‘ကြီးကျယ်တဲ့ အသင်းမှာရှိနေတဲ့ ၈ နှစ်လုံး အရမ်းကို ပျော်မွေ့စရာကောင်းခဲ့ပါတယ်’ - ဂိုးသမားတွေထဲမှာ လုပ်ခအများဆုံးရ ဒီဂီယာ

‘ကြီးကျယ်တဲ့ အသင်းမှာရှိနေတဲ့ ၈ နှစ်လုံး အရမ်းကို ပျော်မွေ့စရာကောင်းခဲ့ပါတယ်’ - ဂိုးသမားတွေထဲမှာ လုပ်ခအများဆုံးရ ဒီဂီယာ
Photos: Man Utd

ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလတစ်ခုလုံး အနာဂတ်မရေရာဖြစ်ခဲ့တဲ့ စပိန်ဂိုးသမား ဒီဂီယာဟာ မန်ချက်စတာယူနိုက်တက်နဲ့ ကာလရှည်စာချုပ်သစ်ကို ချုပ်ဆိုခဲ့တယ်လို့ ပရီးမီးယားလိဂ်ကလပ်က တနင်္လာနေ့က ကြေညာခဲ့ပါတယ်။

ဒီဂီယာဟာ ယူနိုက်တက်အသင်းနဲ့ တစ်ပတ်လုပ်ခ ပေါင် (၃၇၅,၀၀၀) တန် (၄)နှစ်စာချုပ်သက်တမ်းတိုးချုပ်ဆိုခဲ့တာပါ။ ဒါ့အပြင် စာချုပ်သစ်ထဲမှာ နောက်ထပ်တစ်နှစ်သက်တမ်းတိုးနိုင်တဲ့အချက်ကို ထည့်သွင်းချုပ်ဆိုခဲ့တယ်လို့လည်း သိရပါတယ်။

ဒီဂီယာအနေနဲ့ ၂၀၁၁ ခုနှစ်က နည်းပြဟောင်း အဲလက်စ်ဖာဂူဆန်ရဲ့ ခေါ်ယူမှုဖြင့် အက်သလက်တီကိုမက်ဒရစ်ကနေ ထိုစဉ်က ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၁၈.၉)သန်းနဲ့ ယူနိုက်တက်ကို ရောက်ရှိခဲ့ပြီး အသက် (၁၈)နှစ်အရွယ်မှ အခုချိန်အထိ ကလပ်အသင်းအတွက် (၃၆၂)ပွဲ ကစားပေးထားပါတယ်။

"ကြီးကျယ်တဲ့ အသင်းမှာရှိနေတဲ့ ၈ နှစ်လုံး အရမ်းကို ပျော်မွေ့စရာကောင်းခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်မှာ ကျနော့်ကစားသမားဘဝ ဆက်လက်ရှိနေမယ့် အခွင့်အရေးဆိုတာ တကယ့်ဂုဏ်ယူစရာပါ။"လို့ ဂိုးသမား ဒီဂီယာက ပြောပါတယ်။

"ဒီနေရာကို ရောက်ပြီးကတည်းက ဒီအသင်းအတွက် ပွဲ ၃၅၀ ကျော် ကစားပေးနိုင်လိမ့်မယ်လို့ မထင်ခဲ့မိတာလည်း အမှန်ပါပဲ။ အခုဆိုရင် ကျနော့်အနာဂတ်ဟာ တည်ငြိမ်သွားပါပြီ။ အသင်းအတွက် အောင်မြင်မှုတွေ ရရှိဖို့ ကူညီသွားလိုပါတယ်။"

နည်းပြ ဆိုးလ်ရှားကလည်း ဒီဂီယာဟာ ကလပ်အသင်းမှာ ရေရှည်ရှိနေမယ့်အတွက် ဝမ်းသာခဲ့ပြီး အသင်းရဲ့ ဂန္တဝင်ဂိုးသမားအဖြစ် ကစားသမားဘဝအဆုံးအထိ မြင်တွေ့လိုတယ်လို့ ပြောကြားခဲ့ပါတယ်။

"မကြာသေးတဲ့ နှစ်တွေက ဒေးဗစ်ဟာ ကမ္ဘာ့အကောင်းဆုံးဂိုးသမားဖြစ်လာဖို့ သူ့ကိုယ်သူ သက်သေပြခဲ့ပြီပါပြီ။ သူဟာ ကျနော်တို့ရဲ့ စီမံကိန်းတွေရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဒေးဗစ်ဟာ လူကောင်းတစ်ယောက်ပါ။ သူ့ရဲ့ ထူးချွန်တဲ့ အရည်အသွေးက ကျနော်တို့ နောက်တန်းအတွက်တော့ ပြီးပြည့်စုံတဲ့ အထိုင်ကို ပံ့ပိုးပေးပါတယ်။"လို့ ဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။

စပိန်အသင်းအတွက် ပွဲ(၄၀) ကစားခဲ့တဲ့ ဒီဂီယာဟာ ၂၀၁၅ ခုနှစ်က ရီးယဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ သေချာလုနီးပါးအခြေအနေရှိခဲ့ပြီး အပြောင်းအရွှေ့နောက်ဆုံးရက်မှာ စာရွက်စာတမ်းပြဿနာတစ်ခုတည်းကြောင့်သာ ပျက်ပြယ်ခဲ့ရသူဖြစ်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly