန္ဒိယ ဧက္ကရာဇ် ဇဘာရှား ဂူဗိမာန် ၊ ဘားလမ်းမွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံ ၊ဟိန္ဒူဘုရားကျောင်းနှင့်ကက်သလစ် သီလရှင်လေးများဘိုးဘွားရိပ်သာတို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စက်တင်ဘာ ၁၇ ရက်က သွားရောက်လှူဒါန်းခဲ့သည်။

တပ်မတော် ( ကြည်း၊ ရေ၊ လေ) မိသားစုဝင်များက လှူဒါန်းသည့် ကျပ်သိန်း ၃၀ နှင့် အခြားအလှူရှင်များက လှူဒါန်းသည့် လှူဒါန်းငွေ စုစုပေါင်း ကျပ် ၇၇ သိန်းနှင့် အစားအသောက်များကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ - သူရ/မဇ္ဈိမ

"ငွေလည်း လှူဒါန်းသွားတယ်။ ပစ္စည်းတွေလည်း လှူသွားပါတယ်။ ဒီ လှူဒါန်းတဲ့အတွက် ဟိန္ဒူမိသားစုတွေ အားလုံးက တပ်မတော် ၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တကွ  အလှူရှင် တပ်မတော် အရာရှိကြီးများ ၊ လှူဒါန်းတဲ့ပြည်သူများ အားလုံးကို ကျေးဇူးတင်ပါတယ်။  မိန့်ခွန်းထဲမှာက ပြည်သူ၊ ပြည်သား တွေပေါ်မှ တစည်းတလုံးတည်း ရှိတယ် ၊ ဒီလှူဒါန်းတာကလည်း နဂိုကလည်း လှူဒါန်းခဲ့တယ်။ အခုလည်း ပြန် လှူဒါန်းတယ်လို့ တပ်ချုပ်ကြီး မိန့်ခွန်းပြောတဲ့အထဲမှာ အဲဒီလိုပြောသွားတယ်" ဟု ဦးအောင်သွင်( ဒုဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်)က ပြောသည်။

ထို့ပြင် ယနေ့ စက်တင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိ သျှရီသျှရီစန္ဒီမယ်တော်ဘုရားကျောင်းသို့ သွားရောက်ခဲ့ပြီး တပ်ချုပ်က ဘုရားကျောင်းအတွင်း လှည့်လည်ကြည့်ရှုခဲ့သည် ကို တွေ့ရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်နေ့၊ နံနက်ပိုင်းက မန္တလေးမြို့၊ မစိုးရိမ်တိုက်ဟောင်း ၊ ဖာသာလဖုန်း ခရစ်ယာန်ကျောင်းတို့ကို လှူဒါန်းခဲ့ပြီး ဂျွန်းဗလီအခြေခံဘာသာရေးကျောင်းကို ငွေကျပ် သိန်း ၃၀ ၊ ဆန်အိတ် ၃၀ နှင့်အစားအသောက်များကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လှူဒါန်းခဲ့သေးသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘာသာရေးဆိုင်ရာနေရာများသို့ သွားရောက်ပြီး လှူဒါန်းမှုသည် စက်တင်ဘာလအတွင်း ဒုတိယအကြိမ် ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required