တောင်တရုတ်ပင်လယ်နှင့် ပတ်သက်ပြီး တရုတ်မီဒီယာက အမေရိကန်ကို သတိပေး

တောင်တရုတ်ပင်လယ်နှင့် ပတ်သက်ပြီး တရုတ်မီဒီယာက အမေရိကန်ကို သတိပေး

ပေကျင်း၊ အောက်တိုဘာ ၁၅ ။          ။ အငြင်းပွားရေပြင်တွင် ပေကျင်းကတည်ဆောက်ထားသော လူလုပ်ကျွန်းများအနီး မကြာမီစစ်သင်္ဘောများ ဝါရှင်တန်က မကြာမီစေလွှတ်မည်ဟု မျှော်လင့်ရရာ တောင်တရုတ်ပင်လယ်တွင် စဉ်ဆက်မပြတ်ရန်စနေမှုများအတွက် တရုတ်မီဒီယာက အမေရိကန်ကို အောက်တိုဘာ ၁၅က ပြင်းထန်စွာဝေဖန်ခဲ့သည်။

အိမ်နီးချင်းနိုင်ငံအချို့ကလည်း ပိုင်ဆိုင်သည်ဟု ပြောကြားထားသည့် ဧရိယာရှိ သန္တာကျောက်တန်းများကို စစ်ရေးဆိုင်ရာကိစ္စရပ်များအတွက် ပံ့ပိုးပေးနိုင်သည့်နေရာများအဖြစ်သို့ တရုတ်က အသွင်ပြောင်း လိုက်ကတည်းက တင်းမာမှုများမြင့်မားလာခဲ့ပြီး တရုတ်၏လုပ်ရပ်မှာ လွတ်လပ်စွာမောင်းနှင်မှုကို ခြိမ်းခြောက်နေသည်ဟု အမေရိကန်က ပြောသည်။

တောင်တရုတ်ပင်လယ်အပါအဝင် နိုင်ငံတကာဥပဒေက ခွင့်ပြုထားသော မည်သည့်နေရာမဆို ဝါရှင်တန်က မိမိတို့၏ စစ်သင်္ဘောများ ဆက်လက်စေလွှတ်မည်ဖြစ်ကြောင်း အောက်တိုဘာ ၁၃ရက်က အမေရိကန်နှင့် သြစတြေးလျအရာရှိများ၏ အစည်းအဝေးတစ်ခုအပြီး အမေရိကန်ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာက ပေကျင်းကို သတိပေးခဲ့သည်။

အက်ရှ်ကာတာ၏ ပြောကြားချက်ကို သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့ကလည်း ထောက်ခံခဲ့ပြီး ၎င်းတို့နှစ်နိုင်ငံသည် ယင်းကိစ္စနှင့် ပတ်သက်၍ သဘောတူညီမှုရှိသည်ဟု ပြောကြားခဲ့သည်။

တရုတ်၏ အာဏာရကွန်မြူနစ်ပါတီနှင့် နီးစပ်သော ဂလိုဘယ်တိုင်းမ်သတင်းစာ၏ အယ်ဒီတာအာဘော်တွင် ဝါရှင်တန်၏ အဆက်မပြတ်ရန်စမှုနှင့် အကျပ်ကိုင်မှုတို့ကို ရှုတ်ချခဲ့သည်။

တရုတ်နိုင်ငံ၏ တစ်ဆက်တည်းရှိသော ကျယ်ပြန့်သောကျွန်းများ၏ ရေပြင်၊ ဝေဟင်များကို အမေရိကန်၏ ကျူးကျော်မှုအပေါ် တရုတ်ကသည်းခံရမည်မဟုတ်ဟု ရေးသားထားသည်။ ထို့အပြင် ဝါရှင်တန်၏ ရန်စမှုအတိုင်းအတာကိုလိုက်ပြီး တုံ့ပြန်ရန် တရုတ်၏စစ်တပ်က အသင့်ရှိသင့်သည်ဟုလည်း ရေးသားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly