Vape သောက်သုံးမှုကြောင့် သေဆုံးသူဦးရေ ပိုများလာကြောင်း လေ့လာတွေ့ရှိ

Vape သောက်သုံးမှုကြောင့် သေဆုံးသူဦးရေ ပိုများလာကြောင်း လေ့လာတွေ့ရှိ

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


Vape ဆိုတာဘာလဲ။

ယနေ့ခေတ်မှာ ဆေးလိပ်အစားထိုးအဖြစ် လူငယ်တွေကြားမှာ ရေပန်းစားလာတဲ့ စီးကရက် (E-Cigarette) ဖြစ်ပါတယ်။ အရင်က ကျွန်တော်တို့သောက်နေကျ ဆေးလိပ်၊ ဆေးရွက်ကြီးတွေမှာလို အဆုတ်နဲ့ နှလုံးကို ထိခိုက်ပျက်စီးစေတဲ့ နီကိုတင်းဓာတ် (Nicotine) တွေ မပါဝင်ဘူးလို့ စျေးကွက်ထဲမှာ ဆိုထားပေမယ့် တကယ်တမ်းလုံးဝမပါဘူးလို့ သင်ထင်ပါသလား။ ဒါဆိုရင်တော့ အခုတဖြည်းဖြည်း မြင့်တက်လာတဲ့ သေဆုံးမှုဦးရေက သင်ထင်ထားတာတွေ မှားနေတယ်ဆိုတာ သက်သေပြနေပါပြီ။

Vape သောက်တဲ့အခါ အပူပေးလျှပ်စစ်ရှော့တိုက်ရတဲ့ အရည်တွေထဲမှာ နီကိုတင်းတွေသာမက တခြားလူကိုစွဲလမ်းစေတဲ့ ဓာတုဗေဒပစ္စည်းပေါင်းများစွာ ပါဝင်နေပါတယ်။ အခုနောက်ပိုင်းလေ့လာတွေ့ရှိချက်အရ ဗီတာမင် အီး အက်စီတိတ် (Vitamin E acetate) ဆိုတဲ့ ဓာတ်လည်း ပါဝင်နေတယ်ဆိုတာ သိရပါတယ်။
ဗီတာမင် အီး အက်စီတိတ် က လူတွေကို ဒုက္ခဖြစ်စေသလား။

အမှန်တကယ်က ဗီတာမင် အီးသည် လူတွေရဲ့ ကိုယ်ခန္ဓာနဲ့ အရေပြားကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုးပါ။ ပုံမှန်အားဖြင့်တော့ အစာအိမ်ထဲကနေ အာဟာရဓာတ်ကို စုပ်ယူတယ်ဆိုပေမယ့် ဒီအခြေအနေမှာတော့ ဗီတာမင် အီး အက်စီတိတ်ကို အရည်ကနေတစ်ဆင့် မီးရှို့ပြီးရလာတဲ့အငွေ့ကို အဆုတ်ကနေ ရှူရှိုက်လိုက်တာကြောင့် ဘေးဥပါဒ်ဖြစ်ရတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။ Vape သောက်ရာကနေတစ်ဆင့် ဒီဓာတ်သတ္တုတွေဟာ လူတွေကို ဘယ်လောက်ထိ ဒုက္ခဖြစ်စေနိုင်လဲဆိုတာတော့ လေ့လာနေဆဲပဲဖြစ်ပါတယ်။
Vape ကြောင့် ဘယ်သူတွေ သေဆုံးမှုအများဆုံးဖြစ်နေလဲ။

လက်ရှိအချိန်မှာ ဆယ်ကျော်သက်အရွယ်တွေနဲ့ အသက်ငယ်သေးတဲ့ လူငယ်တွေမှာ လွန်စွာအဖြစ်များနေတာကို တွေ့ရပါတယ်။ ကြော်ငြာအားကောင်းလွန်းတာရော၊ အသစ်အဆန်းမှန်သမျှ စမ်းသုံးကြည့်ချင်တဲ့အရွယ် ဖြစ်နေတဲ့ လူငယ်တွေဟာ Vape ရဲ့ သားကောင်ဖြစ်လို့ဖြစ်မှန်းမသိတဲ့ ဘဝမှာရောက်နေပါတယ်။
Vape ကို စွဲသောက်ပြီးနောက်မှာ ဘယ်လိုလက္ခဏာတွေ ပြလာလဲ။

ဆေးလိပ်စွဲတာကို ဖြတ်ဖို့ စမ်းသောက်လိုက်ကာမှ Vape ပါ ဖြတ်မရဘဲ စွဲလမ်းသွားကြတဲ့ လူငယ်တွေ ဒုနဲ့ဒေးပါပဲ။ ဆေးလိပ်လိုမျိုး အနံ့ကလည်း မနံဘဲ အမွှေးရနံ့လေးက သင်းနေတယ်။ စျေးကွက်တွေကလည်း Vape ကို အန္တရာယ်ကင်းတဲ့ ဆေးလိပ်အစားထိုးပစ္စည်းပါဆိုပြီး အင်တိုက်အားတိုက် ကြော်ငြာနေကြတော့ ပိုဆိုးကုန်တော့တာပေါ့။

များသောအားဖြင့် စွဲသောက််တဲ့လူငယ်တွေမှာ ချောင်းအပြင်းအထန်ဆိုးတာ၊ အသက်ရှူကြပ်တာ၊ အသက်ကောင်းကောင်းရှူလို့မရတော့တာ၊ အော့အန်တာ၊ မောပန်းတာ၊ ကိုယ်အလေးချိန်ကျပြီး ပိန်ချုံးလာတာ အစရှိတဲ့လက္ခဏာတွေက သုံးစွဲပြီး ရက်သတ္တပတ်အနည်းငယ်အတွင်း ပြလာတတ်ပါတယ်။ အဲ့နောက်ပိုင်းမှာတော့ စိတ်ပိုင်းဆိုင်ရာက အလွန်အမင်းတက်ကြွလျက်ရှိပြီး အန္တရာယ်များတဲ့ အပြုအမူတွေ (လူပေါင်းများစွာနဲ့ လိင်ဆက်ဆံလိုစိတ်ဖြစ်တာ၊ လိင်စိတ်ဆန္ဒ ထိန်းမရတာ၊ မူးယစ်ဆေးဝါးတွေပါ သုံးစွဲလာတာ) ကိုပါ တွေ့လာရပါတယ်။ နေ့နေ့ညည နီကိုတင်းနဲ့ တခြားအဆိပ်သင့်ဓာတ်တွေ ရှူရှိုက်မိပြီး အချိန်ကြာလာတဲ့အခါ အဆုတ်နဲ့ နှလုံးက ကောင်းစွာအလုပ်မလုပ်နိုင်တော့ဘဲ ကျန်းမာရေးထိခိုက်ကာ အသက်သေဆုံးနိုင်ခြေကို မြင့်တက်စေပါတယ်။

ဒါကြောင့် ဆေးလိပ်ပဲဖြစ်ဖြစ်၊ Vape ပဲဖြစ်ဖြစ် စမသုံးစွဲမိအောင် ကိုယ့်စိတ်ကိုယ် အသိဉာဏ်နဲ့ ထိန်းဖို့၊ သုံးမိရင်လည်း အလွန်အကျွံမဖြစ်စေဖို့၊ ကိုယ့်ကျန်းမာရေးကို သေချာဂရုစိုက်ဖို့ ထပ်ပြီး အကြံပေးလိုက်ချင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly