ဒရုန်းတိုက်ခိုက်မှုဖြစ်ပြီး ဆော်ဒီသို့ ဒုံးကျည်ကာကွယ်ရေးစနစ်များ ရောင်းမည်ဟု ရုရှား ကမ်းလှမ်း

By AFP
17 September 2019
ဒရုန်းတိုက်ခိုက်မှုဖြစ်ပြီး ဆော်ဒီသို့ ဒုံးကျည်ကာကွယ်ရေးစနစ်များ ရောင်းမည်ဟု ရုရှား ကမ်းလှမ်း

စက်တင်ဘာ ၁၇ ။            ။ ရေနံချက်စက်ရုံတွေ ဒရုန်းဖြင့် တိုက်ခိုက်ခံလိုက်ရမှု ဖြစ်စဉ် ဖြစ်ပြီးနောက် ဆော်ဒီ အာရေးဗျထံသို့ ဒုံးကျည်ကာကွယ်ရေးစနစ်များ ရောင်းချပေးမည် ဆိုပြီး ရုရှားသမ္မတ ဗလာဒီမာ ပူတင်က စက်တင်ဘာ ၁၆ ရက်မှာ ကမ်းလှမ်းလိုက်ပါတယ်။

“ ဆော်ဒီ အာရေးဗျကို ကူညီဖို့ ကျွန်တော်တို့ အဆင့်သင့် ရှိနေပါတယ်၊ သူတို့အနေနဲ့ သူတို့ရဲ့ နယ်မြေပိုင်နက်ကို ကာကွယ်နိုင်ဖို့အတွက် အလို့ငှာ ကျွန်တော်တို့ ကူညီသွားပါမယ်” လို့ ပူတင်က ပြောပါတယ်။

“ S-300 ရုရှား ဒုံးကျည်စနစ်ကို ဝယ်ရာမှာ အီရန်တို့ လုပ်ခဲ့သလိုမျိုး၊ နောက်ပြီး S-400 ရုရှား ဒုံးကျည်စနစ်ကို ဝယ်ရာမှာ တူရကီတို့ လုပ်ခဲ့သလိုမျိုး ဆော်ဒီတို့အနေနဲ့ လုပ်လို့ရနိုင်ပါတယ်” ဆိုပြီး ပူတင်က တူရကီ နဲ့ အီရန် ခေါင်းဆောင်တွေနဲ့အတူ အန်ကာရာမှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောသွားပါတယ်။

ဒါဟာ ဆော်ဒီ ရေနံလုပ်ငန်း တိုက်ခိုက်ခံရမှုမှာ ၀ါရှင်တန်ဘက်က အီရန်ကို ပြစ်တင်ခဲ့ပြီးနောက်မှာ ခုလို သမ္မတ ပူတင်ရဲ့ မှတ်ချက်စကား ထွက်ပေါ်လာတာဖြစ်ပါတယ်။

ပူတင်နဲ့အတူ သတင်းစာရှင်းလင်းပွဲမှာ အီရန် သမ္မတ ဟာဆန် ရိုဟာနီကလည်း ခုလို ဆော်ဒီ တိုက်ခိုက်ခံရမှုမှာ ယီမင် သူပုန်တွေက ၎င်းတို့ကိုယ်ကိုယ် ကာကွယ်တဲ့အနေနဲ့ လုပ်ခဲ့တာလို့ ပြောသွားပါတယ်။

“ ယီမင်က နေ့စဉ် ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ ပစ်မှတ်ထားခံနေရတာပါ၊ ဒီတော့ သူတို့အနေနဲ့ သူတို့ကိုယ်သူတို့ ကာကွယ်တဲ့အနေနဲ့ လုပ်လိုက်တာပါ” လို့ ရိုဟာနီက ပြောသွားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်ကတော့ ဆော်ဒီ တိုက်ခိုက်မှု ဂယက်ကြောင့် ကမ္ဘာ့ ရေနံစျေးတွေ မြင့်တက်ထားခဲ့ပါသေးတယ်။

အလားတူ သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ခုလို ဆော်ဒီ ရေနံ အခြေခံအဆောက်အအုံတွေ တိုက်ခိုက်ခံရမှုအတွက် လက်တုန့်ပြန်ဖို့ အသင့်ပဲလို့ ပြောထားပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly