တပ်မတော်အစုအဖွဲ့က အခြေခံဥပဒေကို သီးခြားပြင်ဆင်နိုင်ရန် ကြိုးပမ်း

တပ်မတော်အစုအဖွဲ့က အခြေခံဥပဒေကို သီးခြားပြင်ဆင်နိုင်ရန် ကြိုးပမ်း

နေပြည်တော်(စက်တင်ဘာ ၁၆ရက်၊ ၂၀၁၉ခုနှစ်)။ ။ အာဏာရ NLD ပါတီ ဦးဆောင်ကာ လွှတ်တော်တွင်း ကြိုးပမ်းနေသည့် အခြေခံဥပဒေပြင်ဆင်ရေး လမ်းကြောင်းကို ဥပဒေနှင့်မညီဟုဆိုကာ ကန့်ကွက်ထားသည့် တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့က အခြေခံဥပဒေကိုပြင်ဆင်သည့် ဥပဒေမူကြမ်းတစ်ခု ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းလိုက်ပြီ ဖြစ်သည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်၊ ဗိုလ်မှူးချုပ် မောင်မောင် ဦးဆောင်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၄၄ဦး တင်ပြထားထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်ထာင်စုလွှတ်တော်နာယကက လွှတ်တော်သို့ အသိပေးတင်ပြမည် ဖြစ်ကြောင်း စက်တင်ဘာ ၁ရရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအစီအစဉ် လျာထားချက်တွင် ပါရှိသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဗိုလ်မှူးချုပ် မောင်မောင်ထံ မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ ဥပဒေမူကြမ်း တင်သွင်းထားကြောင်း အတည်ပြုသော်လည်း “လောလောဆယ်တော့ ပြောစရာ မရှိသေးဘူး။ မနက်ဖြန်ကျမှပဲ လိုအပ်ရင် ပြောမယ်လေ” ဟု စက်တင်ဘာ ၁၆ရက်၊ မွန်းလွဲပိုင်းက ပြောသည်။

အခြေခံဥပဒေကို ပြင်ဆင်လိုပါက ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ ၂ဝရာခိုင်နှုန်းက လက်မှတ်ရေးထိုး၍ ပြင်ဆင်သည့် ဥပဒေမူကြမ်းကို တင်သွင်းရမည် ဟူသော အခြေခံဥပဒေ၊ အခန်း(၁၂)ပါ ပြဌာန်းချက်အတိုင်း တပ်မတော်သားကိုယ်စားလှယ်က တင်သွင်းထားခြင်း ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်သို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း တင်သွင်းလာမှုသည် ယခုလွှတ်တော်သက်တမ်းအတွင်း တတိယအကြိမ်မြောက် ဖြစ်ပြီး ပထမအကြိမ်နှင့် ဒုတိယအကြိမ်တွင် အတိုက်အခံ ပြည်ခိုင်ဖြိုးပါတီက တင်သွင်းခဲ့ဖူးသည်။

သို့သော် အဆိုပါ ပြင်ဆင်သည့် ဥပဒေကြမ်းများကို လွှတ်တော်အမတ် ၄၅ဦးဖြင့် ဖွဲ့စည်းထားသော အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ လုပ်ငန်းစဉ်အတွင်းသာ ထည့်သွင်းဆောင်ရွက်ရန် လွှတ်တော်က ဆုံးဖြတ်ထားသည်။

ရခိုင်အမျိုးသားပါတီမှ မြေပုံမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်းက “လွှတ်တော်ကိုယ်စားလှယ် ၂ဝရာခိုင်နှုန်းက တင်လို့ရတာကိုး။ ဒါ သူတို့(တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့)ဘက်က အခွင့်အရေးကို ယူတာပါ။ ဒါပေမယ့် အရင် ဦးသိန်းထွန်းကော၊ ဒေါက်တာမောင်သင်းကော တင်ခဲ့တဲ့ ဥစ္စာတွေက ၄၅ဦးကော်မတီရဲ့ လုပ်ငန်းစဉ်ထဲမှာပဲ ထည့်သွင်းရေးဆွဲသွားမယ်လို့ လွှတ်တော်က အတည်ပြုပြီးပြီ။ ဒီဟာလည်း တင်ပြချက်လောက်ပဲ ရှိလိမ့်မယ်။ နဂိုအတိုင်းပဲ သွားလိမ့်မယ်လို့ ကျွန်တော်ကတော့ ထင်တယ်” ဟု မှတ်ချက်ပြုသည်။

အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတွင် အာဏာရ NLD အမတ် ၁၈ဦး၊ တပ်မတော်သားကိုယ်စားလှယ် ရှစ်ဦး၊ အတိုက်အခံ ပြည်ခိုင်ဖြိုး အမတ် သုံးဦး၊ ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ်က နှစ်ဦးနှင့် အခြားပါတီများနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ် တစ်ဦးစီတို့ဖြင့် ဖွဲ့စည်းထားသည်။

လက်ရှိတွင် အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အချက်ပေါင်း ၃၇၆၅ချက်ပါရှိသော အခြေခံဥပဒေပြင်ဆင်ရေး အစီရင်ခံစာကို လွှတ်တော်က အတည်ပြုပြီးနောက် ထိုပူးပေါင်းကော်မတီကပင် ဥပဒေကြမ်း ရေးဆွဲလျက် ရှိသည်။

အဆိုပါ ပူးပေါင်းကော်မတီတွင် အာဏာရ NLD ပါတီ၏ သဘောထားသာ လွှမ်းမိုးနေ၍ဟုဆိုကာ ပြီးခဲ့သည့် ရက်ပိုင်းက ကော်မတီဝင် သုံးဦး နှုတ်ထွက်သွားခဲ့သည်။

ယခုအကြိမ် တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က တင်သွင်းထားသည့် အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းတွင် မည်သည့် ပုဒ်မများ ပါဝင်သည်ကို လတ်တလော မသိရသေးပေ။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly