ယခုဘဏ္ဍာနှစ် ကုန်သွယ်မှုပမာဏ ကန်ဒေါ် ၆၀၀ နီးပါး လျှော့ကျခဲ့

ယခုဘဏ္ဍာနှစ် ကုန်သွယ်မှုပမာဏ ကန်ဒေါ် ၆၀၀ နီးပါး လျှော့ကျခဲ့
Photo - EPA

ရန်ကုန်။ စက်တင်ဘာ ၁၇ ။         ။ လက်ရှိဘဏ္ဍာနှစ်ပြည့်မှီရန်  တစ်လနီးပါးအလိုတွင် စုစုပေါင်း ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၃၂ ဘီလီယံ ကျော်သာရရှိထားပြီး၊ ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၆၀၀ နီးပါးလျော့ကျရရှိခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် စာရင်းများအရ သိရ သည်။

၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်၊အောက်တိုဘာတစ်ရက်နေ့မှ စက်တင်ဘာ ၆ရက်နေ့အထိ ပြည်ပနိုင်ငံများနှင့် ကုန် သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၂ ဒသမ ၅၉၁ ဘီလီယံကျော်သာရရှိ ခဲ့ပြီး၊ ယခင်နှစ် ကာလတူတွင် အမေရိကန်ဒေါ်လာ ၃၃ဒသမ ၁၇၃ ဘီလီယံကျော်အထိရရှိထားသည်။

သို့ရာတွင် ယခုဘဏ္ဍာနှစ် ၁၁လကျော်ကာလအတွင်း  ယခင်နှစ်ကာလတူထက်  ပြည်ပကုန်သွယ်မှု  ပမာဏ အမေရိကန် သန်း၆ဝဝနီးပါး လျှော့ကျခဲ့ခြင်း ဖြစ်သည်။

“ အဓိက သွင်းကုန်ကပိုလျော့ကျသွားတာပါ။ သွင်းကုန်က ၁ဒသမ၂ ဘီလီယံလောက် လျော့ ကျသွားတယ်။ ပို့ကုန်မှာက သန်း၆ဝဝလောက်တိုးလာပါတယ်။ ဒါပေမဲ့တစ်ဖက်ကကြည့်ရင်တော့ ကုန်သွယ်မှုပမာဏကို သိသိ သာသာ လျော့ကျသွားတယ်ဆိုတဲ့ အနေအထားကို တွေ့ရတာပေါ့” စီး ပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ဆိုသည်။

လက်ရှိဘဏ္ဍာနှစ်တွင် ပို့ကုန်တင်ပို့မှု မှာ အမေရိကန်ဒေါ်လာ ၁၅ဒသမ၆ ဘီလီယံ ကျော် ရရှိခဲ့ပြီး၊ ယခင်နှစ် ကာလတူထက် အမေရိကန်ဒေါ်လာ သန်း ၆ဝဝကျော်ပိုမိုရရှိထားသည်။ပြည်ပမှ တင်သွင်းထားသည့် ပမာဏမှာ အမေရိကန်ဒေါ်လာ  ၁၆ ဒသမ ၈၉၆ဘီလီယံကျော် ရရှိခဲ့ပြီး၊ ယခင်နှစ်ကာလတူထက်   အမေ ရိကန်ဒေါ်လာ  ၁၂၄၂သန်းကျော် အထိတင်သွင်းမှုလျော့ကျခဲ့ခြင်း ဖြစ်သည်။

သွင်းကုန်ပိုင်းတွင် မော်တော်ယာဉ် နှင့် မော်တော်ယဉ်ပစ္စည်း၊ သင်္ဘောနှင့်သင်္ဘောထွက် ပစ္စည်း၊ ရေနံထွက် ပစ္စည်းစသည့်ကဏ္ဍတို့မှာ အဓိကလျော့ကျခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ပို့ကုန်ပိုင်းတွင် ကျောက်စိမ်းတင်ပို့မှု၊ တရုတ်နို်င်ငံ၏မှုဝါဒ အပြောင်းအလဲကြောင့် နယ်စပ်မှ ဆန်တင်ပို့မှု စသည်တို့တွင် အဓိကလျော့ကျသွားခဲ့ခြင်းဖြစ်ကြောင်းသိရပြီး၊ CMP ကဏ္ဍ ၊လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှု၊  ရေထွက်ပစ္စည်းတင်ပို့မှုတို့တွင် အဓိကတိုးတက်လာခဲ့ကြောင်း သိရသည်။

လက်ရှိ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့တင်ပို့ထားသည့် ပို့ကုန်ပမာဏ နှင့် တင်သွင်းသည့် သွင်းကုန်ပမာဏကို နှိုင်းယှဉ်ကြည့်ပါက သွင်းကုန်တင်သွင်းမှုသည် ပို့ကုန်တင်ပို့တင်ပို့မှုထက် အမေရိကန်ဒေါ်လာ၁ဒသမ၂ ဘီလီယံ ပိုမိုများပြားနေသည်ကို ဖော်ပြထားသည်။ပြီးခဲ့သည့် ဘဏ္ဍာနှစ် ကာလတူတွင် ကုန်သွယ်မှုလိုငွေ ၃ ဘီလီယံ အထိရှိခဲ့ရာ ၁ဒသမ၈ ဘီလီယံခန့်လျော့ကျသွားခြင်း ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly